ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်ဖြစ်ပွားခဲ့သော RCSS နှင့် SSPP တို့၏ တိုက်ပွဲနှင့်ပတ်သက်၍ SSPP ဗဟိုက ကြားဝင်စေ့စပ် ဖြေရှင်းရေး ခေါင်းဆောင်ထံ ဖြေရှင်းစာပေးပို့

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်ဖြစ်ပွားခဲ့သော RCSS နှင့် SSPP တို့၏ တိုက်ပွဲနှင့်ပတ်သက်၍ SSPP ဗဟိုက ကြားဝင်စေ့စပ် ဖြေရှင်းရေး ခေါင်းဆောင်ထံ ဖြေရှင်းစာပေးပို့
Published 10 October 2018
မင်းနိုင်စိုး

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့၏ တိုက်ပွဲနှင့်ပတ်သက်၍ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အကြား ပဋိပက္ခများ ပိုမိုကြီးထွားမလာစေရေးအတွက် SSPP ဗဟိုက ဖြစ်ရပ်မှန် ဖြေရှင်းချက်စာကို ကြားဝင်စေ့စပ် ဖြေရှင်းရေးခေါင်းဆောင်ထံ အောက်တိုဘာ ၉ ရက်တွင် စာရေးသားပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ပေးပို့ကြောင်းနှင့် ပေးပို့ခဲ့သော ဖြေရှင်းချက်စာပါ အကြောင်းအရာအချို့ကို အောက်တိုဘာ ၉ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ သတင်းနှင့်ပြန်ကြားရေးဌာန၌ ရှမ်းစာပေဖြင့် ရေးသားဖော်ပြခဲ့သည်။

RCSS အနေဖြင့် SSPP ထိန်းချုပ်ထားရာ နယ်မြေသို့ ဝင်ရောက်လှုပ်ရှားခြင်း၊ SSPP ထိန်းချုပ်နယ်မြေအတွင်း စည်းရုံးရေးဆင်းခြင်း၊ နယ်မြေ၊ ကျေးရွာအလိုက် SSPP အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပေးထားသည့် စကားပြောစက်များကို အပ်နှံခိုင်းခြင်း၊ မအပ်နှံပါက အရေးယူမည်ဟု ခြိမ်းခြောက်ခြင်း၊ SSPP နှင့် အဆက်အသွယ် ဖြတ်ခိုင်းခြင်း စသည့် အချက်များကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း SSPP ဗဟိုက ကြားဝင်စေ့စပ် ဖြေရှင်းရေးခေါင်းဆောင်ထံ ပေးပို့သည်စာ၌ ဖော်ပြထားသည်။

ထို့ပြင် မိုင်းနန်းနယ်၊ ဟိုပုံနယ်၊ နောင်ဆွမ်းနယ်နှင့် မိုင်းကောင်းနယ်တို့တွင် RCSS က ဖွဲ့စည်းအုပ်ချုပ်ရန် ကြိုးစားလာခြင်း၊ RCSS မှ စစ်ကူများ ထပ်မံဖြည့်တင်းရန်နှင့် SSPP ဌာနချုပ် ဝမ်ဟိုင်းအား ထိုးစစ်ဆင်ရန် ယင်းဒေသရှိ ဒေသခံများထံမှ ဆန်များ တောင်းခံခြင်း၊ လုံခြုံရေးအရ ယင်းဒေသများသို့ ဝင်ရောက်လာသည့် SSPP စစ်ကြောင်းအား RCSS မှ ကျေးသီးမြို့နယ်တွင် ချုံခိုတိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်ဟု SSPP ဗဟိုက ဖြေရှင်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော RCSS နှင့် SSPP တို့၏ တိုက်ပွဲနှင့်ပတ်သက်၍ ယင်းနေ့တွင် RCSS ပိုင် သတင်းဌာနတစ်ခုဖြစ်သည့် Tai Freedom က မိုင်းကိုင်ကျေးရွာ၊ မိန်းခွန်းနယ်တွင် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြခဲ့ပြီး အဆိုပါ ဖော်ပြချက်သည် လုံးဝမဟုတ်မှန်ကြောင်းနှင့် ကျေးသီးမြို့နယ် ဟိုပုံနယ်အပိုင် SSPP ထိန်းချုပ်ရာ နယ်မြေဖြစ်သော နမ့်အုပ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း SSPP ၏ ဖြေရှင်းချက်အရ သိရသည်။

မိုင်းနန်း၊ နောင်ဆွမ်းမ်၊ ဟိုပုံနှင့် မိုင်းကောင်းဝ်နယ်များသည် ကျေးသီးမြို့နယ်အတွင်းရှိပြီး ကျေးသီး-မိုင်းနောင် ကားလမ်းပေါ်တွင်ရှိသော တိုက်နယ်များဖြစ်ကာ ယခုအငြင်းပွားနေသည့် နယ်မြေများသည် ကားလမ်း၏ အနောက်ဘက်တွင်ရှိသော ဒေသများတွင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်မြေများသည် RCSS နှင့် SSPP တို့၏ နယ်မြေထိစပ်ရာ နေရာများအဖြစ် တည်ရှိနေသည်မှာ ယခင်ကတည်းကဖြစ်ပြီး ယခုကဲ့သို့ နယ်မြေကျူးကျော်မှု ပြဿနာများ မရှိခဲ့ကြောင်း၊ RCSS ၏ နယ်မြေသည် အဆိုပါ ဒေသများ၏ တောင်ဘက်ရှိ ရှမ်းပြည်တောင်ပိုင်းနယ်များသာဖြစ်ကြောင်း SSPP ဗဟိုက ရှင်းလင်းသည်။

ထို့ကြောင့် မိုင်းနန်း၊ နောင်ဆွမ်းမ်၊ ဟိုပုံနှင့် မိုင်းကောင်းဝ်နယ်မြေများတွင် RCSS အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်လာမှုကို SSPP အနေဖြင့် လုံးဝခွင့်မပြုနိုင်ကြောင်း၊ အောက်တိုဘာ ၉ ရက်တွင် RCSS အနေဖြင့် ယင်းဒေသမှ ထွက်ခွာသွားသည့်အတွက် တိုက်ပွဲများ ငြိမ်သက်သွားကြောင်းနှင့် RCSS ဘက်မှ နယ်ကျော်လှုပ်ရှားမှုမရှိလျှင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်မဟုတ်ကြောင်း SSPP/SSA ဗဟိုက ကြားဝင်စေ့စပ်ဖြေရှင်းရေး ခေါင်းဆောင်ထံ စာရေးသားပေးပို့၍ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent