ဝင်ဘလေကွင်းအား ရှာဟစ်ခန်း ဝယ်ယူရန်ကြိုးပမ်းမှုတွင်မသမာခြစားမှုများရှိနေသည်ဆိုသည့် စွပ်စွဲမှုထွက်ပေါ်လာ

ဝင်ဘလေကွင်းအား ရှာဟစ်ခန်း ဝယ်ယူရန်ကြိုးပမ်းမှုတွင်မသမာခြစားမှုများရှိနေသည်ဆိုသည့် စွပ်စွဲမှုထွက်ပေါ်လာ
Published 10 October 2018

 

ဝင်ဘလေကွင်းအား ဖူလ်ဟမ်အသင်းပိုင်ရှင် ဘီလျံနာ ရှာဟစ်ခန်း ဝယ်ယူရန်ကြိုးပမ်းမှုနောက်ကွယ်တွင် မသမာခြစားမှုများရှိနေသည်ဟု စွပ်စွဲမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယင်းစွပ်စွဲမှုကို ကာယကံရှင်ဖြစ်သူ ရှာဟစ်ခန်းက ငြင်းဆန်ပယ်ချခဲ့သည်။ သို့သော် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) တာဝန်ရှိသူများသည် ယင်းစွပ်စွဲမှုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံဖွား အမေရိကန်နိုင်ငံသား သန်းကြွယ်သူဌေး ရှာဟစ်ခန်းသည် ဝင်ဘလေကွင်းကို ပေါင်သန်း(၆၀၀)ဖြင့် ဝယ်ယူရန်စီစဉ်နေပြီး ယခုအောက်တိုဘာလ(၂၄)ရက်နေ့တွင်  လူပုဂ္ဂိုလ် (၁၂၇)ဦးပါဝင်သော FA ကောင်စီအဖွဲ့ဝင်များက ယင်းအရောင်းအဝယ်ကိစ္စအား မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ယင်းမဲခွဲဆုံးဖြတ်မှု၌ ၎င်းအသာရစေရန်အတွက် ရှာဟစ်ခန်းသည် မသမာသောနည်းများဖြင့် ကြိုးစားနေသည်ဟု ဖူလ်ဟမ်အသင်း လက်ထောက်ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သူ ခရိတ်ကလိုင်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ကလိုင်းသည် ဖူလ်ဟမ်အသင်းနှင့် အငြင်းပွားဖွယ်လမ်းခွဲခဲ့ပြီးနောက် အသင်းပိုင်ရှင် ရှာဟစ်ခန်းနှင့် အသင်းထိပ်တန်းတာဝန်ရှိသူများကို Twitter တွင် အစဉ်အမြဲလိုလို ဝေဖန် တိုက်ခိုက်ရေးသားနေသူဖြစ်သည်။ ၎င်းကို ရှာဟစ်ခန်းနှင့် အသင်းအမှုဆောင်ချုပ် မက်ကင်တော့ရှ် တို့က ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟုလည်း ကလိုင်းက ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းကိစ္စကို  ရဲတပ်ဖွဲ့ထံ တိုင်ကြားထားရာ ဗြိတိန်ရဲတပ်ဖွဲ့က စစ်ဆေးမှု များပြုလုပ်နေသည်။

ယခု ဝင်ဘလေကွင်းအရောင်းအဝယ် မဲခွဲမှုအတွက် ရှာဟစ်ခန်း မသမာမှုပြုလုပ်သည့် အဓိကသက်သေများ မိမိထံတွင်ရှိသည်ဟု ကလိုင်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှာဟစ်ခန်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ၎င်း၏စွပ်စွဲမှုများမှာ အဓိပ္ပာယ်မရှိဟု ပြောကြားခဲ့သည်။ သို့သော် FA ကမူ ယင်းစွပ်စွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent