ကစားသမားဘဝစတင်ခဲ့သည့် မိုနာကိုအသင်းကို ကိုင်တွယ်ခွင့်ရ၍ အွန်နရီ ပျော်ရွှင်

ကစားသမားဘဝစတင်ခဲ့သည့် မိုနာကိုအသင်းကို ကိုင်တွယ်ခွင့်ရ၍ အွန်နရီ ပျော်ရွှင်
Published 14 October 2018

 

မိုနာကိုအသင်းနည်းပြသစ် အွန်နရီက ကစားသမားဘဝကို စတင်ခဲ့သည့် မိုနာကိုအသင်းနှင့်အတူ နည်းပြဘဝကို စတင်ခွင့်ရခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။

မိုနာကိုအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားမှုကြောင့် နည်းပြ ယာဒင်းကိုရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းကစားသမားဟောင်း အွန်နရီကို (၃)နှစ်စာချုပ်ဖြင့် နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အသက် (၄၁)နှစ်အရွယ်ရှိ အွန်နရီသည် လီဂူးပြိုင်ပွဲ နည်းပြဘဝစတင်ခဲ့သည့် ၁၉၉၈ကမ္ဘာ့ဖလားရ (၄)ဦးမြောက် ပြင်သစ်အသင်းကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ အွန်နရီသည် ၁၉၉၄ ခုနှစ် သြဂုတ် လ (၃၁)တွင် မိုနာကိုအသင်းနှင့် ပရိုကစားသမားဘဝကိုစတင်ခဲ့ပြီး အသင်းတွင် (၅)ရာသီ ကြာ ကစားခဲ့သူ ဖြစ်သည်။

အွန်နရီက "မိုနာကိုအသင်းရဲ့ နည်းပြအဖြစ် ကြေညာခံခဲ့ရတာဟာ အရမ်းကို ဂုဏ်ယူစရာကောင်းပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ ကျွန်တော့်အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုအချို့ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မိုနာကိုအသင်းက ကျွန်တော့်နှလုံးသားထဲမှာ ရှိနေခဲ့တာပါ။ ဘောလုံးသမားဘဝကို ဒီအသင်းမှာ စတင်ခဲ့တယ်။ အခုနည်းပြဘဝကိုလည်း ဒီအသင်းမှာပဲ စတင်ရမယ်ဆိုတော့ ဒါက ကံကြမ္မာကြောင့်လို့ ပြောနိုင်ပါတယ်။ ဒီလိုမျိုးအခွင့်အရေးရရှိခဲ့တဲ့အတွက် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားမိပါတယ်။ အခုကစပြီး အခက်အခဲတွေ စတင်ပါတော့မယ်"ဟု ၎င်းင်း၏ Twitter တွင် ရေးသားခဲ့သည်။ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက အွန်နရီအနေဖြင့် မိုနာကိုအသင်းတွင် အောင်မြင်မည်ဟု ပြောကြားခဲ့သည်။