ကျွန်တော်သိထားတာက အကောင်းဆုံးကြိုးစားနေသူအတွက် အခွင့်အရေးဆိုတာရောက်လာမှာပါ

ကျွန်တော်သိထားတာက အကောင်းဆုံးကြိုးစားနေသူအတွက် အခွင့်အရေးဆိုတာရောက်လာမှာပါ
Published 13 October 2018

ဒေါ့မွန်အသင်း၏ အင်္ဂလန်လူငယ်ကစားသမား ဆန်ချိုနှင့်တွေ့ဆုံခြင်း

မေး - ဆန်ချိုရေ မင်္ဂလာပါဗျ။ ပထမဦးဆုံးအနေနဲ့ မန်စီးတီးကနေ ပြောင်းလာခဲ့တဲ့အပေါ်  တစ်ခုခုပြောပေးပါဦး။

ဖြေ - စီးတီးမှာနေခဲ့တဲ့အချိန်တွေက အမှတ်ရစရာတွေနဲ့ ပြည့်နှက်ခဲ့တဲ့အချိန်တွေပါပဲ။ ကျွန်တော် အဲဒီမှာ (၂)နှစ်ခွဲလောက်နေခဲ့တာဆိုတော့ အသင်းပြောင်းဖို့ ဆုံးဖြတ်ချက်ချရတာ တကယ်ကိုခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒါက စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့ အချိန်ကောင်းပဲလေ။ ဒီနေရာမှာ ကျွန်တော့်ရည်မှန်းချက်တွေကို ဖြည့်ဆည်းရမယ်။ တစ်ဆက်တည်းမှာ မန်စီးတီးအသင်းနဲ့ သက်ဆိုင်သူတွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော့်ကို အသိပညာ၊ အတတ်ပညာတွေမျှဝေပေးခဲ့ကြတဲ့ နည်းပြတွေ၊ ဝန်ထမ်းတွေ၊ အသင်းဖော်တွေ၊ ပြီးတော့ အားပေးခဲ့တဲ့ မန်စီးတီးပရိသတ်တွေကိုရော ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

မေး - အင်္ဂလန်မြေကို ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ခွာခဲ့ရတော့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ - အဓိကကတော့ အိမ်ကိုစွန့်ခဲ့ရတာပေါ့။ ဒါက အကြီးမားဆုံးအခက်အခဲဖြစ်မယ်ထင်တယ်။ ကျွန်တော့်အမေကို အစ်မတွေနဲ့ထားခဲ့ရတယ်။ တစ်ခါတလေ ကျွန်တော် သူတို့ကို အရမ်းလွမ်းတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အကောင်းဆုံးအရာတွေ ရှာဖွေရမယ်ဆိုတာကို ကျွန်တော် မေ့မထားပါဘူး။ ဂျာမန်မြေကို ပြောင်းရွှေ့ခဲ့တာက ကျွန်တော်လုပ်သင့်တဲ့အရာတစ်ခုကို ရွေးချယ်ခဲ့တာပဲလေ။

မေး - ဒါဆို အခုဒေါ့မွန်မှာ အဆင်ပြေနေပြီလို့ ပြောလို့ရပြီလား။

ဖြေ - ဒီမှာကစားရတာ ကျွန်တော့်အတွက် အားလုံးကောင်းပါတယ်။ အသင်းဖော်တွေကလည်း အလွယ်တကူအသားကျဖို့ ကွင်းထဲမှာရော ကွင်းပြင်မှာပါ ကူညီကြတယ်။ ပြီးတော့ ဒီမြို့အကြောင်းကိုလည်း ကောင်းကောင်းသိနေပြီ။ ကျွန်တော့်အလုပ်က ထရိန်နင်ဆင်းမယ်၊ ဘောလုံးကစားမယ်၊ အနားယူမယ်။ ပြီးတော့ ပိတ်ရက်ဆိုရင် လန်ဒန်ကိုပြန်ချင်ပြန်မယ်။ ဒါကို အဆင်ပြေနေပြီလို့ ပြောလို့ရတယ်မလား။

မေး - ဒီအသင်းမှာ အလျင်အမြန်အသားကျဖို့ ဘယ်သူတွေက အဓိကကူညီပေးခဲ့လဲ။

ဖြေ - ကျွန်တော် ဒီမှာအဆင်ပြေနေတယ်ဆိုတာ နောက်ခံအကြောင်းတွေ အများကြီးရှိပါတယ်။ အဓိကက ကျွန်တော် အခုနေတဲ့ရပ်ကွက်မှာ အသင်းဖော်အများစုနေကြတယ်။ အဲဒီအချက်က ကျွန်တော့်ကို အထောက်အပံ့ဖြစ်စေတယ်။ ကစားသမားတွေထဲမှာတော့ ဂေါ့ဇီနဲ့ အသင်းပြောင်းသွားတဲ့ ဆာဟင်တို့က ကျွန်တော့်ကို အကူအညီပေးကြတယ်။ နောက်တစ်ဦးကတော့ မာကိုရွိုက်စ်ပေါ့။ ကွင်းထဲမှာလည်း သူနဲ့ ကျွန်တော့်ကြားမှာ  ထူးခြားတဲ့ဆက်နွယ်မှုမျိုးရှိတယ်။ သူက ကျွန်တော့်ကို ကောင်းကောင်းနားလည်သလို၊ ကျွန်တော်လည်း သူ့အကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော် အရင်က မရင့်ကျက်ခဲ့ဘူး။ ဒီအခက် အခဲကို အလွယ်တကူကျော်ဖြတ်နိုင်အောင် မာကိုရွိုက်စ်က အများကြီးကူညီခဲ့တယ်။ စိတ်ကို တည်ငြိမ်အောင်ထားဖို့နဲ့ ဘောလုံးကစားတဲ့နေရာမှာ မလောဖို့ကို သူက အကြံပေးတယ်။ ဒါက  ကျွန်တော့်အတွက် အရမ်းကိုအထောက်အကူဖြစ်စေပါတယ်။ ဒီလိုအသင်းဖော်တွေနဲ့ လက် တွဲကစားရတဲ့အပေါ်  ကျေနပ်မိပါတယ်။

မေး - ဒါဆိုရင် လက်ရှိအခြေအနေကို ကျေနပ်မှုအပြည့်အဝရှိတယ်ပေါ့။

ဖြေ - အပြည့်အဝဆိုတဲ့စကားကိုတော့ ကျွန်တော်မသုံးချင်ဘူး။ လက်ရှိမှာ နည်းပြက ကျွန်တော့်ကိုယုံကြည်မှုပေးတဲ့အပေါ်မှာ ဂုဏ်ယူရပါတယ်။ နည်းပြရဲ့ အလှည့်ကျစနစ်ကိုလည်း  သဘောကျတယ်။ ဒါပေမဲ့ လူစားဝင်ကစားရတာကို ကျွန်တော်မနှစ်သက်ဘူး။ အမှန်တော့အရန်ခုံမှာ  နေရတဲ့အချိန်တွေက ပိုပင်ပန်းပါတယ်။ ကျွန်တော့်မှာ အားတွေအများကြီးကျန်သေးတယ်။ ကျွန်တော်သာ စဉ်ဆက်မပြတ် ကြိုးစားနေရင် ပွဲထွက်လူစာရင်းမှာ ကျွန်တော့်အတွက် တစ်နေရာစာရှိမယ်လို့  ယုံကြည်ပါတယ်။

မေး - အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရတဲ့ ခံစားချက်ကိုလည်း ပြောပြပေးပါဦး။

ဖြေ - လက်ရွေးစင်အသင်းမှာ အရွေးခံရတယ်ဆိုတဲ့ဖုန်းကို လက်ခံရချိန်မှာ ကျွန်တော် ထရိန်နင်ကွင်း မှာ ရှိနေခဲ့တယ်။ ဒီအကြောင်းကို ကျွန်တော့်မိဘတွေဆီကို တန်းပြီးအကြောင်းကြားခဲ့တယ်။ သူတို့လည်း  ကျွန်တော့်အတွက် ပျော်ရွှင်နေကြတယ်။ အဲဒီနေ့က တစ်နေကုန် ကျွန်တော် ပျော်ရွှင်နေခဲ့တယ်။ လက် ရွေးစင်အသင်းမှာ ကစားရဖို့က ငယ်ငယ်ကတည်းက အိပ်မက်ပါ။ ဒါက ကျွန်တော်တို့အသက်အရွယ် ကစားသမားတိုင်းအတွက် အကြီးမားဆုံးဆန္ဒတစ်ခုပဲ။

မေး - ခင်ဗျားက လက်ရှိအင်္ဂလန်လူစာရင်းမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမွေးတဲ့ တစ်ဦးတည်းသော ကစားသမားလို့ သိရတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုခံစားရလဲ။

ဖြေ - ဝမ်းသာမိသလို အရမ်းလည်းအံ့သြရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အသက်အရွယ်နဲ့ အံ့အားသင့်စရာမဟုတ်လား။ ကျွန်တော်က အရမ်းငယ်သေးတယ်။ သင်ယူစရာတွေ အများကြီးရှိသေး တယ်။ ဒီလိုအချိန်မှာ ကျွန်တော်ကစားတာကို ဘွန်ဒစ်လီဂါအထိလာပြီး ဂရုတစိုက်စောင့်ကြည့်၊ ရွေး ချယ်ခဲ့တဲ့အတွက် နည်းပြကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားမယ်။ ကျန်တာကိုတော့ နည်းပြကပဲ ဆုံးဖြတ်ရမှာပါ။ ကျွန်တော် သိ ထားတာက အကောင်းဆုံးကြိုးစားနေသူအတွက် အခွင့်အရေးဆိုတာ ရောက်လာမှာပါ။

Most Read

Most Recent