အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
Published 15 September 2017

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပတ်ထရစ်မာဖီသည် တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ယခု စနေ၊ တနင်္ဂနွေရက်များတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း www.us.cnn.com ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၃ ရက်က ဖော်ပြချက်အရ သိရသည်။

ပတ်ထရစ်မာဖီသည် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း အား စက်တင်ဘာ ၁၃ ရက်က ဆင့်ခေါ်ခဲ့ပြီး အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ အမေရိကန်၏ စိုးရိမ်မှုကို ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ သိရသည်။

အမေရိကန် အိမ်ဖြူတော်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားကာ ဘင်္ဂါလီ မွတ်စလင်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို စက်တင်ဘာ ၁၁ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

သို့ရာတွင် မြန်မာအစိုးရကို လည်းကောင်း၊ အစိုးရအဖွဲ့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လည်းကောင်း ပြစ်တင်ဝေဖန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ (မူရင်းပေးစာတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အရေးနှင့် ပတ်သက်ပြီး အမေရိကန် လွှတ်တော်အမတ်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် စာရေးသား ပေးပို့ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသား ပေးပို့ခဲ့သည့် အမေရိကန်လွှတ်တော် အမတ်များမှာ အမေရိကန်နိုင်ငံရေးတွင် သြဇာကြီးမားသည့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ အက်ဒ်ရွိုက်စ်တို့ ဖြစ်ကြသည်။

ဘင်္ဂါလီများအား ကျူးလွန်သည့် ရက်စက်မှုများကို တုံ့ပြန်ရာတွင် လူ့အခွင့်အရေး ဝတ္တရားများကို လိုက်နာရန် တောင်းဆိုခဲ့ပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားများကဲ့သို့ တူညီသည့် အခွင့်အရေးနှင့် ကာကွယ်မှုကို ရရှိထိုက်တန်ကြောင်း၊ ၎င်းတို့နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သော ဆက်ဆံရေးဆီသို့ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အထက်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဂျွန်မက်ကိန်းက ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကင် ခေါင်းဆောင် မစ်ချ်မက်ကော်နယ် က ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) မွတ်စလင်များအား ဆက်ဆံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်ကို ထောက်ခံမည် မဟုတ်ကြောင်းနှင့် ဝါရှင်တန်အနေဖြင့် သူမအား ပြစ်တင်ပြောဆိုမှု မပြုလုပ်သင့်ကြောင်း စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။

ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် ဒီမိုကရက်အထက် လွှတ်တော်အမတ် ရစ်ချတ်ဒါဘင်တို့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့်ပဋိပက္ခကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းသည့် အဆိုပါဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် သီတင်းပတ်က အဆိုပြုခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent