မက်ဆီ၏ ခေါင်းဆောင်မှုအရည်အချင်းကို မာရာဒိုနာမေးခွန်းထုတ်

မက်ဆီ၏ ခေါင်းဆောင်မှုအရည်အချင်းကို မာရာဒိုနာမေးခွန်းထုတ်
Published 13 October 2018

အာဂျင်တီးနားဂန္ထဝင်မာရာဒိုနာက ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီ၏ ခေါင်းဆောင်မှုအရည်အချင်းကိုမေးခွန်းထုတ်ခဲ့ကြောင်းသိရသည်။ 

အသက် (၃၁) နှစ်အရွယ်ရှိ မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသလို အာဂျင်တီးနားလက်ရွေးစင်အသင်းတွင်လည်း အသင်းခေါင်းဆောင်အဖြစ်ကစားခဲ့သူဖြစ်သည်။ 

မာရာဒိုနာက မက်ဆီမှာ အကောင်းဆုံးဘောလုံးသမားဖြစ်သေ်ာလည်း အသင်းဖော်များကို ဦးဆောင်နိုင်သည့် အရည်အချင်းမရှိကြောင်း ယုံကြည်နေသည်။

မာရာဒိုနာက '' မက်ဆီဟာကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ သူကခေါင်းဆောင်တစ်ယောက်မဟုတ်ပါဘူး။ နည်းပြတွေကစားသမားတွေနဲ့ စကားမပြောခင် မက်ဆီက ဂိမ်းကစားနေတတ်ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာတော့ သူကအသင်းခေါင်းဆောင်ဖြစ်ချင်ပါတယ်။ သူဟာ စီရော်နယ်လ်ဒိုနဲ့အတူ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘောလုံးပွဲမစခင်မှာ သန့်စင်ခန်းကိုအကြိမ် (၂၀) သွားတတ်တဲ့ ကစားသမားတစ်ယောက်ကို  အသင်းခေါင်းဆောင်ဖြစ် အဖြစ်လက်ခံဖို့ဆိုတာကအတော်လေးခက်ခဲပါတယ်။ ပြီးတော့ မက်ဆီကို ဘုရားသခင်လိုသတ်မှတ်နေကြတာတွေ ရပ်လိုက်ပါတော့။ သူဟာ အခြားကစားသမားတွေလို အာဂျင်တီးနားဘောလုံးသမားတစ်ဦးသာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ဦးဆောင်ခဲ့သည့် မက်ဆီသည် ယင်းပြိုင်ပွဲပြီးကတည်းကလက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်းမရှိသေးဘဲ ဆက်ကစား၊ မကစားကိုလည်း အတည်ပြုခြင်းမရှိသေးကြောင်းသိရှိရသည်။

လက်ရှိတွင် အာဂျင်တီးနားအသင်း၏ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသော စကာလိုနီကလည်း မက်ဆီ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဘာမှမပြောနိုင်သေးကြောင်းထုတ်ဖော်ပြောဆိုထားသည်။

Most Read

Most Recent