မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပားဒေသတွင် ပြုလုပ်ရန် လျာထားသည့် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲသို့ အစိုးရ အဆိုပြုထားသည့်ရက်အတိုင်း တက်ရောက်နိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအား ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော PPST အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရဘက်ကမူ ထိပ်သီးဆွေးနွေးပွဲအား အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ရန် အဆိုပြုထားသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင် တက်ရောက်မည်ဖြစ်ပြီး NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များကိုလည်း ယင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။
သို့သော်လည်း အစိုးရ၊ တပ်မတော်တို့ နှင့် NCA-S EAO ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် တွေ့ဆုံနိုင်ရန် အဆိုပြုချက်နှင့်စပ်လျဉ်း၍ ရလဒ်ကောင်းများ ရရှိရန်နှင့် ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် လိုအပ်နေသေးသည့်အတွက် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးနိုင်မည့် နေ့ရက်ကို ပြန်လည်ညှိနှိုင်း ဆွေးနွေးသွားမည်ဟု အောက်တိုဘာ ၆ ရက်တွင် KNU ၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးက ကြေညာခဲ့သည်။
ထို့ကြောင့် ယခုပြုလုပ်သည့် PPST အစည်းအဝေးတွင် ပုပ္ပားတောင်ဒေသတွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲနှင့့်ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ပြီး ယခုပြုလုပ်သည့် PPST ၏ အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်အမှာစကား ပြောကြားသည်။
“ဒီအစည်းအဝေးမှာ အဓိက,ကတော့ 10 Plus 10 ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ အလွတ်သဘော သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့တဲ့ ပြင်ဆင်ရေးအဖွဲ့က ပြန်လည်တင်ပြချက်တွေကို နားထောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တင်ပြလာတဲ့အချက်တွေကို ညှိနှိုင်းဆွေးနွေးပြီး ဘုံရပ်တည်ချက်ကို သတ်မှတ်ကြမယ်။ ဒီဘုံရပ်တည်ချက်ကို အခြေခံပြီး ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားကြမလဲ ဆိုတာကို လုပ်ငန်းစဉ် ချမှတ်ကြမယ်။ ဒါအပြင် ဒီလုပ်ငန်းစဉ်တွေကိုလည်း လက်ရှိဖြစ်တည်နေတဲ့ အလွတ်သဘောဆွေးနွေးပွဲကနေ နက်ရှိုင်းစွာနဲ့ Stakeholder တွေအကြား တည်ရှိနေကြတဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံယူဆချက် ကွာဟမှုတွေကို ကြိုးစားစေ့စပ် ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။
နက်ရှိုင်းသော ကွာဟချက်များဟု ပြောသော်လည်း ၎င်းတို့အနေဖြင့် NCA အပေါ်တွင်သာ ရပ်တည်ရမည်ဖြစ်ပြီး NCA အပေါ်တွင် နှစ်ဖက် လိုက်နာခြင်း ရှိ၊မရှိကိုလည်း အဖြေရှာရမည်ဖြစ်ကာ ပြင်ဆင်ရေးအဖွဲ့မှ တင်ပြလာသော အချက်များသည် NCA နှင့် ကိုက်ညီမှု ရှိ၊ မရှိကို ပြန်သုံးသပ်ရန် လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။
“ဘာကြောင့်လဲဆိုတော့ နှစ်ဖက်ကွာဟမှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာထဲကမှ ကျော်လွှားခဲ့ကြပြီး NCA ဆိုတာကို ရရှိလာတယ်။ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ ကျွန်တော်တို့အဖွဲ့တွေအတွက် NCA ဟာ လမ်းညွှန်တစ်ခုပဲ ဖြစ်တယ်။ အဲဒီကနေ သွေဖည်လို့ မရပါဘူး” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အနာဂတ်ပြည်ထောင်စုကို အတူတကွ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြမည်ဖြစ်သည့်အတွက် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သော အခင်းအကျင်းဖြစ်ရန် လမ်းရှာပေးကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အမုန်းတရားကို အခြေခံပြီး တည်ဆောက်၍ မရကြောင်းနှင့် အနာဂတ်အတွက် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းများကို အခြေခံကာ ငြိမ်းချမ်းရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။