ငြိမ်းချမ်းရေးတစ်ဆို့မှုများကို အဖြေရှာရမည့် ထိပ်သီးအစည်းအဝေး

ငြိမ်းချမ်းရေးတစ်ဆို့မှုများကို အဖြေရှာရမည့် ထိပ်သီးအစည်းအဝေး
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား တွေ့ရစဉ်
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား တွေ့ရစဉ်
Published 15 October 2018
 ဆန်းမိုးထွန်း

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များပါဝင်သည့် ထိပ်သီးအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

ထိုနေ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးခြင်း သုံးနှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေးသို့ အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

ယခု ထိပ်သီးအစည်းအဝေးသည်  ၂၀၁၈ နှင့် ၂၀၁၉ အတွင်း နောက်ထပ်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံအစည်းအဝေးသုံးကြိမ်တွင် ငြိမ်းချမ်းရေးအတွက် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများရရှိရေး ဆောင်ရွက်ရာ၌ အဆင်ပြေစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သမ္မတအိမ်တော်တွင် အောက်တိုဘာ ၅ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားသည်။

ထိပ်သီးခေါင်းဆောင်များ မတွေ့ဆုံမီ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ကြိုတင်တွေ့ဆုံ မည်ဖြစ်ပြီး နှစ်ဖက်ကိုယ်စားလှယ် များ၏ ညှိနှိုင်းမှုကို ခေါင်းဆောင်များ ဆုံးဖြတ်နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ထို့ပြင် ယင်းထိပ်သီးအစည်း အဝေးတွင် NCA လက်မှတ်ရေး ထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိစ္စကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

ယခုကဲ့သို့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပထမ ဆုံးအကြိမ်ဖြစ်သည်ဟုဆိုနိုင်ကြောင်း NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက ဆိုသည်။

“အခုတစ်ကြိမ် ဆွေးနွေးပွဲကတော့ ထိပ်သီးခေါင်းဆောင်များ အကြား တစ်နည်းအားဖြင့် ပြောရရင် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့သူတွေ ကြားမှာလုပ်တဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲလို့တောင် ပြောလို့ရပါ တယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) မှ ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက မှတ်ချက်ပြုသည်။

 

■ ထိပ်သီးအစည်းအဝေး ဖြစ်ပေါ်လာပုံ

ထိပ်သီးအစည်းအဝေး ဖြစ်ပေါ်လာခြင်း၏ မြစ်ဖျားခံရာသည် နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနေသည့် အချိန်ကာလတွင် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အမှန်တကယ်လိုအပ်နေသည့် အချက် ငါးချက်ကို NCA-s EAO ဘက်က တင်ပြခဲ့သည်။

NCA-s EAO ဘက်က တင်ပြခဲ့သည့် ထိပ်သီးခေါင်းဆောင်များအကြား အရေးတကြီးဆွေးနွေးရန် လိုအပ်နေသော အချက်ငါးချက်မှာ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများကို ဆက်လက်ကျင်းပနိုင်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးသားတန်းတူရေး လူမျိုးစုအခွင့်အရေး ပြည်နယ်ဖွဲ့စည်းမှုစသော ဖက်ဒရယ်မူများ ချမှတ်နိုင်ရေးကိစ္စ၊ ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှန်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှု ပုံစံများရှာဖွေရေးကိစ္စ၊ အလုပ်အဖွဲ့များ၊ ကော်မတီများဖြင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စများကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆုံးဖြတ်နိုင်ရေးကိစ္စနှင့် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိစ္စများပင်ဖြစ်သည်။

NCA-s EAO ဘက်က တင်ပြမှုအပေါ် အစိုးရနှင့် တပ်မတော်က တွေ့ဆုံရန် အချိန်ကျပြီဟု ယူဆလာ သည့်အတွက် ယခုကဲ့သို့ ထိပ်သီးအစည်းအဝေး ပေါ်ပေါက်လာခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

 

■ ဘာတွေတစ်ဆို့နေသလဲ

ပြီးစီးခဲ့သည့် ပြည်ထောင်စု ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးသုံးကြိမ်တွင် အစိုးရနှင့် NCA-s EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် သဘောတူညီချက် ၅၁ ချက် ရရှိခဲ့သော်လည်း အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများမှာ ပါဝင်လာခြင်း မရှိသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဘဝင်မကျ ဖြစ်နေသည်။

