ကစားသမားဘဝမှ အနားယူကြောင်း ကာဆာနို ကြေညာ

ကစားသမားဘဝမှ အနားယူကြောင်း ကာဆာနို ကြေညာ
Published 13 October 2018

အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း ကာဆာနိုက ဘောလုံးသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက် (၃၆)နှစ်ရှိပြီဖြစ်သည့် ကာဆာနိုသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စီးရီးဘီကလပ် ဗီရိုနာအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သည်။

ကာဆာနိုသည် အီတလီလက်ရွေးစင်အသင်းအတွက် (၃၉)ပွဲကစားခဲ့ပြီး စီးရီးစီကလပ် အန်တယ်လာအသင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်နေသူဖြစ်ပြီး (၇)ရက်အကြာတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ကာဆာနိုက “ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျွန်တော် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒါမှ ကျွန်တော်အနေနဲ့ လေ့ကျင့်ရေးတွေဆက်တိုက်လုပ်ဖို့ စိတ်မပါတော့တာကို သိခဲ့ရပါတယ်။ ဘောလုံးကစားဖို့ဆိုရင် စိတ်အင်အားနဲ့ ပါရမီလိုပါတယ်။ ကျွန်တော့်မှာ အဲဒါတွေ မရှိတော့ပါဘူး။ အခုအချိန်ဟာ ကျွန်တော့်ဘဝရဲ့ ဒုတိယအချိုးအကွေးကို ရောက်နေပါပြီ။ ကျွန်တော့်အနေနဲ့ ဘောလုံးကန်တာအပြင် အခြားနေရာတွေမှာ ထူးချွန်တယ်ဆိုတာကို သက်သေပြရမယ့်အချိန်ကို ရောက်လာပါပြီ”ဟု ပြောကြားခဲ့သည်။

ကာဆာနိုသည် အီတလီကလပ် ဘာရီအသင်းတွင် ပရိုကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ရိုးမား၊ ရီးယဲလ်မက်ဒရစ်၊ ဆမ်ဒိုးရီးယား၊ အေစီမီလန်၊ အင်တာမီလန်၊ ပါးမားနှင့် ဗီရိုနာအသင်းများတွင် ကစားခဲ့သူဖြစ်သည်။

ကာဆာနိုသည် ကစားသမားဘဝတွင် ကစားခဲ့သည့် ကလပ်အသင်းများအတွက် ပြိုင်ပွဲစုံ (၅၁၄)ပွဲတွင် (၁၄၁)ဂိုး သွင်းယူပေးခဲ့ပြီး ရိုးမား၊ ရီးယဲလ်မက်ဒရစ်နှင့် အေစီမီလန်အသင်းတို့နှင့်အတူ ဆုဖလား (၄)လုံး ရယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်းသည် အီတလီလက်ရွေးစင်အသင်းအတွက် ၂၀၀၃ ခုနှစ် ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး (၃၉)ပွဲတွင် (၁၀)ဂိုး သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent