ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်၌ စိန်ခေါ်သူအသင်းကြီး(၄)သင်း ပြီးခဲ့သည့်ရာသီကထက် ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်ကို ပြသ

ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်၌ စိန်ခေါ်သူအသင်းကြီး(၄)သင်း ပြီးခဲ့သည့်ရာသီကထက် ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်ကို ပြသ
Published 14 October 2018

 

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲကစားပြီးချိန်၌ ချန်ပီယံမန်စီးတီးအသင်းကို စိန်ခေါ်သည့် ပြိုင်ဘက်အသင်းကြီး(၄)သင်းမှာ ပြီးခဲ့သည့်ရာသီကထက် ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်ကို ပြသလျက်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ဦးဆောင်လျက်ရှိနေသော်လည်း ပြီးခဲ့သည့်ရာသီ ပွဲစဉ် (၈)ပွဲကစားပြီးချိန်က စွမ်းဆောင်ရည်ထက် အနည်းငယ်လျော့ပါးသွားပြီး အဆင့်(၂၊ ၃၊ ၄၊ ၅)နေရာ တွင် ရပ်တည်နေသော ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးအသင်းများမှာ ပြီးခဲ့သည့်ရာသီ ပွဲစဉ် (၈)ပွဲကစားပြီးချိန်စွမ်းဆောင်ရည်ထက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် အဆင့် (၅)နေရာမှ စပါးအသင်းတို့အကြား ရမှတ်ကွာဟမှုမှာ (၂)မှတ်သာရှိရာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုအပြင်းထန် ဆုံးရာသီဖြစ်လာဖွယ်ရှိသည်ဟု Daily Mail  သတင်းစာက သုံးသပ်ခဲ့သည်။

မန်စီးတီးအသင်းမှာ ပြီးခဲ့သည့်ရာသီက (၈)ပွဲ ကစားပြီးချိန်တွင် သွင်းဂိုး (၂၉)ဂိုးဖြင့် ရမှတ်(၂၂)မှတ် အထိ ရရှိခဲ့သော်လည်း ယခုရာသီတွင် သွင်းဂိုး (၂၁)ဂိုး သာ သွင်းယူနိုင်ကာ ရမှတ်မှာလည်း (၂၀)မှတ်သာ ရရှိခဲ့သည်။ ကျန်ပရီးမီးယားလိဂ်အသင်းကြီး (၄)သင်းမှာ သွင်းဂိုး၊ ရမှတ်များတွင် ပြီးခဲ့သည့်ရာသီကထက် မှတ်တမ်းပိုမိုကောင်းမွန်လာကြသည်ကို တွေ့ရမည် ဖြစ်သည်။

Daily Mail  သတင်းစာက အမှတ်ပေး ဇယားထိပ်ဆုံးတွင် ရပ်တည်နေသော အသင်းကြီး (၅) သင်း၏ ယခုရာသီ အခြားစွမ်းဆောင်ရည်မှတ်တမ်းများကိုလည်း ဖော်ပြခဲ့ပြီး၊ ယခုရာသီတွင် ရုန်းကန်နေရသော မော်ရင်ဟို၏ မန်ယူအသင်းကိုလည်း သုံးသပ်ခဲ့ သည်။မန်ယူအသင်းသည် အမှတ်ပေးဇယား အဆင့် (၈)နေရာတွင် ရမှတ်(၁၃)မှတ်ဖြင့် ရပ်တည်လျက်ရှိနေပြီး သွင်းဂိုးထက် ပေးဂိုးပိုများနေသဖြင့် ဂိုးကွာခြား ချက်မှာ (-၁) ပင်ဖြစ်လျက်ရှိနေသည်။

မန်ယူအသင်း၏ တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်အနေဖြင့် ဗြိတိန်လစာငွေအများဆုံးဘောလုံးသမား ဖြစ်သည်နှင့်အညီ ယခုထက် ပိုမိုခြေစွမ်းပြသင့်ကြောင်း၊ ပြီးခဲ့သည့်နွေရာသီက ထိပ်တန်းနောက်ခံလူတစ်ဦး မခေါ်ယူနိုင်ခဲ့သည့် မော်ရင်ဟိုမှာ နောက်တန်း၏ ဒုက္ခပေးမှုကို ခံနေရကြောင်း Daily Mail  က ဖော်ပြခဲ့သည်။ ထို့ပြင် ယခုရာသီ၌ မော်ရင်ဟို၏ မန်ယူအသင်းထက် ဂိုးပိုပေးရသည့်အသင်းမှာလည်း ကာဒစ်ဖ် (၁၇ ဂိုး)၊ ဟတ်ဒါဖီးလ် (၁၇ ဂိုး)၊ ဖူလ်ဟမ် (၂၁ ဂိုး) အသင်းများသာရှိကြောင်း Daily Mail  က ဖော်ပြခဲ့သည်။

Most Read

Most Recent