မြန်မာပိုက်ကျော်ခြင်း အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း

မြန်မာပိုက်ကျော်ခြင်း အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း
Published 26 August 2017

“လွယ်လွယ်ကူကူနဲ့ရခဲ့တဲ့ ရွှေတံဆိပ်ဆု မဟုတ်ပါဘူး”

 

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာပိုက်ကျော်ခြင်းအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပထမဆုံး ထည့်သွင်းကျင်းပတဲ့ လေးယောက်တွဲပြိုင်ပွဲမှာ ရွှေတစ်ခု၊ ငွေတစ်ခု ရယူနိုင်ခဲ့ပါတယ်။ မြန်မာပိုက်ကျော်ခြင်းအသင်းဟာ လက်ရှိအချိန်မှာ ရွှေတစ်ခု၊ ငွေနှစ်ခုရထားပြီး ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အောင်မြင်မှုတွေ ထပ်ရနိုင်ပါတယ်။ ဒါကြောင့် မြန်မာပိုက်ကျော်ခြင်း အသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးအား တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 

မေး - ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ကစားရတဲ့ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲမှာ မြန်မာအသင်းက အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးသုံးပွဲဆက်အနိုင်ရပြီး ရွှေဆုရရှိခဲ့တဲ့အပေါ် ပြောပေးပါဦး။

ဖြေ - ပထမဆုံးပွဲမှာ စိတ်လှုပ်ရှားပြီး အင်ဒိုနီးရှားအသင်းကို (၂-၁) ပွဲနဲ့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားအသင်းက ဗီယက်နမ်ကို (၂-၁) ပွဲနဲ့ ပြန်ရှုံးခဲ့တာကြောင့် နောက်ဆုံးပွဲမှာ ဗီယက်နမ်ကို နှစ်ပွဲပြတ် အနိုင်ရရင် ရွှေဆုရမှာဖြစ်တာကြောင့် အားလုံးကြိုးစားခဲ့ပါတယ်။ အင်ဒိုနီးရှားကို ရှုံးခဲ့ပေမယ့် လာအို၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတို့ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ရမှတ်တစ်မှတ်အသာနဲ့ ရွှေဆုရရှိခဲ့တာဖြစ်ပါတယ်။ ပိုက်ကျော်ခြင်းမှာ နှစ်ပွဲပြတ် အနိုင်ရမှ နှစ်မှတ်  ပေးပါတယ်။ (၂-၁) ပွဲနဲ့အနိုင်ရရင် တစ်မှတ်ပဲ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ခြောက်မှတ်၊ အင်ဒိုနီးရှားက ငါးမှတ်နဲ့ ရွှေဆုရခဲ့တာပါ။

 

မေး - အဖွင့်ပွဲမှာလည်း ရှုံးခဲ့တယ်။ နောက်ဆုံးပွဲမှာလည်း ဗီယက်နမ်ကိုလည်း နှစ်ပွဲပြတ်အနိုင်ရမှ ရွှေတံဆိပ်ရမယ့် အနေအထားမှာ ကစားသမားတွေ စိတ်ဓာတ်တက်လာဖို့ ဘယ်လိုလှုံ့ဆော်မှုတွေ ပေးခဲ့ပါသလဲ။

ဖြေ - ဗီယက်နမ်က အင်ဒိုနီးရှားကို နိုင်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံးပျော်သွားပါတယ်။ ဒါက အခွင့်ကောင်းတစ်ခုဖြစ်သွားပါတယ်။ ကစားသမားတွေကိုယ်တိုင်ကလည်း စိတ်ဓာတ်တက်သွားပါပြီ။ ကစားသမားတွေကိုလည်း သေချာမှာတယ်။ ကံတရားကတော့ ကိုယ့်ဘက်မှာရှိနေပြီ။ နှစ်ပွဲပြတ် အနိုင်ရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကစားခဲ့တာဖြစ်ပြီး အုပ်ချုပ်နည်းပြနဲ့ ကစားသမားတွေပေါင်းပြီး ရခဲ့တာ ပါ။ လွယ်လွယ်နဲ့ရခဲ့တဲ့ ရွှေတံဆိပ်ဆု မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိစဉ်ကတည်းက ဒီပြိုင်ပွဲမှာ ရွှေဆုရဖို့ မျှော်မှန်းထားတာပါ။ အခုလိုမျိုး အောင်မြင်မှုရခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။

 

မေး - ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပထမဆုံးပါလာတဲ့ လေးယောက်တွဲပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေ ရှိပါသလား။

ဖြေ - အခက်အခဲကတော့ အများကြီးရှိပါတယ်။ ဆီးဂိမ်းစ်အကြိုပြိုင်ပွဲကို အခုပြိုင်ပွဲ ကျင်းပတဲ့ကွင်းမှာပဲ လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားတို့ နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီပြိုင်ပွဲတုန်းက အင်ဒိုနီးရှားကို ကပ်ရှုံးပြီး ရွှေဆုနဲ့ လွဲခဲ့ဖူးပါတယ်။ အားနည်းချက်တွေကို ပြန်ပြင်ဆင်တယ်။ လူသစ်တွေအားဖြည့်တယ်။ အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်ရခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအသစ်ဆိုရင် ကျွန်တော်တို့က ရွှေရတဲ့အစဉ် အလာရှိပါတယ်။ ကြိုးစားမှုကြောင့်ဖြစ်လာတာပါ။

 

မေး - အမျိုးသားအသင်းရဲ့ ဗိုလ်လုပွဲကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ - ဒုတိယပွဲမှာ (၁၉-၂၀) မှတ်အနေအထားမှာ တစ်မှတ်ထပ်ရရင် ဆက်ကစားရမှာပါ။ ဒီလိုအချိန်မှာ ကစားသမားတွေအနေနဲ့ စိတ်လှုပ်ရှားတတ်ပါတယ်။ အမျိုးသားအသင်းကိုလည်း မျှော်လင့်ထားပေမယ့် လွဲချော်ခဲ့တဲ့ အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။

 

မေး - နောက်ဆုံး ယှဉ်ပြိုင်ရမယ့် နှစ်ယောက်တွဲပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ - ပြိုင်ပွဲနှစ်ခုမှာ အနည်းဆုံး ရွှေတစ်ခု မျှော်မှန်းထားပါတယ်။ ရွှေလည်းထပ်ရမယ်လို့ ယုံကြည်ပါတယ်။ ဘက်ပေါင်းစုံအားပေးနေတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။

 

 

Most Read

Most Recent