ရန်ကုန်ဆေးရုံကြီးတွင် ထပ်မံရောက်ရှိလာသည့် H1N1 လူနာနှစ်ဦးအား ဝေဘာဂီ အထူးကုဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ကုသ

ရန်ကုန်ဆေးရုံကြီးတွင် ထပ်မံရောက်ရှိလာသည့် H1N1 လူနာနှစ်ဦးအား ဝေဘာဂီ အထူးကုဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ကုသ
Published 29 July 2017


နှာခေါင်းစည်းများ တပ်ဆင်လျက် ကျောင်းမှပြန်လာကြသော ကျောင်းသူကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထပ်မံရောက်ရှိလာသည့် H1N1 လူနာနှစ်ဦးကို ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ဇူလိုင် ၂၈ ရက် ညနေပိုင်းက အတည်ပြု ပြောကြားသည်။

“အခု လူနာနှစ်ဦးကို ဝေဘာဂီဆေးရုံကို ပို့ထားပါတယ်။ အဲဒီ လူနာတွေက အရင်တက်နေတဲ့ လူနာတွေ မဟုတ်ပါဘူး။ အသစ်ရောက်လာတဲ့ လူနာတွေပါ။ လူနာတွေက H1N1 Positive ဖြစ်ပြီး ပြင်းထန်အဆုတ်ရောင် လက္ခဏာလည်း ရှိနေတဲ့အတွက် ဝေဘာဂီ ဆေးရုံကို လွှဲကုသတာပါ။ အဲဒီဆေးရုံမှာ Ventilator တွေ (အသက်ရှူ အထောက်အကူပြု ကိရိယာ) လည်းရှိတော့ ဒီလူနာတွေနဲ့ သင့်လျော်လို့ ပို့တာပါ။ အခု ဝေဘာဂီဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။

အသက်ရှူရန် ခက်ခဲလာပြီး Ventilator လိုအပ်သည့် လူနာများကို ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ထားရှိကုသပေးရန် ပြင်ဆင်ထားပြီး ဆေးရုံတွင် လူနာ ၁၅ ဦးစာအတွက် အခန်းများ ပြင်ဆင်ထားကြောင်းနှင့် ဝေဘာဂီဆေးရုံ၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာငါးဦးစာအတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။

H1N1 လူနာများနှင့် ပတ်သက်၍ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က “ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ လူနာရောက်ရောက်ချင်း H1N1 လူနာရယ်လို့ သံသယဖြစ်ခဲ့ရင် သီးခြားအခန်းတစ်ခန်းနဲ့ထားပြီး ကုသဖို့အတွက် လူနာခြောက်ဦးစာအတွက် အခန်းတစ်ခန်းကို ပြင်ဆင်ထားတယ်။ နောက် ပိုးတွေ့တယ် H1N1 သေချာသွားပြီဆိုရင် ရန်ကုန်ဆေးရုံကြီးမှာပဲ သီးခြားအခန်းတစ်ခန်းမှာ လူနာ ခုနစ်ဦး တက်ရောက်ပြီး ကုသနိုင်တဲ့ အခန်းကိုလည်း ကြိုတင်ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ဆေးဝါးကုသဆောင် (၁) နဲ့ (၂) မှာ လူနာကုသဖို့အတွက် ပြင်ထားပါတယ်။ ခုနက ပြောခဲ့တဲ့ နေရာတွေမှာ လူနာတွေ ပြည့်လျှံလာရင် အဲဒီကို ရွှေ့ပြောင်းပြီး ကုသဖို့ အတွက်ကိုလည်း စီစဉ်ပြီး ဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးကတော့ လူနာကို ပထမ လက်ခံမယ့် နေရာလို့ သတ်မှတ်ပြီးတော့ ပြင်ဆင်ထားပါတယ်” ဟု ပြောကြားသည်။

■ မြောက်ဥက္ကလာဆေးရုံကြီးတွင် H1N1 သံသယ လူနာသုံးဦး ထပ်မံတွေ့ရှိ

မြောက်ဥက္ကလာဆေးရုံကြီးတွင် ဇူလိုင် ၂၈ ရက်က H1N1 သံသယလူနာ သုံးဦး ထပ်မံတွေ့ရှိထားကြောင်း အဆိုပါ ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီခန့်အထိ ရရှိသည့် အချက်အလက်အရ ယင်းလူနာ သုံးဦး၏ ရောဂါကို အတည်ပြုနိုင်ရန် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် H1N1 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဇူလိုင် ၂၇ ရက်က သတင်းထုတ်ပြန် ကြေညာချက်တွင် ဇူလိုင် ၁၉ ရက်မှ ၂၇ ရက် မွန်းလွဲအထိ တစ်နိုင်ငံလုံးတွင် ရရှိသည့်အချက် အလက်အရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့် လူနာ ၅၀ အား ဆေးကုသမှုပေးခဲ့ပြီး Influenza A (H1N1) pdm 2009-Positive စုစုပေါင်း လူနာ ၃၀ ရှိခဲ့ပြီး ယင်းတို့အနက် ခြောက်ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

■ ဧရာဝတီတိုင်းအတွင်း H1N1 ရောဂါ ဖြစ်ပွားနေသူဟု အတည်ပြုနိုင်သည်မှာ လေးဦးသာ ရှိပြီး ကျန်လူနာများမှာ Influenza A အဆင့်ဟု သတ်မှတ်ထားကြောင်း သိရ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင် ၂၉ ရက်အထိ H1N1 ရောဂါ ဖြစ်ပွားနေသူဟု အတည်ပြုနိုင်သည့် လူနာမှာ လေးဦးသာ ရှိပြီး ကျန်လူနာများမှာ Influenza A အဆင့်ဟုသာ သတ်မှတ်ထားပြီး ရောဂါရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သံလွင်အောင်က ပြောကြားသည်။

ယနေ့ထိ တိုင်းဒေသကြီးအတွင်း H1N1 ရောဂါဖြစ်ပွားနေသူမှာ အသုတ်မြို့မှ တစ်ဦး၊ ဖျာပုံမြို့မှ တစ်ဦးနှင့် ညောင်တုန်းမြို့မှ နှစ်ဦးသာ ရှိကြောင်း၊ ပုသိမ်မြို့တွင် H1N1 ရောဂါ ဖြစ်ပွားနေသူ လေးဦး တွေ့ရှိရသည်ဟု ဆိုသည်မှာ အတည်ပြု၍ မရသေးဘဲ Influenza A အဆင့် ရောဂါဖြစ်ပွားနေသူဟုသာ သတ်မှတ်ထား၍ ရကြောင်း၊ ယင်းလူနာ လေးဦးမှာလည်း ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေခြင်း မဟုတ်ဘဲ ပုသိမ် ပညာရေးကောလိပ်မှဖြစ်ကြောင်း၊ အဆိုပါ လူနာလေးဦးအား နေရာ အသီးသီးတွင် သီးသန့်ခွဲထားကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး လူနာများမှာ ရောဂါ သက်သာနေပြီဖြစ်ကြောင်း၊ H1N1 ရောဂါ ဖြစ်ပွားသည် မဖြစ်ပွားသည်ကို ကနဦး စမ်းသပ်မှုများအရ မသိရသောကြောင့် ဓာတ်ခွဲစမ်းသပ်မှု အဖြေရလဒ် ထွက်ရှိမှသာ အတည်ပြု ပြောကြားနိုင်မည်ဖြစ်ကြောင်း၊ တုပ်ကွေးရာသီချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ဆေးရုံများတွင် တုတ်ကွေးရောဂါ ပြင်းထန်လူနာများလည်း ရှိနေသောကြောင့် လူနာအချို့မှာ Influenza A အဆင့် ဖြစ်ပွားနေသော်လည်း H1N1 ကူးစက်ခံရသူများ မဟုတ်ကြောင်း ဒေါက်တာ သံလွင်အောင်က ပြောကြားသည်။

“ပုသိမ်မှာဆေးရုံမှာတော့ မတက်ရဘူး ကျွန်တော်တို့ ကုသပေးနေတာမှာ လေးဦးပေါ့နော်။ Influenza A အဲဒီလို တွေ့တယ်။ စစ်ဆေးချက်ကို ရန်ကုန်ကို ပို့ထားတယ်ပေါ့။ ကျွန်တော်တို့ ဧရာဝတီတိုင်းထဲမှာတော့ ဖျာပုံမှာ တစ်ယောက်၊ အသုတ်မှာ တစ်ယောက်၊ အခု ညောင်တုန်းမှာ တစ်ယောက်ပေါ့နော်။ ဒါပဲ ဖြစ်ပွားနေပါသေးတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသံလွင်အောင်က ပြောကြားသည်။

■ H1N1 ရောဂါ ဖြစ်ပွားနေသူ နှစ်ဦး တွေ့ရှိရသည့် ညောင်တုန်းမြို့တွင် ကလေးငယ်များ ကျောင်းသို့လာရောက်မှု နည်းနေပြီး မြို့ခံလူထုမှ စိုးရိမ်မှုများ မြင့်တက်

H1N1 ရောဂါ ဖြစ်ပွားနေသူနှစ်ဦး တွေ့ရှိရသည့် ညောင်တုန်းမြို့တွင် ဇူလိုင် ၂၈ ရက်မှစ၍ ကလေးငယ်များ စာသင်ကျောင်းသို့ လာရောက်မှုများ နည်းနေပြီး မြို့ခံလူထုမှလည်း စိုးရိမ်မှုများ မြင့်မားနေကြောင်း သတင်းရရှိသည်။

