ဒီမိုကရေစီနှင့် စံတန်ဖိုးများ

ဒီမိုကရေစီနှင့် စံတန်ဖိုးများ
Published 10 October 2018

တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်း၊ တာဝန်ယူမှု၊ သမာဓိတည်ကြည်မှု၊ မိမိကိုယ်ကိုယ် စည်းကမ်းသတ်မှတ်မှု စသည့် ဒီမိုကရေစီ စံတန်ဖိုးများသည် ဒီမိုကရေစီအတွက် ပညာပေးမှုတွင် ပါဝင်ရန်နှင့် အကောင်အထည်ဖော်ရန် ခက်ခဲသည့် ကိစ္စရပ်များ ဖြစ်သည်။ သို့သော် ဒီမိုကရေစီစနစ်တစ်ရပ်အတွင်း မည်သို့မည်ပုံ နေထိုင်ကြရမည်ကို သက်ဆိုင်ရာနိုင်ငံသားအလိုက် သိရှိပညာပေးနိုင်ရန်၊ အမှန်တကယ် လိုက်နာကျင့်သုံးနိုင်ရန် လိုအပ်မည်ဖြစ်သည်။

“နိုင်ငံရေးသည် ရူပဗေဒထက် ပို၍ခက်ခဲသည်” ဟူ၍ အဲလ်ဗက်အိုင်းစတိုင်းက ဆိုခဲ့ဖူးသည်။ စီမံခန့်ခွဲမှုအား လက်တွေ့ကျင့်သုံးခြင်း၊ အခြားသူများကို စီမံခန့်ခွဲခြင်းဟူ၍ ရှုပ်ထွေးခြင်းမရှိလှသော်လည်း လွယ်ကူသည်ဟု မဆိုနိုင်သော သဘောတရားများ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရန် ခက်ခဲလေ့ရှိပါသည်။ အထူးသဖြင့် စုပေါင်းလုပ်ဆောင်ရသော အသင်းတစ်သင်း အဖွဲ့တစ်ဖွဲ့သာမက စုဖွဲ့လုပ်ဆောင်မှုပိုင်းဆိုင်ရာ အဖွဲ့အစည်းတိုင်းတွင် စွမ်းဆောင်ရည် တိုးတက်မှုနှင့် ရှိပြီးသား အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုတတ်ရန် လိုအပ်မည်ဖြစ်သည်။

အားယူစ ဒီမိုကရေစီနိုင်ငံများတွင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအလိုက် အလုပ်ဖြစ်သော ဒီမိုုကရေစီ စနစ်များကို ထင်ဟပ်ပြနိုင်သည့် လုပ်ငန်းစဉ်များအား စုစည်းကြရလေ့ရှိသည်။ မူလတန်းကျောင်းများမှ အစပြု၍ ဒီမိုကရေစီ စံတန်ဖိုးများအတွက် အားကောင်းသော ပညာရေးစနစ်များ၊ သင်ရိုးညွှန်းတမ်းများ ဖွံ့ဖြိုးလာအောင် အကောင်အထည် ဖော်ကြရလေ့ရှိရမည့်အပြင် ငယ်ရွယ်သော မျိုးဆက်များအား ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သစ်တစ်ရပ်တွင် မည်သို့ မည်ပုံ နေထိုင်ကြရမည်ကို သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ကြပြီးဖြစ်သည်။ အမေရိကန်ကဲ့သို့ အစဉ်အလာအရ အားကောင်းသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း၌ပင် ၉/၁၁ ကဲ့သို့ အကြမ်းဖက် ဖြစ်ရပ်ဆိုးများက ဒီမိုကရေစီကျင့်စဉ်များကို နားလည်သိမြင်လာစေရန် အရေးတကြီး ထောက်ပြခဲ့ပြီးဖြစ်သည်။

အပြုအမူဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ရှုထောင့်မှ ချဉ်းကပ်သော သင့်လျော်စွာ ဖွံ့ဖြိုးလာစေသည့် နည်းလမ်းများအတွင်း လိုအပ်သော အစီအမံများဖြင့် အကောင်အထည်ဖော်ခြင်းသည် ဒီမိုကရေစီ စံနှုန်းအတွက် အရေးပါသော ကိစ္စရပ်များပင်ဖြစ်သည်။ “နိုင်ငံတော် အကျိုးစီးပွားဟူသည် ရုပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာရပ်များကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက် ထိပါးခြင်းမှနေ၍  ကာကွယ်စောင့်ရှောက်မှုအား ဆက်လက်ရှင်သန်အောင် ပြုလုပ်ရေးဖြစ်သည်” ဟူသော အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပညာရှင် မော်ဂင်ဆော ပြောကြားခဲ့သည့်နည်းတူ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားအတွက် သက်ဆိုင်ရာနိုင်ငံမှ ကျင့်သုံးသောစနစ်၏ တစ်နည်းအားဖြင့် ဒီမိုကရေစီ စံနှုန်းများအပေါ် သိရှိလိုက်နာနိုင်မှု အလေ့အထကောင်းများက များစွာအရေးပါနေပါသည်။

ဒီမိုကရေစီဟူသည်မှာ သီးခြားစံတန်ဖိုးများပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစုအဖွဲ့မှသည် ပိုမိုကျယ်ပြန့်သည့် အဖွဲ့အစည်းများအထိ ကဏ္ဍအလိုက် ပြည့်စုံရှင်းလင်းစွာ အမည်သတ်မှတ် လေ့ကျင့်မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်များအတွက် ယင်းစံတန်ဖိုးများသည် တစ်သီးပုဂ္ဂလသာမက အများပြည်သူဆိုင်ရာ လူမှုရေးဆိုင်ရာ အကျိုးဆက်များအတွက် အရေးပါကြောင်း သိမြင်လာနိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ဒီမိုကရေစီနိုင်ငံတစ်ခု၌ နေထိုင်ကြသူမည်သူမဆို ဒီမိုကရေစီဆိုင်ရာ စံတန်ဖိုးများကို အမှန်တကယ် နားလည်လက်ခံ ကျင့်သုံးနိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၁ ရက်နေ့ထုတ် The Daily Eleven သတငး်စာ အယ်ဒီတာ့အာဘော်

Most Read

Most Recent