၂၀၁၇ မေလကုန်ပိုင်းတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ညီလာခံတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပိုင်ခွင့်စသော ခွဲမထွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် အစိုးရနှင့် တိုင်းရင်းသားများအကြား  သဘောတူညီမှု ရရှိခဲ့သည်။

သို့သော် ယင်းအချက်များကို ယခုနှစ် ဇူလိုင်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ညီလာခံ၌ ဆက် လက်ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

“တစ်ဆို့မှုတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီလို တစ်ဆို့မှုတွေကို မဖြေရှင်းရင်တော့ ရှေ့ကို သွားမယ့် ခရီးလမ်းမှာ အထစ်အငေါ့တွေ ဖြစ်မယ်လို့ ကျွန်မတို့ EAO ဘက်က မြင်ကြတယ်။ အဲဒါကြောင့်မိုလို့ အစိုးရနဲ့ EAO ခေါင်းဆောင်တွေကြားမှာ တွေ့ဖို့လိုတယ် ဆိုပြီးတော့ ကမ်းလှမ်းချက်တွေ ပေးလိုက်တယ်။ အဲဒီလို ကြိုးစားမှုတွေအပေါ်မှာ မူတည်ပြီး အစိုးရဘက်က ပြန်ပြီး EAO ကို ကမ်းလှမ်းလာတယ်။ အဲဒါကြောင့် တစ်ဆို့နေတဲ့ အချက်တွေကို ဖြေရှင်းဖို့က အထူးသဖြင့်ပြောမယ်ဆိုလို့ ရှိရင် ခွဲမထွက်ရဆိုတဲ့ကိစ္စတွေ ပါ တယ်။ ပြီးရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ်လောက်အထိ တိုင်းရင်းသားတွေက လိုချင် နေတာလဲ။ တိုင်းရင်းသားတွေဘက်ကလည်း သေချာဖို့လိုတယ်။ ဒီလိုပဲ အစိုးရဘက်ကလည်း တိုင်းရင်းသား တွေရဲ့ လိုလားချက်အပေါ် ဘယ်လောက်အထိ ပေးနိုင်မလဲ။ ဥပမာ တစ်ခုတည်းသော တပ်မတော်ထား ရှိရေးကိစ္စ။ အဲဒါက ပြည်ထောင်စု တပ်မတော်ထားရှိရေးဆိုတာက မူအရရှိတယ်။ အဲဒါကို သိပ်ပြီးတော့ အငြင်းပွားနေစရာ မလိုဘူး။ တိုင်းရင်းသားနယ်မြေတွေမှာ ရှိနေတဲ့ တပ်တွေကို ဘယ်လို နေရာချထား မလဲဆိုတာ စဉ်စားဖို့အချက်တွေ လိုလာတယ်။ ထိုနည်းလည်းကောင်း အပစ်အခတ်ရပ်စဲရေးကို ဘယ်လို ခိုင်မာအောင် လုပ်မလဲ။ ကြားကာလ အစီအစဉ်တွေကို ဘယ်လို စီစဉ်ဆောင်ရွက်မလဲ။ အားလုံးမပြီးသေး တဲ့ ကာလမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ကိုယ့်နယ်မြေမှာ အလုပ်လုပ်ဖို့က လိုတယ်။ အဲဒီတော့ ကိစ္စတွေက တော်တော်များများရှိပါတယ်” ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) မှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ဆိုသည်။

NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံအစည်း အဝေးကို သုံးကြိမ်အထိ ကျင်းပပြီးသော်လည်း ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်၊ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များနှင့် တိုက်ရိုက်ဆိုင်သည့် ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာကိစ္စများသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြားတွင် ဆက်လက်ညှိနှိုင်းရန် တစ်ဆို့နေခဲ့သည်။

အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၈ ခုနစ်အတွင်း တစ်ကြိမ်နှင့် ၂၀၁၉ ခုနစ်အတွင်း နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်ကျင်းပရန် ရည်မှန်းထားပြီး  ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကို ချမှတ်နိုင်ရန် မျှော်မှန်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကလည်း နောင်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံများတွင် အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့အကြား တစ်ဆို့နေသည့် ကိစ္စရပ်များကို ဆုံးဖြတ် ချက်ချမှတ်နိုင်ရန် လိုလားလျက်ရှိသည်။

“ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဆွေးနွေးဖို့ သဘောတူထားတယ်။ ဒီဆွေးနွေးပွဲမှာ ထိပ်သီးခေါင်းဆောင်တွေကတော့ ဆွေးနွေးရမယ့်မူတွေပဲ ချမယ်ထင်တယ်။ အသေးစိတ်ကတော့ မရနိုင်ဘူး။ အသေးစိတ်ကို အောက်ခြေက သက်ဆိုင်ရာကော်မတီတွေ ဖွဲ့ပြီး တော့ ဆက်လက်ဆွေးနွေးရမယ့် အနေအထားရှိတယ်။ ဆွေးနွေးနိုင်မယ်လို့တော့ ကျွန်တော်တို့ မျှော်လင့်တယ်။ ၂၀၁၉ အထိတော့ ပြတ်ဖို့က နည်းနည်းခက်မယ်။ ဘာလို့ဆိုတော့  ကျွန်တော်တို့ EAO က အဖွဲ့ ၂၀ လောက်ရှိတယ်။ NCA အဝန်း အဝိုင်းထဲ မဝင်လာသေးတဲ့ တခြားညီနောင်အဖွဲ့တွေလည်း ရှိနေတယ်။ သဘောက ကျွန်တော်တို့ ၁၀ ဖွဲ့တည်း ရဲ့ သဘောထားနဲ့ သွားလို့မရဘူး။ ကျန်တဲ့ ညီနောင်တွေရဲ့ သဘောထားလည်း ပါဖို့လိုတယ်။ အဲဒါက သိပ်အရေးကြီးတယ်။ ဒါကြောင့် ဒီ ဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့  ခေါင်းစဉ်တစ်ခုပါတယ်။ အဲဒါလည်း NCA အဝန်းအဝိုင်းထဲကို မလာနိုင်သေးတဲ့ ကျွန်တော်တို့ ညီနောင်အဖွဲ့ တွေ ပါဝင်လာနိုင်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

 

■ ပုပ္ပားမှ နေပြည်တော်သို့

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရရှိရေး ဆွေးနွေးမည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ပုပ္ပားဒေသ၌ ငါးရက်ကြာကျင်းပရန် သတ်မှတ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပချိန်သည် NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်ချိန်ဖြစ်၍ အနှစ်သာရရှိသည့် ပုံစံဖော်ဆောင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပုပ္ပားထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့စလုံးမှ ခေါင်းဆောင်များ တက်ရောက်ပေးရန် ဆွေးနွေးထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

အစိုးရဘက်က ထိပ်သီးအစည်းအဝေးကို  NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့စလုံးမှ ခေါင်းဆောင်များ တက်ရောက်ပေးရန် ဆွေးနွေးထားသည်ဟု ဆိုသော်လည်း ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က အစိုးရ  သတ်မှတ်ထားသည့်ရက်တွင် တွေ့ဆုံနိုင်ရန် မသေချာသည့်အနေအထားတွင် ရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် NCA စာချုပ်၌ လက်မှတ်ထိုးခဲ့သည့် RCSS သည် တပ်မတော်နှင့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် နှစ်ဖက်အကြား အငြင်းပွားမှုများရှိခဲ့သည်။ တိုက်ပွဲများရပ်တန့်ရေးအတွက် အောက်ခြေအဆင့်တပ်များ တွေ့ဆုံရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) က ဆုံးဖြတ်ထားသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ (JMC-S) သည် NCA စာချုပ်ပါ အချက်အလက်များအပေါ် လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိကြောင်း RCSS က အောက်တိုဘာ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများအား ကန့်ကွက်ရှုတ်ချပြီး JMC- S တွင် သမာသမတ်ကျခြင်း၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုမရှိပါက ရှေ့ဆက် ကျင်းပမည့်JMC-U အစည်းအဝေး များတွင် တက်ရောက်ရေးကို ပြန်လည် စဉ်းစားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်အမျိုးသား အစည်း အရုံး (KNU) ကလည်း အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တွင်  ဗဟို အမြဲ တမ်းကော်မတီအစည်းအဝေး ပြုလုပ်၍ ကြေညာထုတ်ပြန်ခဲ့သည်။

ကြေညာချက်ထဲတွင် ထိပ်သီးဆွေးနွေးပွဲကို ကြိုဆိုထောက်ခံကြောင်းနှင့် ရလဒ်ကောင်းများရရှိရေး ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် လိုအပ်နေသေး၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်မည့်ရက်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးလိုကြောင်း ပါရှိသည်။

တစ်ခုတည်းသော တပ်မတော်ကို လက်ခံရန် တောင်းဆိုသည့်ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စ၊ NCA အကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် NCA အပေါ် မတူညီသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များကိစ္စတို့ အတွက် ပြင်ဆင်ရန် အချိန်လိုအပ်နေသေးသည်ဟု KNU က ဆိုသည်။

“ကျွန်တော်တို့ အဓိကကတော့ လူကြီးတွေရဲ့ ပြင်ဆင်မှုကို ကောင်းကောင်းလိုအပ်တယ်လေ။နောက်ပြီးတော့ တစ်ဆို့မှုဆိုတဲ့ အပိုင်းမှာလည်း နှစ်ဖက်အယူအဆ ကွာဟနေတဲ့အတွက်ကြောင့်ပေ့ါနော်။ဒါကိုလည်း ကျွန်တော်တို့ ညှိနှိုင်းဖို့ လိုနေသေးတယ်။ ဆိုတော့ အပြန်အလှန် ညှိနှိုင်းမှုတွေတော့ ရှိမှာပေါ့။ကျွန်တော်တို့ သဘောထားကတော့ (ထိပ်သီးအစည်းအဝေး ပြုလုပ်မယ့်ရက်ကို) PPST မှာပဲ ပြန်ပြီးတော့ ညှိနှိုင်းမှာပါ။ ဘယ်ရက်က အဆင်ပြေမလဲ ဆိုတာကတော့ လူကြီးတွေရဲ့ ပြင်ဆင်မှုအပေါ်မှာပဲ မူတည်ပါလိမ့်မယ်}}ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

ထို့ပြင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်ရန် NCA မထိုးရသေးသောအဖွဲ့များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်မည့် အခင်းအကျင်းများ ဖန်တီးပေးရမည်ဟု KNU က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သမ္မတအိမ်တော်တွင် အောက်တိုဘာ  ၅ ရက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက “ဘာကြောင့်လဲဆိုတော့ ဒီလိုဆွေးနွေးပွဲ တစ်ခါမှ မရှိဖူးဘူး။ မရှိတဲ့အတွက် တကယ့်နိုင်ငံရေး စိတ်ရင်းစေတနာ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး စိတ်ရင်းစေတနာ ဘယ်လောက်ရှိ လဲ၊ မရှိလဲဆိုတာ ဒီပွဲကို တက်ခြင်း၊ မတက်ခြင်းက အရေးကြီးတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲ မတက်သည့် ခေါင်းဆောင်များအနေဖြင့် အဘယ်ကြောင့် မတက်ရောက်နိုင်သည်ကို ပြည်သူအား အကြောင်းပြချက်ပေးရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

“တက်မယ်ဆိုရင်တော့ တစ်ဆို့နေတာတွေ ပျောက်မယ်။ မတက်ဘဲနဲ့ ရှောင်နေမယ်ဆိုရင်တော့ ပျောက်ဖို့ခက်တယ်။ ခက်တယ်ဆိုတော့ တကယ့်ငြိမ်းချမ်းရေးကို လိုလားသလား၊ မလိုလားဘူးလား ဆိုတာ ကတော့ ဒီအစည်းအဝေး တက်ခြင်း၊ မတက်ခြင်းနဲ့ ဆိုင်လိမ့်မယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က လိုလားခဲ့သော်လည်း အစိုးရကမူ သတ်မှတ်ထားသည့် အောက်တိုဘာ ၁၅ ရက်တွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ပုပ္ပားဒေသတွင် ပြုလုပ်ရန် လျာထားသည့် ထိပ်သီးဆွေးနွေးပွဲ ကို အစိုးရအဆိုပြုထားသည့် ရက်အတိုင်း တက်ရောက်နိုင်ခြင်း ရှိ၊ မရှိ နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက် တွင် ပြုလုပ်ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ထဲတွင် ပုပ္ပားဒေသတွင်ပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်သို့ ပြောင်းရွှေ့ပြုလုပ်ရန် ဆုံးဖြတ်သည်ဟု ပါရှိသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၌ ဖြစ်ပေါ်နေသော တစ်ဆို့မှုများအား ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များအကြား အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေး အဖြေရှာသွားနိုင်ရန် ၂၀၁၈ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပရန် PPST အစည်းအဝေးက သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အစိုးရဘက်ကတော့ ပြင်ဆင်မှုကတော့ ပုပ္ပားလို့ ပြောတယ်။ ဒါပေမဲ့ကျွန်တော်တို့ဘက်က စဉ်းစားချက်က ဘာလဲဆိုရင် ပုပ္ပားထက်စာရင် ကျယ်ကျယ်ဝန်းဝန်းလည်း ရှိမယ်။ကျွန်တော်တို့ အားလုံး ဆွေးနွေးတိုင်ပင် အပြန်ပြန်အလှန်လှန် ညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းမျိုးက ရန်ကုန်မြို့က ပိုပြီးသင့်တော်တယ်လို့ ကျွန်တော်တို့ဘက်က ထပ်ပြီး အဆိုပြုတယ်။ဒါပေမဲ့ နောက်ဆုံး ဆက်လက်ပြီးတော့ ညှိတဲ့အခါမှာတော့ နေပြည်တော်ဟာ ပိုပြီးတော့ အစိုးရရော၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ရော လက်လှမ်းမီနိုင်တယ်။ ကျွန်တော်တို့အတွက်ကလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေနိုင်တယ်ဆိုတဲ့အတွက် နေရာက ဘာလဲဆိုရင် နေပြည်တော်ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်”  ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ဆိုသည်။

