NLD အစိုးရလက်ထက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မျှော်မှန်းထားသလောက် မဖြစ်ခဲ့ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိအစိုးရတွင် အုပ်ချုပ်ရေးနှစ်ရပ်ပုံစံ ဖြစ်နေပြီး အဆိုပါပုံစံသည် မဖြစ်သင့်ကြောင်း လူ့ဘောင်သစ်ပါတီ ကြေညာချက်ထုတ်ပြန်

NLD အစိုးရလက်ထက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မျှော်မှန်းထားသလောက် မဖြစ်ခဲ့ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိအစိုးရတွင် အုပ်ချုပ်ရေးနှစ်ရပ်ပုံစံ ဖြစ်နေပြီး အဆိုပါပုံစံသည် မဖြစ်သင့်ကြောင်း လူ့ဘောင်သစ်ပါတီ ကြေညာချက်ထုတ်ပြန်
လူ့ဘောင်သစ်ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်စဉ်
လူ့ဘောင်သစ်ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်စဉ်
Published 14 October 2018
မင်းနိုင်စိုး၊ ဉာဏ်လင်းဟိန်း

NLD အစိုးရလက်ထက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မျှော်မှန်းထားသလောက် မဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည် ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိအစိုးရတွင် အုပ်ချုပ်ရေးနှစ်ရပ်ပုံစံကဲ့သို့ ဖြစ်နေကြောင်းနှင့် ထိုသို့သော အုပ်ချုပ်ရေးနှစ်ရပ် ပုံစံသည် မဖြစ်သင့်ကြောင်း လူ့ဘောင်သစ်ပါတီက ကြေညာချက် ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်သည် လူ့ဘောင်သစ်ပါတီ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ် ပြီး ၎င်းတို့၏ နှစ် ၃၀ ပြည့် သဘောထားကြေညာချက်တွင် ထိုသို့ထည့်သွင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် လွတ်လပ်စွာ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်များအပေါ် တင်းကျပ်ကန့်သတ်မှုများ ရှိလာပြီး အစိုးရကို ဝေဖန်သည့်  တက်ကြွလှုပ်ရှားသူများ၊ မီဒီယာများ၊ သတင်းထောက်များကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု စသည့် ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချမှုများ ရှိလာကာ အစိုးရကို ဝေဖန်နေသူများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အား ကန့်သတ်တားဆီး သကဲ့သို့ ဖြစ်နေကြောင်းနှင့် ပါးစပ်ပိတ်အောင် လုပ်ဆောင်သကဲ့သို့ ဖြစ်နေကြောင်း လူ့ဘောင်သစ်ပါတီက ထုတ်ပြန်ကြေညာသည်။

ပို၍ဆိုးသောကိစ္စမှာ NLD ပါတီ အစိုးရအနေဖြင့် လွှတ်တော်အတွင်း အများစုရွေးချယ် ဦးဆောင်နိုင်သည့် အခြေအနေကို အခွင့်ကောင်းယူ၍ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများအကြား အထိန်းအကွပ်ပြုမှုများ အားနည်းလာကာ နိုင်ငံရေးအရ အထူးအရေးကြီးသည့် အချိန်တွင် ပါတီကြီးဝါဒ ကျင့်သုံးမှုကြောင့် ညီညွတ်သော မဟာမိတ်ဖွဲ့မှုကို မတည်ဆောက်နိုင်ခဲ့ဟု လူ့ဘောင်သစ်ပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဒီမိုကရေစီစနစ် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်အတွက် အရေးပါသော အဖွဲ့အစည်းစနစ် များကိုလည်း မတည်ဆောက်နိုင်ခဲ့ဘဲ လူပုဂ္ဂိုလ်အခြေပြု နိုင်ငံရေးကိုသာ အားပေးလုပ်ဆောင်နေသည့် ပုံစံဖြစ်နေကြောင်းလည်း လူ့ဘောင်သစ်ပါတီ နှစ် ၃၀ ပြည့် သဘောထားကြေညာချက်၌ ဖော်ပြခဲ့သည်။

အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကဏ္ဍတွင် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်ကျင်းပ၍ ကြိုးပမ်းဆောင်ရွက်မှု ရှိခဲ့သော်လည်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန် ညီညွတ်အောင် မတည်ဆောက် နိုင်သောကြောင့် ငြိမ်းချမ်းရေးခရီးမပေါက် ဖြစ်နေရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေး ညီလာခံများ၏ အဆုံးသတ် နိဂုံးမှာလည်း ဝေ၀ါးနေဆဲ ဖြစ်သည်ဟု လူ့ဘောင်သစ်ပါတီက အဆိုပါ ကြေညာချက်တွင် သုံးသပ်ထားသည်။

လက်ရှိကာလ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍လည်း အစိုးရအနေဖြင့် အမျိုးသားထုတ်ကုန်တန်ဖိုး (GDP) မြင့်တက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနေသော်လည်း အောက်ခြေတွင် လုပ်ကိုင်ခွင့် မသာခြင်း၊ ကြိုးနီစနစ် ကြီးမားခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အားနည်းခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်ခြင်း၊ ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လုပ်ငန်းငယ်များ ရပ်ဆိုင်းနေရကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များ ထင်ရှားစွာ မတွေ့ရသေးဘဲ ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် သာမန်ပြည်သူနှင့် ဝန်ထမ်းများ ပိုမိုကျပ်တည်းလာသည်ဟုလည်း လူ့ဘောင်သစ်ပါတီက သုံးသပ်ခဲ့သည်။

အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဟန့်အတား ဖြစ်နေသည့်အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် လူ့ဘောင်သစ်ပါတီက အကြံပြုခဲ့ပြီး တာဝန်ရှိသူများ အနေဖြင့် နိုင်ငံရေးကို လေးစားတန်ဖိုး ထားကြရန်ကိုလည်း လူ့ဘောင်သစ်ပါတီက အကြံပြုခဲ့သည်။                              

 

Most Read

Most Recent