ရွှေသမီးနှင့် တွေ့ဆုံခြင်း

ရွှေသမီးနှင့် တွေ့ဆုံခြင်း
Published 31 December 2017

အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့စဉ်တည်းက ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းလာခဲ့သူက ရွှေသမီးပါ။ မန္တလေးမြို့သူလေးဖြစ်တဲ့ ရွှေသမီးက အနုပညာအလုပ်တွေလုပ်ကိုင်ရင်း အနုပညာပျိုးခင်းရဲ့ ပန်းတစ်ပွင့်လည်း ဖြစ်လာခဲ့ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ ချစ်စရာမင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ရရှိထားသူပါ။ ဇန်နဝါရီ ၅ ရက်မှာ ရုံတင်ပြသတော့မယ့် ‘ဂယ်ဘဲသရဲနှင့် သူငယ်ရွာ’ ရုပ်ရှင်ဇာတ်ကားမှာတော့ ရွှေသမီးကို ပရိသတ်တွေအနေနဲ့ မတွေ့ဖူးသေးတဲ့ ဇာတ်ကောင်စရိုက်မျိုးနဲ့ တွေ့ရမှာဖြစ်သလို ဇန်နဝါရီလထဲမှာပဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘သုံးရောင်ခြယ်’  ဇာတ်ကားလည်း ရုံတင်တော့မှာဖြစ်လို့ ရွှေသမီးနဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

■ မေး- လက်ရှိအနုပညာ လှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။

■ ဖြေ- ဒါရိုက်တာ ကိုပြည်ဟိန်းသီဟနဲ့ မြဝတီဘက်ကိုသွားပြီး ရန်ကုန် ‘တူ’ ထိုင်းလင်း ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်ဆက်ရိုက်မယ့် ကားတွေလည်း ရှိပါတယ်။ နောက်ပြီး နှစ်သစ်မှာပဲ ညီမပါဝင်ထားတဲ့ ဇာတ်ကားတွေဖြစ်တဲ့ ‘ဂယ်ဘဲသရဲ နှင့် သူငယ်ရွာ’ နဲ့ ‘သုံးရောင်ခြယ်’ ဇာတ်ကားတွေ ရုံတင်ဖို့ရှိပါတယ်။ အဲဒီဇာတ်ကားနှစ်ကားကို ဇန်နဝါရီလ ဆန်းပိုင်းမှာ ပရိသတ်တွေကြည့်ရမှာပါ။

 

■ မေး- ဂယ်ဘဲသူရဲနှင့် သူငယ်ရွာ ဇာတ်ကားရိုက်ကူးတုန်းက တွေ့ကြုံရတာလေးတွေကိုလည်း ပြောပြပေးပါဦး။

■ ဖြေ-  ဒီဇာတ်ကားမှာ ဝါရင့်အနုပညာရှင်တွေအများကြီးနဲ့ တွဲဖက်သရုပ်ဆောင်ရတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ပျော်စရာလည်း ကောင်းခဲ့ပါတယ်။ အဖွဲ့သားတွေ အားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတာပါ။ သရဲဝင်ပူးပြီး ကောင်လေးတွေကို ပရောပရီလုပ်ရတဲ့ အခန်းတချို့ကတော့ ခဏခဏ ပြန်ရိုက်ရတာမျိုးတွေရှိတယ်။ ယောကျာ်းလေးတွေကို ပွတ်သီးပွတ်သပ်လုပ်ပြီး မြှူဆွယ်ရတဲ့ ဇာတ်ဝင်ခန်းတွေမှာ ကိုယ်ကနည်းနည်းလည်း ရှက်နေကြောက်နေခဲ့တော့  အဲဒီလိုဇာတ်ဝင်ခန်းတွေက ကိုယ့်အတွက် အခက်အခဲရှိခဲ့တယ်။ ဒါပေမဲ့ ညီမအနေနဲ့ ဇာတ်ကောင်စရိုက် ပီပြင်စေဖို့ သေချာကြိုးစားထားပါတယ်။

 

■ မေး- ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

■ ဖြေ- ဒီဇာတ်ကားမှာ ညီမရဲ့ ဇာတ်ကောင်စရိုက်က မတူတဲ့ကာရိုက်တာ နှစ်မျိုးကို အရမ်းကွဲလွဲတဲ့ စရိုက်နှစ်မျိုးကို မတူအောင်သရုပ်ဆောင်ထားတယ်။ အဲဒီထဲက တစ်မျိုးကလည်း ရှေ့က သရုပ်ဆောင်ထားတဲ့ ဦးခင်လှိုင်ရဲ့ ကာရိုက်တာကိုမိအောင် ကြိုးစားထားရတာဆိုတော့ ပရိသတ်တွေအတွက် ညီမကို အမြင်သစ်တစ်မျိုးနဲ့တွေ့ရမယ့် ဇာတ်ကားဖြစ်မှာပါ။ ပြီးတော့ ဒီဇာတ်ကားလေးက ပရိသတ်တွေအတွက် ဘဝအမောတွေကို တစ်ခဏတာပြေပျောက်ပြီး ပျော်ရွှင်စေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်လို့ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

 

■ မေး- ဒီနေ့ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ ရွှေသမီးဖြစ်ဖို့ ကြိုးစားဖြတ်သန်းခဲ့ရတာလေးတွေကိုလည်း ပြောပြပေးပါဦး။

■ ဖြေ- ညီမက ဆာတိုရီထုတ်လုပ်ရေးနဲ့ ချိတ်ဆက်မိပြီး အနုပညာလောကထဲကို ရောက်လာခဲ့တာပါ။ အနုပညာအလုပ်တွေကို တကယ်ထိထိရောက်ရောက် လုပ်ဖြစ်တာကတော့ ၂၀၁၅ ခုနှစ်လောက်ကမှလို့ ပြောလို့ရပါတယ်။ အနုပညာအလုပ်တွေ လုပ်နေတဲ့အချိန်မှာ ကိုယ်တိုင်ကလည်း အရမ်းစိတ်လေခဲ့တဲ့အချိန်တွေ၊ အရမ်းကို စိတ်ဓာတ်ကျတဲ့အချိန်တွေလည်း အများကြီးရှိခဲ့ပါတယ်။ ဝေဖန်မှုတွေရော ကြုံရတဲ့အခက်အခဲတွေရော အများကြီးပါပဲ။ ဒါပေမယ့် ကိုယ့်အတွက်က အရမ်းကံကောင်းတယ်လို့ ပြောလို့ရတယ်။ အနုပညာပျိုးခင်းက ဆရာတွေရှိတယ်။ ဆာတိုရီက ဆရာတွေရှိတယ်။ အဲဒီအတွက် ကိုယ့်ကိုလက်တွဲခေါ်မယ့်သူတွေ အကြံပေးတဲ့သူတွေလည်းရှိခဲ့တာပေါ့။ နောက်ပြီး ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်တွေကြောင့်လည်း စိတ်အားတက်ခဲ့ရတာတွေ ရှိတဲ့အတွက် ညီမရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

 

■ မေး- ‘သုံးရောင်ခြယ်’ ဇာတ်ကားမှာပါဝင်ထားတဲ့ ဇာတ်ကောင်စရိုက်နဲ့ အဲဒီဇာတ်ကားမှာ ကြိုးစားထားမှုတွေကို ပြောပြပေးပါဦး။

■ ဖြေ- သုံးရောင်ခြယ်ဇာတ်ကားမှာ ညီမက ထိုင်းနယ်စပ်ကိုလူကုန်ကူးခံရပြီးတော့ ရောင်းစားခဲ့ရတာကနေ ပြည့်တန်ဆာဖြစ်သွားတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားရတာပါ။ အဲဒီဇာတ်လမ်းလေးက ပရိသတ်တွေအတွက် ဇာတ်လမ်းအဆန်းလေး ဖြစ်နေမှာပါ။ ညီမအတွက် သရုပ်ဆောင်မှုပိုင်းမှာ အခက်အခဲတွေရှိတဲ့ ဇာတ်ကောင်စရိုက်ဖြစ်ပေမယ့် သေချာကြိုးစားထားပါတယ်။

 

■ မေး - မကြာခင်ပရိသတ်တွေ ကြည့်ရတော့မယ့် ‘ဂယ်ဘဲ သရဲနှင့် သူငယ်ရွာ’ နဲ့ ‘သုံးရောင်ခြယ်’ ဇာတ်ကားတွေက ရွှေသမီးအတွက် စိန်ခေါ်မှုရှိတဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့လား။

■ ဖြေ-  ဟာသပဲဖြစ်ဖြစ် ဒရမ်မာပဲဖြစ်ဖြစ် ညီမအတွက်ကတော့ ဇာတ်ကောင် စရိုက်တိုင်းက စိန်ခေါ်မှုရှိတာတွေချည်းပါပဲ။ ပရိသတ်တွေကို ရယ်အောင်လုပ်ဖို့က ခက်သလိုပဲ ငိုအောင်လုပ်ဖို့ကလည်း ခက်တယ်လေ။

 

■ မေး-  ၂၀၁၈ နှစ်သစ်မှာ ဆက်တိုက်ရုံတင်မယ့် ‘ဂယ်ဘဲသရဲနှင့် သူငယ်ရွာ’ နဲ့ ‘သုံးရောင်ခြယ်’ ဇာတ်ကား နှစ်ကားမှာပါဝင်တဲ့ ကိုယ့်ရဲ့ဇာတ်ကောင်စရိုက်အတွက် စိုးရိမ်မိတာမျိုးရှိလား။

■ ဖြေ-  အဲဒီဇာတ်ကားနှစ်ကားလုံးက ညီမအတွက် အပြောင်းအလဲအရမ်းရှိတဲ့ ဇာတ်ကောင်စရိုက်တွေဖြစ်လို ပထမဆုံးစရိုက်ဖူးတဲ့ ဇာတ်ကောင်စရိုက်တွေပါ။ စရိုက်ခဲ့တုန်းကတော့ စိုးရိမ်မှုတွေရှိခဲ့တယ်။ ရိုက်တဲ့အချိန်မှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် သေချာကြိုးစားပြီး ရိုက်ကူးခဲ့တာဆိုတော့ ရုံတင်တော့မယ်ဆိုတဲ့ အခါမှာ အရမ်းကြီးစိုးရိမ်တာမျိုးမရှိတော့ဘူး။ ဒါပေမယ့် အဲဒီဇာတ်ကားတွေကြည့်ပြီးတဲ့အချိန်မှာ ပရိသတ်တွေက ကိုယ့်ကိုဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့အပေါ်မှာတော့ အရမ်းကို ရင်ခုန်ပါတယ်။

 

■ မေး- ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

■ ဖြေ- နှစ်သစ်လည်း ကူးတော့မယ်ဆိုတော့ ပရိသတ်တွေအားလုံး ကျန်းမာချမ်းသာကြပါစေ။ နှစ်ဟောင်းက ဆိုးခဲ့မှားခဲ့တာတွေကို ချန်ထားခဲ့ပြီး ရှေ့ကိုပဲကြည့်ပြီး လက်ရှိအချိန်ကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေ။ မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာ ယူနိုင်ကြပါစေ။

Most Read

Most Recent