၂၀၁၈ ခုနှစ်အတွက် ပေးအပ်ချီးမြှင့် မည့် ရွှေခြေထောက် (Golden Foot) ဆု ဆန်ခါတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်လိုက် ပြီဖြစ်ပြီး ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင် ယန်မြူးနစ်နှင့် PSG အသင်းတို့မှ နှစ်ဦးစီဖြင့် အများဆုံးပါဝင်နေကြောင်း သိရသည်။
ရွှေခြေထောက်ဆုကို ၂၀၀၃ ခုနှစ်မှစ၍ နာမည်ကြီးဘောလုံးအေးဂျင့်ဟောင်း အန် တိုနီယိုကာလီယန်ဒိုက ပေးအပ်ချီးမြှင့်ခဲ့ပြီး အသက် ၂၈ နှစ်နှင့်အထက် သက်ရှိထင်ရှား ဘောလုံးကစားနေသူများအား ချီးမြှင့်ခြင်းဖြစ်သည်။
ဆန်ခါတင်စာရင်းတွင် ရီးယဲလ်အသင်းမှ ရာမို့စ်နှင့် ဘေးလ်၊ ဘာစီလိုနာအသင်းမှ မက်ဆီနှင့် ဆွာရက်ဇ်၊ PSG အသင်းမှ ကာဗာနီနှင့် သီယာဂိုဆေးလ်ဗား၊ ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီးနှင့် နော်ယာ၊ ဂျူဗင်တပ်စ်အသင်းမှ စီရော်နယ်လ်ဒိုနှင့် မန်စီးတီးအသင်းမှ အဂွဲရိုးတို့ ရွေးချယ်ခံထားရပြီး မဲအများဆုံးရရှိသူကို အောက်တိုဘာ ၃၀ ရက်တွင် မိုနာကိုမြို့၌ ဆုချီးမြှင့်မည်ဖြစ်သည်။
၂၀၀၃ ခုနှစ်စတင်ချီးမြှင့်ခဲ့သည့် ယင်းဆုကို ရောဘတ်တိုဘက်ဂီယို၊ နက်ဗက်၊ ရှက်ဗ်ချင်ကို၊ ရော်နယ်လ်ဒို၊ ဒယ်လ်ပီယာရို၊ ကားလို့စ်၊ ရော်နယ်လ်ဒင်ဟို၊ တော့တီ၊ ရိုင်ယန်ဂစ်၊ အီဘရာဟီမိုဗစ်၊ ဒရော့ဘာ၊ အင်နီယေစတာ၊ အီတူး၊ ဘူဖွန်၊ ကာဆီးလက်စ်တို့က နှစ်အလိုက်ရရှိခဲ့ကြသည်။
နိုင်ငံအလိုက်တွင် အီတလီကစားသမားများက (၄)ကြိမ်ဖြင့် အများဆုံးဆွတ်ခူးထားပြီး ကလပ်အသင်းတွင်မူ ဂျူဗင်တပ်စ်အသင်းက (၃)ကြိမ်ဖြင့် အများဆုံးရရှိထားသည်။
၂၀၀၉ ခုနှစ်မှစတင်ပြီး ရွှေခြေထောက်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် AIDS ရန်ပုံငွေအဖြစ် လေလံပွဲတစ်ခုကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။