ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီကုန်က အာဆင်နယ်အသင်းနည်းပြရာထူးမှ အနားယူသွားသော အာစင်ဝင်းဂါးကို ဂျာမန် နောက်ခံလူ မာတီဆက်ကာ ဂုဏ်ပြုအမှတ်တရပွဲတွင် နည်းပြအဖြစ် ပြန်လည်တွေ့မြင် ရမည်ဖြစ်ကြောင်း သိရှိရသည်။
အာဆင်နယ်နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ မာတီဆက်ကာသည် ပြီးခဲ့သည့်ရာသီကုန်က ဘောလုံးကစားခြင်းမှ အနားယူသွားပြီး လက်ရှိတွင် အာဆင်နယ်အသင်း အကယ်ဒမီ၌ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက် လျက် ရှိနေသည်။
ဂျာမန်ကလပ် ဟန်နိုဗာအသင်း၌ လူငယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သူ မာတီဆက်ကာအား ဂုဏ်ပြုသည့် အမှတ်တရပွဲကို ဟန်နိုဗာအသင်း၏ HDI Arena ကွင်း၌ ကျင်းပရန် စီစဉ်လျက်ရှိနေပြီး နာမည် ကျော်ကစားသမားများပါဝင်သည့် "World XI" အသင်းနှင့် မာတီဆက်ကာ၏ အသင်း ဖော်ဟောင်း သူငယ်ချင်းများ ပါဝင်သော "Mertesacker's Hannover 96 Friends" အသင်း တို့ ကစားသွားမည်ဖြစ်သည်။
ယင်းပွဲတွင် World XI အသင်းကို အာစင်ဝင်းဂါးက နည်းပြအဖြစ် တာဝန်ယူကိုင် တွယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မာတီဆက်ကာ ပါဝင်ကစားမည့် Mertesacker's Hannover 96 Friends အသင်း၌ ၎င်း၏ အသင်းဖော်ဟောင်းများဖြစ်ကြသည့် ဝေါလ်ကော့၊ ပီတာချက်၊ မိုက်ကယ်ဘောလက်တို့ ပါဝင်ကစားမည်ဖြစ်ပြီး World XI အသင်း ၌ ကလိုဆေး၊ ကလော်ဒီယိုပစ်ဇာရို အစရှိသည့် နာမည်ကျော်များ ပါဝင်ကစားမည်ဖြစ် ကြောင်း သိရသည်။