■ ဘာတွေ မျှော်လင့်နေကြသလဲ

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်သည့် ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တစ်ဆို့နေသည့် အကြောင်းအရာများကို ဆွေးနွေး အဖြေရှာနိုင်မည်ဟု NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မျှော်လင့်နေသည်။

ထိပ်သီးအစည်းအဝေးတွင် အမြင့်ဆုံး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာ၌ ဆုံးဖြတ်ချက်ပေးနိုင်သည့် ပုံစံမျိုးဖြစ်နေသည့်အတွက် နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်ဆို့နေမှုများကို ဖြေရှင်းနိုင်မည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) မှ ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဆိုသည်။

“ဒီ ထိပ်သီးအစည်းအဝေးက အလွတ်သဘော  ဆွေးနွေးမှုဆိုတဲ့နေရာမှာ ကိုယ်စားလှယ်တွေကြားမှာပဲ ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့ အမြင့်ဆုံးခေါင်းဆောင်တွေကြားမှာ ဆွေးနွေးကြမယ်။ ဆုံးဖြတ်ချက်ချမယ့် ပုံစံမျိုးဖြစ်တဲ့အတွက် ဒီဆွေးနွေးမှုမျိုးကို ဒီတစ်ပွဲတည်းတင် မကဘူး။ နောက်ဒီလိုပွဲတွေကို ကျွန်တော်တို့ စဉ်ဆက်မပြတ် ပြုလုပ်သွားခြင်းအားဖြင့် တိုင်းပြည်ရဲ့ ပြဿနာလည်း ပိုပြီးတော့ ဖြေရှင်းနိုင်မယ်။ ငြိမ်းချမ်းရေးအတွက်လည်း ပိုပြီးတော့ အ ထောက်အကူပြုမယ်။ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ မူတွေလည်း ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးခွန်မြင့်ထွန်းက ပြော ကြားသည်။

သို့သော် ယင်းထိပ်သီးအစည်းအဝေးသည် နိုင်ငံရေးဆိုင်ရာ လမ်းညွှန်မှုသာ ချမှနိုင်မည်ဖြစ်ပြီး ရရှိ လာသည့်မူများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက မှတ်ချက်ပြုသည်။

“ဒီထိပ်သီးဆွေးနွေးပွဲ အဆင့်က နိုင်ငံရေးဆိုင်ရာ လမ်းညွှန်မှုလောက်ပဲ ချပေးနိုင်တဲ့ အနေအထား ဖြစ်တယ်။ အသေးစိတ်မူတွေ ဆွေးနွေးမယ့် အနေအထားမျိုးတော့ မဟုတ်ဘူး။ ဒီထိပ်သီးကနေ ချပေးလိုက်တဲ့ မူတွေအပေါ်မှာ အခြေခံပြီးတော့ UPDJC အနေနဲ့ အဆင့်ဆင့် အလုပ်တွေ ဆက်လုပ်ပြီး ဖော်ဆောင်သွားရမှာ ဖြစ်တယ်။ အဲဒီလို မူတွေချမှတ်နိုင်ဖို့ ဒီထိပ်သီးအစည်း အဝေးက လမ်းညွှန်မှုပဲ ချပေးနိုင်ပါလိမ့်မယ်” ဟု ရဲဘော်မျိုးဝင်းက ဆိုသည်။

ယခုပြုလုပ်မည့် ထိပ်သီးအစည်းအဝေးသည် နိုင်ငံရေးဆွေးနွေးမှုပုံစံကို ဒီဇိုင်းပြောင်းရန် စတင်လှမ်းလိုက်သည့် ခြေလှမ်းဖြစ်နိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