ညောင်တုန်းမြို့နှင့် အနီးကျေးရွာတစ်ခုမှ အမျိုးသမီးနှစ်ဦး H1N1 ရောဂါ ကူးစက်ခံရပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရကြောင်း၊ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ H1N1 သံသယရှိ လူနာများအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုရန် လွှဲပြောင်းပေးခဲ့ရကြောင်း၊ မြို့ပေါ်ရှိ စာသင်ကျောင်းများ လုံးဝပိတ်မထားရသေးသော်လည်း ကျောင်းသား၊ ကျောင်းသူအချို့မှာ ကျောင်းသို့ လာရောက်ခြင်း မရှိဘဲ စာသင်ခန်း တစ်ခုလျှင် ကျောင်းသား ၁၀ ဦးခန့် ကျောင်းသို့ လာရောက်ခြင်း မရှိကြောင်း သိရသည်။

“ဒီနေ့ဆိုရင် ညောင်တုန်းဆေးရုံကြီးမှာပေါ့နော်။ H1N1 သံသယရှိလူနာ နှစ်ဦး တွေ့ရှိရလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေရပါသေးတယ်။ မြို့ခံလူထုကတော့ အနည်းငယ် စိုးရိမ်စိတ်တွေ ရှိနေပါတယ်” ဟု ညောင်တုန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

H1N1 ရောဂါ ကူးစက်ခံနေရသည်ဟု သံသယရှိ လူနာများမှာ H1N1 ရောဂါ ကူးစက်ခြင်း ခံနေရသည်ဟု သတ်မှတ်၍ မရသေးကြောင်း ညောင်တုန်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစိုးလှိုင်ဦးက ပြောကြားသည်။

“ဒီရာသီက တုပ်ကွေးလည်း အဖြစ်များနေတော့ ကျွန်တော်တို့က တုပ်ကွေးနဲ့ လာရောက်ပြီးတော့ ဆေးကုသနေတဲ့ သူတွေတော့ ရှိပါတယ်။ ဒါကို H1N1 ဆိုပြီးတော့ သတ်မှတ်လို့ မရဘူး။ ဒါဟာ ကျွန်တော်တို့ ခွဲခြားစစ်ဆေးဖို့ မလွယ်ဘူး” ဟု ဒေါက်တာ စိုးလှိုင်ဦးက ပြောကြားသည်။

■ H1N1 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများမှ သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်တွန်းစာ ပေးပို့

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများက H1N1 ကူးစက်ရောဂါနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်တွန်းစာကို ဇူလိုင် ၂၇ ရက်က ပေးပို့ခဲ့ကြောင်း ယင်းကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကူးစက်ရောဂါဖြစ်ပွားရာ ဒေသရှိ ဆေးရုံများတွင် လိုအပ်နေသော ကူးစက်ရောဂါ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများအား အချိန်မီ အထောက်အပံ့ ပြည့်ဝစွာ ပေးနိုင်ရန် တိုက်တွန်းစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ပေးပို့စာတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) 2009 သည် ပြည်သူများ အသက်သေကြသည်အထိ ဖြစ်ပွားနေသည်ကို မီဒီယာများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရကြောင်းနှင့် ထိုကူးစက်ရောဂါ ဖြစ်ပွားနေသောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ကုသမှု ပေးနေသော ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်များနှင့် အထွေထွေလုပ်သားများ ယခင်ကထက်ပို၍ ပင်ပန်းကြီးစွာ အလုပ်ရှုပ်နေကြသည့် အချိန်လည်း ဖြစ်သောကြောင့် လိုအပ်သည့် အထောက်အပံ့များ ပြည့်ဝစွာ ပေးရန် ယခုလို တိုက်တွန်းစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူများ၏ ကျန်းမာရေးကို ထိထိရောက်ရောက် စောင့်ရှောက်ကုသရန်နှင့် ကျန်းမာရေး ဝန်ထမ်းများအား ရောဂါ မကူးစက်စေရန် ကြိုတင်ကာကွယ်ရမည့် လွန်စွာ အရေးကြီးသော အချိန်လည်းဖြစ်ကြောင်း ယခုကူးစက်ရောဂါ ဖြစ်ပွားရာ ဒေသရှိ ပြည်သူ့ဆေးရုံများတွင် ကူးစက်ရောဂါ မကူးစက်စေရန် ကာကွယ်ရာတွင် အသုံးပြုသည့် PPE (Personal Protective Equipment) နှင့် N95 ကဲ့သို့ ကာကွယ်ရေးပစ္စည်းများ လုံလုံလောက်လောက် မရှိသည်နှင့် ရှိနေသော ပစ္စည်းများမှာလည်း သက်တမ်းကုန်ဆုံးနေသော ပစ္စည်းများ ဖြစ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း တိုက်တွန်းစာတွင် ဖော်ပြထားသည်။

Writer: အိသဉ္ဇာကျော်၊ မင်းသူဝင်းထွဋ်၊ ငြိမ်းငြိမ်းသူ

Most Read

Most Recent