အဲရစ်ဆင်အား စာချုပ်သစ်ချုပ်ဆိုရန် စပါးအသင်းကမ်းလှမ်း 

အဲရစ်ဆင်အား စာချုပ်သစ်ချုပ်ဆိုရန် စပါးအသင်းကမ်းလှမ်း 
Published 13 October 2018

 

စပါးအသင်းသည် ၄င်းတို့၏ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အား စာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းခဲ့ကြောင်း စပိန်သတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ စပါးအသင်းသည် အဲရစ်ဆင်အား ဟာရီကိန်း၏ တစ်ပတ်လစာဖြစ်သည့် ပေါင် (၂) သိန်းနီးပါးအထိပေးကာ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၆) နှစ်အရွယ်ရှိ အဲရစ်ဆင်သည် စပါးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ၄င်းအားခေါ်ယူရန် စပိန်ထိပ်သီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့အပြင် စီးရီးအေကလပ် အင်တာမီလန်အသင်းကပါ စိတ်ဝင်စားနေကြောင်း သိရသည်။

ထို့ကြောင်းစပါးအသင်းသည် ၄င်းတို့၏ အဓိကကွင်းလယ်လူ အဲရစ်ဆင်အား အသင်းတွင် ဆက်လက်ထိန်းသိမ်းရန်ဆန္ဒရှိနေပြီး ဟာရီကိန်းကဲ့သို့ နှစ်ရှည်စာချုပ်ချုပ်ဆိုသွားရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

အဲရစ်ဆင်သည် နယ်သာလန်ကလပ် အေဂျက်စ်အသင်းတွင် ပရိုကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စပါးအသင်းသို့ ပေါင် (၁၁)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၄င်းသည် စပါးအသင်းအတွက် (၆) ရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း (၂၃၂) ပွဲကစားထားပြီး (၅၇) ဂိုးအထိသွင်းယူပေးထားသည်။ ထို့အပြင် အဲရစ်ဆင်သည် ၂၀၁၀ ခုနှစ်က စတင်ကစားခဲ့သည့် ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်လည်း (၈၃)

ပွဲအထိပါဝင်ကစားထားကာ (၂၅) ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။