“ဒီထိပ်သီးအစည်းအဝေးက နိုင်ငံရေးဆွေးနွေးမှုပုံစံကို ဒီဇိုင်းပြောင်းဖို့ ခြေလှမ်းအစဖြစ်လာနိုင်တယ်။ အခုက ထိပ်သီးတွေကနေတစ်ဆင့် ခေါင်းစဉ်ဖြစ်ဖြစ်၊ မူဖြစ်ဖြစ် တစ်ခုခု ရလာမယ်။ အဲဒီရလာတဲ့ဟာကို လူထုကို ပြန်ချပြမဲ့ အနေအထားရှိတယ်။ နောက်ပိုင်းကျရင် မူဘောင်တွေကို ပြန်လည်သုံးသပ်မဲ့ အစည်းအဝေးတွေရှိမယ်။ ဒါကြောင့်မိုလို့ ဆွေးနွေးမှုတွေကို ဘယ်လိုဆက်လုပ်မယ်ဆိုတာက သီးသန့်ထွက်လာ မယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ယင်းထိပ်သီးအစည်းအဝေး တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တစ်ဆို့နေသည့်ကိစ္စများကို ဆွေးနွေးအဖြေရှာနိုင်ရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များက မျှော်လင့်နေ သကဲ့သို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း ထောက်ခံမှု ရှိခဲ့သည်။

‘ဝ’ အဖွဲ့ ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု လူသိများသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကလည်း အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကို FPNCC အနေဖြင့် ထောက်ခံပြီး ယင်းဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ရလဒ်များရရှိရန် မျှော်လင့်သည်ဟု FPNCC က ဆိုသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် ငြိမ်းချမ်းရေးဦး တည်ချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပါက FPNCC အနေဖြင့် NCA အပါအဝင် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည့် မည်သည့်လမ်းကြောင်းမျိုးကိုမဆို ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှအား အစဉ်အမြဲထောက်ခံကြောင်းနှင့် FPNCC အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးကို ထိထိ ရောက်ရောက် ဖော်ဆောင်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော်တို့နှင့် သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ညှိနှိုင်းကျင်းပဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်မှ စတင် ကျင်းပမည်ဖြစ်သော်လည်း လက်ရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြားတွင် အပေါင်းလက္ခဏာဆောင်သည့် အရိပ်အယောင်များကို တွေ့မြင်နေရသည်။

နေပြည်တော်တွင် ငါးရက်တာ ကျင်းပမည့် ထိပ်သီးအစည်းအဝေးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်ဆို့နေသည့် ကိစ္စရပ်များကို ခေါင်းဆောင်များက ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်ခဲ့မည်ဆိုလျှင် အစိုးရ မျှော်မှန်းထားသည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများကို ချမှတ်မည့် မျှော်မှန်းချက်သည် ပြည့်ဝမည်ဖြစ်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ယုံ ကြည်မှုကို တိုးချဲ့တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် တစ်ချက်နှစ်ချက်ပြတ်နိုင်မည့်  အနေအထားမျိုးတွင် ရှိနေသည်။

ထို့ကြောင့် အောက်တိုဘာ ၁၅ ရက်တွင် စတင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၌ တစ်ဆို့နေသည့် ကိစ္စရပ်များအား မည်မျှအထိ  ဖယ်ရှားရှင်းလင်းနိုင်မည်ဆိုသည့်အပေါ် ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

“ကျွန်မတစ်ယောက်တည်းရဲ့ အမြင်ကတော့ နှစ်ဖက်စလုံးကသာ စေတနာမှန်ရင် ၂၀၁၉ မှာ ရနိုင်တယ်။ စေတနာမှန်ဖို့ပဲလိုတယ်။ တကယ့်ကို ရနိုင်လောက်တဲ့အနေအထား ရှိတယ်လို့ မျှော်လင့်တယ်။ ပွင့်လင်းဖို့ အရေးကြီးတယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း ဘာလိုသလဲ။ ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်မလဲ။ တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကရော တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေအပေါ်မှာ ဘယ်လောက်အထိ နားလည်ပေးနိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို နှစ်ဖက်စလုံးက အပေးအယူလုပ်ရမှာပေါ့။ Win Win ပေါ်လစီကို ကျွန်မတို့ ကျင့်သုံးဖို့ လိုအပ်တယ်။ နှစ်ဖက်စလုံးက သာတူညီမျှအရေးကို လုပ်ရ မှာဖြစ်တယ်” ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာ ဇာလင်းက ဆိုသည်။

Most Read

Most Recent