မြန်မာ့ကမ်းလွန်၌ တည်ဆောက်နေသည့် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြစခန်း တည်ဆောက်ရေး စီမံကိန်းတွင် ရေကြောင်းပြသင်္ဘော သုံးစင်း ထည့်သွင်း တည်ဆောက်မည်

မြန်မာ့ကမ်းလွန်၌ တည်ဆောက်နေသည့် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြစခန်း တည်ဆောက်ရေး စီမံကိန်းတွင် ရေကြောင်းပြသင်္ဘော သုံးစင်း ထည့်သွင်း တည်ဆောက်မည်
မြန်မာ့ကမ်းလွန်တွင် တည်ဆောက်နေသည့်  ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်းကို တွေ့ရစဉ်
မြန်မာ့ကမ်းလွန်တွင် တည်ဆောက်နေသည့်  ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်းကို တွေ့ရစဉ်
Published 11 October 2018
 ရွှန်းလဲ့ဝင်း

မြန်မာ့ကမ်းလွန်၌ တည်ဆောက်နေသည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း တည်ဆောက်ရေးစီမံကိန်းတွင် ရေကြောင်းပြသင်္ဘော သုံးစင်းကိုပါ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ရေကြောင်းပြစခန်းအား ယခုနှစ်အတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် ရာခိုင်နှုန်း ၆၀ ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။ 

Offshore Fixed Pilot Station တည်ဆောက်ရေး စီမံကိန်းတွင်  အလျား ၃၃ ဒသမ ၂ မီတာနှင့် အနံ ၃၀ ဒသမ ၄ မီတာအရွယ် သုံးထပ် အဆောက်အအုံ တစ်လုံး၊ သင်္ဘောအရွယ်အစား GRT1500 အရွယ် ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား တစ်စင်း၊ ရေကြောင်းပြ အဆောက်အအုံတွင် မီးစက်၊ ရေသန့်စင်စက်၊ ရေကြောင်း ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ၊ ရေဒါနှင့် Pilot Boat သုံးစင်းတို့ ပါဝင်ပြီး စီမံကိန်းတန်ဖိုးမှာ ဒေါ်လာ ၂၀ ဒသမ ၉ သန်း ကုန်ကျခံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

မိုးရာသီကာလ၌ တည်ဆောက်ရေးလုပ်ငန်းများ ရပ်နားထားသည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) တည်ဆောက်မှုကို ယခုလတွင် ပြန်လည် စတင်မည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) တည်ဆောက်မှု ရာခိုင်နှုန်း ၆၀ ပြီးစီးနေပြီ ဖြစ်ပြီး၊ မိုးရာသီ၌ တည်ဆောက်ရေးလုပ်ငန်းများ ရပ်နားထားခြင်း ဖြစ်သည်။

“မိုးရာသီကာလမှာတော့  ပင်လယ်ပြင် တည်ဆောက်ရေး လုပ်ငန်းတွေကို ရပ်နားထားပြီး အခု အောက်တိုဘာလမှာ ပြန်စဖို့ စီစဉ်နေပါတယ်။ လက်ရှိအချိန်ထိ ရေကြောင်းပြ အဆောက်အုံရဲ့ Basement Floor တည်ဆောက် ပြီးသွားပါပြီ။ First Floor အတွက် ကွန်ကရစ်လောင်းဖို့ ပြင်ဆင်နေပြီး ၂၀၁၈ ဒီဇင်ဘာမှာ တည်ဆောက်ရေး လုပ်ငန်းတွေကို အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာ မျိုးငြိမ်းအေးက ပြောကြားသည်။

နိုင်ငံတကာမှ ပင်လယ်ကူး သင်္ဘောကြီးများသည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက် သွားလာရာတွင်  ရန်ကုန်ဆိပ်ကမ်းမှ ၆၄ ကီလိုမီတာအကွာရှိ ပင်လယ်ဝမှ ဝင်ထွက်ကြရခြင်း ဖြစ်သည်။  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးများက အဆိုပါ ပင်လယ်ကူး သင်္ဘောကြီးများကို ဦးဆောင် ထိန်းကျောင်း၍ ရန်ကုန်ဆိပ်ကမ်းသို့  ဘေးအန္တရာယ် ကင်းရှင်းစွာ ဝင်ထွက် သွားလာနိုင်ရန် ပို့ဆောင်ပေးရကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ပင်လယ်ဝတွင် ရေကြောင်းပြသင်္ဘော (Pilot Vessel) နှစ်စင်းအား ရေကြောင်းပြစခန်းအဖြစ် အလှည့်ကျကျောက်ချ အခြေစိုက်ထားရှိကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်ဆိပ် ကမ်းသို့  ဝင်ထွက် သွားလာသည့် ပင်လယ်ကူးသင်္ဘောကြီးများ ပိုမိုများပြားလာသည်နှင့်အမျှ တာဝန်ကျဝန်ထမ်းများ ပိုမိုများပြားလာပြီး နေရာလိုအပ်ချက် ရှိလာခြင်း၊ ရာသီဥတု ဆိုးရွားချိန်များတွင် ရေကြောင်းပြ သင်္ဘောအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခြင်း၊ ပြုပြင် ထိန်းသိမ်းစရိတ် ကြီးမြင့်လာခြင်း စသည့် အချက်များကြောင့် ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) အား သံကူကွန်ကရစ် သုံးထပ် အဆောက်အုံအဖြစ် တည်ဆောက်ရခြင်း ဖြစ်သည်။

အဆိုပါ Offshore Fixed Pilot Station တည်ဆောက် ပြီးစီးပါက ရာသီဥတု ဆိုးရွားသော်လည်း ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများ အခြားနေရာသို့ ပြောင်းရွေ့ရန် မလိုခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ အချိန်အခါ ရာသီ မရွေး ပင်လယ်ကူးသင်္ဘောကြီးများအား ကိုင်တွယ် ထိန်းသိမ်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။                         

Most Read

Most Recent