ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fights 84 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် အဲမွီနှင့် ဆွန်ရက်တို့၏ တွဲဆိုင်းများပါဝင်လာ

ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fights 84 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် အဲမွီနှင့် ဆွန်ရက်တို့၏ တွဲဆိုင်းများပါဝင်လာ
Photo: ONE
Photo: ONE
Published 21 October 2024

ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fights 84 ပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် အဲမွီနှင့် ဆွန်ရက်တို့၏ တွဲဆိုင်းများ ပါဝင်လာကြောင်း သိရသည်။

ONE Friday Fights 84 ပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး Main Event အဖြစ် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာနှစ်ဦးဖြစ်သည့် ခွန်ဆက်နှင့် မာန်ထိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

မြန်မာဖိုက်တာ ဆွန်ရက်သည် ပွဲစဉ် (၄) တွင်  ဂျပန်ဖိုက်တာ ယုကီကာဆာဟာရာ နှင့်လည်းကောင်း၊ မြန်မာဖိုက်တာ အဲမွီသည် ပွဲစဉ်(၅) တွင် ဂမ်ဘီယာ/ဆွစ်ဇာလန်ဖွား အိုမာကင်တက်ရှ်နှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

မြန်မာဖိုက်တာ ဆွန်ရက်သည် အသက်(၂၇) နှစ်၊ အရပ်(၅) ပေ (၆) လက္မရှိသူဖြစ်ပြီး ONE Friday Fights ပြိုင်ပွဲတွင် (၇) ပွဲထိုးသတ်ထားရာ (၃) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ထားသည်။

ဆွန်ရက်သည် ONE Friday Fights ပြိုင်ပွဲတွင် နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားသူဖြစ်ပြီး ပြီးခဲ့သည့်မတ်လအတွင်းက ဂျပန်ဖိုက်တာ ကတ်ဆူနိုကို ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ သြဂုတ်လအတွင်းက ဗြိတိန်ဖိုက်တာ ပေါင်တင်းကို အမှတ်ဖြင့်လည်းကောင်း အနိုင်ရရှိထားခြင်းဖြစ်သည်။

ယခုတစ်ပတ်တွင် ဆွန်ရက်နှင့် ထိုးသတ်မည့် ဂျပန်ဖိုက်တာ ယုကီကာဆာဟာရာသည် အသက်(၂၃) နှစ်၊ အရပ်(၅) ပေ (၈) လက္မရှိသူဖြစ်ပြီး ONE Friday Fights  ပြိုင်ပွဲတွင် တစ်ပွဲသာထိုးသတ်ရသေးပြီး အနိုင်ရထားသည်။

ယုကီကာဆာဟာရာသည် ပြီးခဲ့သည့်ဧပြီအတွင်းက ထိုင်းဖိုက်တာ ဆင်ချိုင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရထားသည်။

ယုကီကာဆာဟာရာသည် ကစ်ဘောင်ဆင်ဖိုက်တာဖြစ်ပြီး ပွဲပေါင်း(၃၃) ပွဲ ထိုးသတ်ထားရာ ပွဲ(၃၀) နိုင်၊ (၃) ပွဲရှုံးနိမ့်ထားသည်။

ဆွန်ရက်သည် ၎င်းထက် အသက်ငယ်ရွယ်၊ ခြေတံလက်တံပိုသာ၊ ပွဲအတွေ့အကြုံပိုများသည့် ဖိုက်တာနှင့် ထိုးသတ်ရမည်ဖြစ်သောကြောင့် အနိုင်ရရန် ရုန်းကန်ရဖွယ်ရှိနေသည်။

မြန်မာဖိုက်တာ အဲမွီသည်  အသက်(၂၂) နှစ်၊ အရပ်(၅) ပေ (၆) လက္မရှိသူဖြစ်ပြီး ONE Friday Fights  ပြိုင်ပွဲတွင်တစ်ပွဲသာထိုးသတ်ရသေးပြီး အနိုင်ရထားသည်။

အဲမွီသည် ပြီးခဲ့သည့်သြဂုတ်အတွင်းက ဂျပန်ဖိုက်တာ  တာကာဇိုနိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရထားသည်။

အဲမွီသည် ONE Friday Fights ပြိုင်ပွဲတွင် တစ်ပွဲသာထိုးသတ်ရသေးသော်လည်း မြန်မာ့ရိုးရာလက်ဝှေ့တွင် ၀ါရင့်ဖိုက်တာတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့် ANS (၆၃.၅-၆၇) ကီလိုတန်း ချန်ပီယံလုပွဲတွင် ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့သူဖြစ်သည်။

အဲမွီနှင့် ထိုးသတ်မည့် အိုမာကင်တက်ရှ်သည် အသက်(၂၂) နှစ်၊ အရပ်(၅) ပေ (၈) လက္မရှိသူ ဖြစ်ပြီး ONE Friday Fights ပြိုင်ပွဲတွင် တစ်ပွဲသာထိုးသတ်ရသေးပြီး အနိုင်ရထားသည်။  

 

Most Read

Most Recent