ကောက်ရိုးတစ်မျှင်

ကောက်ရိုးတစ်မျှင်
(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား  လှိုင်သာယာမြို့နယ်အမှတ် (၉)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီး ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား လှိုင်သာယာမြို့နယ်အမှတ် (၉)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီး ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 12 October 2018
နန္ဒဝင်း(ဆေး-၁)

ဆရာဝန်တစ်ယောက်အဖြစ် အစိုးရ ဝန်ထမ်းလုပ်သက် ၁၈ နှစ် ရှိခဲ့ပါပြီ။ ဝန်ထမ်းဘဝမှာ ကျင်လည်ရတဲ့ရာထူးအလိုက် ကာလတွေက တိုက်တိုက်ဆိုင်ဆိုင် မှတ်ရလွယ်ပါတယ်။ လက်ထောက်ဆရာဝန် ငါးနှစ်လုပ်ခဲ့ရတယ်။ တိုက်နယ်ဆရာဝန် ငါးနှစ်မြို့နယ်ဆရာဝန် ငါးနှစ်ပေါင်း ၁၅ နှစ်ပြီးမှ မဟာသိပ္ပံတက်ခဲ့တယ်။ လက်ထောက်ညွှန်မှူး (နေပြည်တော်) တစ်နှစ်နီးပါးနှင့် ခု ခုတင် (၁၀၀) ဆေးရုံအုပ်တစ်ယောက်ဖြစ်တာ တစ်နှစ်ကျော်ခဲ့ပါပြီ။

လုပ်သက် ၁၇ နှစ်နီးပါးရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်ဟာခုတင် (၁၀၀) ဆေးရုံအုပ်တစ်ယောက်အဖြစ် ပထမဦးဆုံး တာဝန်ယူခဲ့ရတဲ့ မောရှမ်းမြေမှာပထမဦးဆုံး တွေ့ကြုံရတဲ့ အတွေ့အကြုံသစ်ဟာ မူးယစ်ဆေးဝါးပါပဲ။ ယခင်တာဝန်ကျဖူးတဲ့ ချင်းတောင်တန်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော် တို့မှာ မူးယစ်ဆေးဝါးအမှုတွေ ကိုင်တွယ် ဖြေရှင်းဆေးမှတ်ချက်ပေး ကုသပေးထိန်းသိမ်းပေးရတာ အင်မတန်မှ နည်းခဲ့ပါတယ်။

ရှမ်းမြေမြင့်က လှပတဲ့မြို့ကလေးကို ရောက်စမှာပဲတွေ့ကြုံသိကျွမ်းရတဲ့ မိတ်ဆွေတချို့က စေတနာနှင့် အသိပေးတဲ့ စကားကတော့ အိမ်တံခါးလုံအောင်ပိတ် အနားမှာ ဘိန်းစားတွေ အများကြီးပဲတဲ့။ တံခါးသေချာ မပိတ်ရင် ဝင်ခိုးသွားမယ်တဲ့။ ဟုတ်ပါတယ် ဆေးရုံဝင်းထဲက ဆေးရုံအုပ်နေအိမ် (အိမ်မည်းမည်း နှစ်ထပ်အိမ်ကြီး) ရဲ့ ဘေးကိုက် ၃၀၀  လောက်မှာပဲ မက်သာဒုံးအစားထိုး တိုက်ကျွေးတဲ့ ဌာနရှိပါတယ်။ ဘိန်းဖြူ စိတ်ကြွဆေးစတဲ့ မူးယစ်ဆေးဝါးအသွယ်သွယ်ကို သောက်ရှူ ထိုးနေကြတဲ့ လူငယ် လူလတ် လူကြီး ၁၀၀ လောက်ဟာဘိန်းအစား ထိုးမက်သာဒုံးဆေးရည်ကို နေ့စဉ်လာ သောက်နေကြပြီး မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲ  အန္တရာယ်တွေကို မတွေ့ကြုံရအောင် ကြိုးစားနေရပါတယ်။

မရှိခိုးနိုးမလှစုန်းယိုးဆိုသလိုပဲ ဆေးရုံဝင်းထဲမှာ သူတို့တွေ မနက်တိုင်းမက်သာဒုံးအစား ထိုးသောက်ဖို့ ရောက်ရောက်နေကြတော့ ပစ္စည်းပျောက်တိုင်းသူတို့ကို ယိုးစွပ်ခံ နေရတာပါပဲ။ အစောပိုင်းကာလ မနက်စောစောနိုးတတ်တဲ့ ကျွန်တော်ဟာ မနက်တိုင်း သူတို့ကို မသိစိတ်က စောင့်ကြည့်တတ်ပါတော့တယ်။ သူတို့ကလည်းဆေးရုံအုပ်အသစ်ဆိုတော့ ကွက်ကြည့် ကွက်ကြည့်ပါပဲ။ တွေဝေနေသူတွေ တက်ကြွနေသူတွေ ပုံမှန်လှုပ်ရှားနေသူတွေ အမျိုးမျိုးပါပဲ။ တချို့လူတွေက မျက်လုံးချင်းဆုံရင် အကြည့်လွှဲသွားတတ်ပေမယ့် တချို့ကတော့ ပြုံးပြကြပါတယ်။ ကျွန်တော့်အိမ်နှင့် မက်သာဒုံးစင်တာကြားက မြေကွက်လပ် အမြဲသန့်ရှင်းပြောင်လက်နေအောင်သူတို့တွေ ဆေးသောက်ဖို့စောင့်ရင်း သန့်ရှင်းရေးလုပ်ပေးကြပါတယ်။

ပထမဦးဆုံးသူတို့နှင့် ပြဿနာကတော့ ဆေးလိပ်သောက်တာပါပဲ။ သူတို့တွေရဲ့ တော်တော်များများဟာ မက်သာဒုံးသောက်ပြီးရင် ဆေးလိပ်သောက်ကြပါတယ်။ ဆေးရုံထဲအနီးမှာလည်း ကလေးကုသဆောင်၊ ပြင်ပလူနာနှင့် အရေးပေါ်ဆောင်တို့ရှိလို့ ဆေးလိပ်သောက်တာကို ကျွန်တော်ကလည်း မနှစ်သက်ပါဘူး။ ဟေ့ဆေးရုံထဲမှာ ဆေးလိပ်မသောက်ကြနဲ့လေ အပြင်ကျမှ သောက်ပါလားလို့ တွေ့တိုင်းအော် ဖြစ်ပါတော့တယ်။ ဆေးရုံထဲမသောက်ကြပေမယ့် ဆေးရုံအပြင်ကို အပြေးထွက် ဆေးလိပ်လေး ဖွာကာဖွာကာနဲ့ သူတို့ဖြစ်နေကြပါတယ်။ သူတို့ဘာလို့ ဆေးသောက်ပြီးတိုင်း ဆေးလိပ်သောက်ချင်တာလဲဆိုတဲ့ အဖြေကို သိချင်လာပါတယ်။ သူတို့နဲ့ ထိတွေ့ရပါတော့တယ်။ ဆေးရုံအုပ်တစ်ယောက်ကသူတို့ကို ဖက်လဲတကင်းမိတ်ဆက် နှုတ်ဆက်လာတော့ အံ့သြနေကြပုံပါပဲ။ အစောပိုင်း ရယ်ရယ်ပြနေတဲ့ သူတွေတောင် စကားတွေ အိုးအားနဲ့ ဖြစ်နေကြပါတယ်။ နောက်ကျတော့မှ မက်သာဒုံးသောက်ပြီး ရင်ခံတွင်းထဲမှာ ချဉ်သွားတယ် ဒါကြောင့်ဆေးလိပ်သောက် ချင်တယ်လို့ပြောကြပါတယ်။ ကြံရပါတော့တယ်။

ကျွန်တော်လုပ်ချင်တဲ့ ပြည်သူ့အကျိုး ပြုလုပ်ငန်းတွေမှာ အသုံးပြုရအောင်ဆိုပြီး ကြိုတင်လှူထားတဲ့ အလှူရှင်တွေရဲ့ ပိုက်ဆံတွေထဲကနေ သကြားလုံးတွေဝယ်ပြီး ဆေးသောက်ပြီးတိုင်းတစ်လုံးတစ်လုံး ဝေပေးပါတော့တယ်။ “ခုတော့ မန္တလေးကသကြားလုံး စက်ရုံတစ်ခုက အမြဲတမ်းသကြားလုံး ထောက်ပံ့ကူညီပါတော့တယ်” သကြားလုံး ဒီပလိုမေစီအရသူတို့နဲ့ကျွန်တော် စတင်ရင်းနှီးခဲ့ပါတော့တယ်။

ခုတော့သူတို့ကို ဆေးရုံအတွင်းနေရာက နေလမ်းမကြီးဘေးနေရာတစ်ခုကို ရွှေ့ပေးလိုက်ပါပြီ။ လူ ၃၀ ဆံ့ပညာပေးစင်တာတစ်ခု၊ အများပိုင်စာကြည့်တိုက်တစ်ခု၊ စားပွဲတင်တင်းနစ် တစ်စုံတို့ကိုလည်း သူတို့တွေအတွက် စီစဉ်ပေးနိုင်ပါပြီ။ နေ့စဉ်ဆေးသောက်ရင်းအချင်းချင်း စကားပြောမယ်၊ စားပွဲတင်တင်းနစ်ရိုက်မယ်၊ စာဖတ်မယ၊် အပတ်စဉ် သောကြာနေ့တိုင်းသူတို့အတွက်  ကျန်းမာရေး ပညာပေးတစ်ခုခုအမြဲ ဟောပေးပါတယ်။ နောက်ဆုံး မူးယစ်ဆေးဝါးကို အစားထိုးမသောက်တော့ဘူး။ လုံးဝအပြီး ဖြတ်ချင်လာပြီဆိုတဲ့ အချိန်ရောက်ရင်တော့ သက်ဆိုင်ရာနေရာအသီးသီးကို ပို့ဆောင်ဖြတ်ပေးရန်အထိပါ စဉ်းစားထားပါတယ်။

သူတို့နဲ့ ရင်းနှီးတဲ့အခါကျမှ သူတို့သုံးစွဲ ဖြစ်တဲ့အကြောင်းရင်းတွေကို မေးမြန်းလေ့လာ ဖြစ်ခဲ့ပါတယ်။ ပင်ကိုယ်အားဖြင့် သူတို့တွေဟာ အပေါင်းအသင်း ခုံမင်ပါတယ်။ မိတ်ဆွေတွေကို ချစ်ပါတယ်။ စိတ်ရင်းက မရှိလည်း ပျော်ရှိလည်းပျော်တတ်ကြတဲ့ သူတွေပါ။ ပညာဆက်လက်သင်ကြားရန် မရှိတော့တဲ့အခါ၊ အလုပ်အကိုင်အခွင့်လမ်းရရှိဖို့ အခြေအနေမပေးတဲ့အခါ၊ မူးယစ်ဆေးဝါးတွေကလည်း အလွယ်တကူရရှိလာတဲ့အခါ၊ ပိုလျှံနေတဲ့ ပျင်းရိဖွယ် အလုပ်မဲ့အချိန်တွေကို မူးယစ်ဆေးဝါးစမ်းသပ်သုံးစွဲခြင်းနဲ့ ဖြေရှင်းကြပါတော့တယ်။ စမ်းရာကစွဲ စွဲရာက ဆုံးသွားကြတဲ့ ဘဝတွေပါပဲ။

 

အစိုးရမဟုတ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့တွေဟာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါ ဝင်ကြပါတယ်။ သူတို့တွေနှင့်ပေါင်းစပ် ညှိနှိုင်းပြီး လုပ်ငန်းတွေလုပ်နေရတဲ့ ကျွန်တော်ကသူတို့ဆီမှာ ရှာဖွေတွေ့ရှိထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူလို့ ဝန်ခံထားသူအရေအတွက်နဲ့ လက်ရှိမူးယစ်နွံကနေ ရုန်းထွက်ရန် မက်သာဒုံးနဲ့ အားယူနေတဲ့အရေ အတွက်ကို နှိုင်းယှဉ်ကြည့်မိပါတယ်။ ဘယ်လိုအကြောင်းကြောင်းနဲ့ပဲ မက်သာဒုံးအစား ထိုးတိုက်ကျွေးရေးဌာနကိုရောက်ရောက် အတွင်းစည်းကို တစ်ဆင့်တိုးလာတယ် မှတ်ရမှာပါ။ အဲဒီအစကနေပဲ  စစည်းရုံးရမှာပါပဲ။ နှိုင်းယှဉ်မိတဲ့ အရေအတွက်အရ ခြောက်ရာခိုင်နှုန်း (လူတစ်ရာမှာခြောက်ဦး) ပဲမက်သာ ဒုံးဆေးလာသောက်တယ်ဆိုတာ သိလာရပါတယ်။ မူးယစ်ဆေးဝါးအတွက် အများကြီး အလုပ်လုပ်ရန် လိုအပ်နေသေးတယ်ဆိုတာ ထင်းထင်းကြီး ပေါ်နေပါတယ်။

လက်ရှိသုံးစွဲနေတဲ့သူတွေ မက်သာဒုံးအစား ထိုးစင်တာဆီရောက်လာရန်၊ အဲဒီ အထဲကမှ စိတ်ပြတ်သူတွေကို သက်ဆိုင်ရာအထက်အဆင့်အထိ လွှဲပြောင်းပြီးဆေးဖြတ်ပေးနိုင်ရန် ကြိုးစားလမ်းစရှာနေရသလို နောက်ထပ် လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုမရှိအောင်လည်းဌာနတွင်းက နည်းရောလူမှုရေးအရနည်းရော ကျွန်တော်ကြိုးစားလျက်ရှိပါတယ်။ ဆယ်ကျော်သက် လူငယ်ကျန်းမာရေးအတွက် လုပ်ဆောင်ရင်း မူးယစ်အန္တရာယ်ကိုတားဆီးရန် ဆောင်ရွက်နေတာမျိုးပါပဲ။ ရောက်ရာအရပ် တာဝန်ကျရာ အရပ်အတွက် တာဝန်ရှိသည်လို့ ယူဆလို့ပါပဲ။

ကျွန်တော် ယခုတာဝန်ကျတဲ့ မြို့ကလေးကိုရောက်တော့ တစ်နှစ်ကျော်ကာလအတွင်းမှာ လေးစားယုံကြည်ရတဲ့ အဖွဲ့နှစ်ခုကို တွေ့ခဲ့ရပါတယ်။ စျေးသမအသင်းတစ်ခုနှင့် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမ အသင်းတစ်ခုတို့ပဲ ဖြစ်ပါတယ်။ ငယ်ငယ်က သမဆိုင်ဆိုရင် လူကြီးနှင့်အဆင်ပြေ စာရေးမနှင့်အဆင်ပြေမှ ပစ္စည်းကောင်းရတတ် မကောင်းတာနှင့်တွဲဝယ်မှ ကောင်းတာရတတ် အပေါက်ဆိုးအခွင့်ထူးခံလူတွေ အုပ်စိုးရာလို့မှတ်ထင်ခဲ့ရာကနေ ဝန်ထမ်း ဘဝရောက်ခါမှ သမပတ်ဝန်းကျင်ကို လေ့လာမိပြီး နိုင်ငံတကာက အောင်မြင်တိုးတက်နေတဲ့ လုပ်ငန်းကြီးတွေဟာ သမကိုအခြေခံတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။

မြို့နယ်ဆရာဝန်တစ်ယောက် ဖြစ်ခါစပဲခူးတိုင်းက မြို့ကလေးတစ်ခုမှာရောက်စကတည်းက ဆေးရုံကို အင်တိုက်အားတိုက် ရေလောင်းအိမ်သာ၊ ရေစင်၊ ဓာတ်မှန်စက်လိုတာမှန်သမျှ လှူပေးတဲ့ အမေကြီးရဲ့သား သမက်ကသမက ဝန်ထမ်းဖြစ်နေပါတယ်။ သူကနေတစ်ဆင့် သူ့ဆရာ သမဦးစီးနဲ့ ခင်မင်စကားလက်ဆုံပြောသူကလည်း ကိုယ့်စာဖတ်ပရိသတ်ဖြစ်နေ မသောက်တတ်တာလည်းတူတော့ ရေသောက်ရင်းမအားတဲ့ အချိန်လေးတွေကြားမှာ အချိန်တွေလုစကားတွေပြောကြရင်း သမအကြောင်းတွေ ကျန်းမာရေးစနစ်အကြောင်းတွေ စကားဖောင်ဖွဲ့ မိကြပါတယ်။

ကျွန်တော်က အစ်ကိုကြီးလို့ခေါ်တဲ့ သမဦးစီးရဲ့ ပြောစကားတွေထဲမှာ သူတို့စံပြထားရတဲ့ သမအဖွဲ့အကြောင်းပါခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှမ်းပြည်နယ်က မြို့တစ်မြို့လို့ အမှတ်တမဲ့သာပေါ့။ တကယ်တော့ လွန်ခဲ့တဲ့ ရှစ်နှစ်နီးပါးကတည်းက ကျွန်တော် ရင်းနှီးရမယ့်သူတွေအကြောင်း ကြိုတင်သိခဲ့တာပါ။ အစ်ကိုကြီးပြောတာ ခုတာဝန်ကျရာမြို့ ကလေးမှာ ကျွန်တော်ကအစ်ကိုကြီးလို့ခေါ်တဲ့ အစ်ကိုတစ်ယောက်ဦးစီးနေတဲ့ စျေးသမ အသင်းကြီးပါပဲ။ တစ်နှစ်တစ်နှစ် အသင်းသားတွေအတွက် သိန်းပေါင်းသောင်းနဲ့ချီပြီး ချေးပေးထားပြီးအသင်းသားတွေ ဘဝတိုးတက်ဖို့ အမျိုးမျိုးကူညီနေတဲ့ အသင်းကြီးကို ရောက်ပြီးသိပ်မကြာခင်မှာပါ။ သူတို့ရဲ့ ပြည်သူ့အကျိုးပြု လှူဒါန်းမှုတွေကနေတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ရပါတယ်။ ရင်းနှီးတဲ့ ပရဟိတအသင်းတစ်ခုအတွက် အရေးပေါ် လူနာတင်ယာဉ်တစ်စီးလှူတယ်။ စကားတွေ ပြောကြတယ်။ သမအသင်းဒါရိုက်တာတွေအတွက် capacity development တွေ ကျွန်တော်နိုင်တဲ့အပိုင်းတွေ ကူလုပ်ပေးဖြစ်တယ်။ အားလပ်တဲ့အချိန် သမအသင်း အစည်းအဝေးတွေမှာ အကြံပေးဆိုပြီးစကား တွေပြောသူတို့ရဲ့ နှစ် (၃၀) ကျော် ခိုင်မြဲခဲ့တဲ့ စနစ်တွေကို လေ့လာမိခဲ့ပါတယ်။

ဝန်ထမ်းပေါင်းစုံငွေစုငွေချေးက ဒါရိုက်တာတွေ အဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးမရှိပေမယ့် နေ့စဉ်ပတ်သက်နေရပါတယ်။ ကျွန်တော့် ကျန်းမာရေးဝန်ထမ်းတွေအတွက် နေ့စဉ်ပုံမှန်ချေးငွေ အရေးပေါ်ချေးငွေ သင်တန်းထောက်ပံ့စရိတ်ပေးပါရန် အကြီးအကဲအနေဖြင့် ထောက်ခံစာတွေ အမြဲမပြတ် ထိုးပေးနေရပါတယ်။ အကြီးအကဲသာ ထောက်ခံပေး risk margin ကိုအတော်ဟ ပေးထားလို့ အံ့သြရပြီးကျန်းမာရေးမှာတော့ risk margin ကိုကိုယ့်ဘာသာ ထိန်းချုပ်ခဲ့ရတယ်။ (လစဉ်ဆပ်ငွေဟာလစာရဲ့ သုံးပုံတစ်ပုံထက်မကျော်ရဘူး ဆိုတာမျိုးပါ)။ ကျွန်တော်ကသာ စိုးရိမ်နေပေမယ့် သူတို့အသင်းတွေရဲ့ နှစ်ပေါင်းများစွာ ချေးငွေဆုံးရှုံးမှု loss loan မရှိအောင် စီမံထားပုံတွေကတော့ လေးစားစရာပါပဲ။ အင်မတန် စနစ်ကျလှပါတယ်။ မကြာခင်မှာပဲဝန်ထမ်းပေါင်းစုံ သမအသင်းနှစ်ပတ်လည် အစည်းအဝေးလုပ်ပါတော့မယ်။ အမြတ်ငွေတွေ ခွဲဝေတော့မယ်။ အစည်းအဝေးတက်သူတွေကို စရိတ်ပေးရုံမက တန်ဖိုးကြီးဆုမဲတွေလည်း ဖောက်ပေးတာက အားရစရာပါပဲ။ အသင်းသား အင်အားများလှတဲ့အတွက် ငွေချေးတာ အတိုးမများပေမယ့် စုလိုက်တော့ အမြတ်တွေ အများကြီးရလာပါတယ်။

လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအတွက် အောင်မြင်နေတဲ့ အဲဒီအသင်းကြီး နှစ်သင်းရဲ့ စနစ်တွေနဲ့ ပေါင်းစပ်လုပ်ကိုင်ဖို့ တွေးမိတာပါ။ အဲဒီဝန်ထမ်းပေါင်းစုံ သမအသင်းမှာပဲဖြစ်ဖြစ် စျေးသမအသင်းမှာပဲဖြစ်ဖြစ် အဆင့်အတန်း ပေါင်းစုံသော အသင်းသားတွေပါကြမှာပါ။

Most Read

Most Recent