El Clásico ပွဲထက် ဂေါ့ဖ်ပွဲကို ပိုစိတ်စားကြောင်း တီဗက်ဇ် ပြောကြား

El Clásico ပွဲထက် ဂေါ့ဖ်ပွဲကို ပိုစိတ်စားကြောင်း တီဗက်ဇ် ပြောကြား
Published 12 October 2018

 

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း တီဗက်ဇ်က ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့၏ El Clásico ပွဲထက် ဂေါ့ဖ်ပွဲကိုသာ ပိုစိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်း၌ ကစားလျက်ရှိသည့် တီဗက်ဇ်သည် နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်သော်လည်း ဘောလုံးပွဲများကို ကြည့်လေ့မရှိကြောင်း သိရသည်။

တီဗက်ဇ်က "တကယ်လို့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ ကစားနေတဲ့အချိန် အခြားရုပ်သံလိုင်းတစ်ခုက ဂေါ့ဖ်ပွဲလာနေမယ့်ဆိုရင် ဂေါ့ဖ်ပွဲကိုပဲ ကျွန်တော် ကြည့်မှာပါ။ ရုပ်သံကနေ ဘောလုံးပွဲတွေကို ကျွန်တော် ကြည့်လေ့မရှိပါဘူး။ ဘောလုံးကို ကျွန်တော် မကြိုက်ပါဘူး။ ပြီးတော့ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဘောလုံးပရိသတ်တစ်ဦးလည်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ဘောလုံးကို ကိုယ်တိုင်ကစားရတာကိုပဲ ကြိုက်တယ်။ ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးရှိနေတာကိုပဲ နှစ်သက်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၃၄)နှစ်ရှိပြီဖြစ်သည့် တီဗက်ဇ်သည် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းတွင် ပရိုကစားသမားဘဝ စတင်ခဲ့သူဖြစ်သည်။

ယင်းနောက်တွင် ၎င်းသည် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် ဝက်စ်ဟမ်း၊ မန်ယူ၊ မန်စီးတီးနှင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းတို့တွင် ကစားခဲ့သလို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းတွင်လည်း တစ်ရာသီ ကစားခဲ့သည်။

တီဗက်ဇ်သည် ကလပ်အသင်းများနှင့် ဆုဖလားများစွာရယူနိုင်ခဲ့သူဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း (၇၆)ပွဲပါဝင်ကစားခဲ့ကာ (၁၃)ဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent