လာမည့်ဇန်နဝါရီတွင် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည်မဟုတ်ဟု ဟာဇက် ပြောကြား

လာမည့်ဇန်နဝါရီတွင် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည်မဟုတ်ဟု ဟာဇက် ပြောကြား
Published 11 October 2018

ချယ်လ်ဆီးအသင်း၏ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်ကစားသမား ဟာဇက်က လာမည့်ဇန်နဝါရီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ဟု ဆွစ်ဇာလန်အသင်းနှင့်ပွဲစဉ်မတိုင်မီသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

အသက်(၂၇)နှစ်ရှိ ဟာဇက်သည် ယခုလအစောပိုင်းက မိမိ၏ငယ်ဘဝအိပ်မက်မှာ ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားခွင့်ရရန်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးရာ မက်ဒရစ်အခြေစိုက်အသင်းသို့ပြောင်းရွှေ့လိမ့်မည်ဟု သုံးသပ်မှုများရှိလာခဲ့သည်။

ယခုအခါ ဟာဇက်က မိမိအနေဖြင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်သော်လည်း Ballon d'Or ကဲ့သို့ တစ်ဦးချင်းဆုတံဆိပ်များ ဆွတ်ခူးနိုင်ရန်အတွက်မူ ပြောင်းရွှေ့ရန်လိုအပ်လိမ့်မည်ထင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ဟာဇက်၏လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ရာ ချယ်လ်ဆီးအသင်းအနေဖြင့် ၎င်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်နှစ်၌ အလွတ်ထွက်ခွာခွင့်ပြုရမည့်အစား ယခုရာသီကုန်တွင် ပေါင်သန်း(၇၀)ဝန်းကျင်ဖြင့် ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။

ယခုရာသီတွင် ပရီးမီးယားလိဂ်၌ ချယ်လ်ဆီးအသင်းအတွက် (၇)ဂိုးသွင်းယူထားပြီး ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသည့် ဟာဇက်အား ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဖော် ကော်တိုအာကဲ့သို့ ဆုံရှုံးရမည်ကို ပရိသတ်များက စိုးရိမ်လျက်ရှိသည်။

ဟာဇက်သည် ၂၀၁၂ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့ပြီးနောက် အသင်းအတွက် ပရီးမီးယားလိဂ် (၂၁၆)ပွဲကစားခဲ့ရာတွင် (၇၆)ဂိုးသွင်းယူပေးထားသည်။

 

 

Most Read

Most Recent