ဘိုးရင်းထံမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ဒေါ်လာသန်း ၆၅၀ ဖိုး ဝယ်ယူရန် အိန္ဒိယ အစိုးရ သဘောတူ ခွင့်ပြု

ဘိုးရင်းထံမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ဒေါ်လာသန်း ၆၅၀ ဖိုး ဝယ်ယူရန် အိန္ဒိယ အစိုးရ သဘောတူ ခွင့်ပြု
Published 19 August 2017

ဖေဖော်ဝါရီ ၂၂ ရက်က အနောက်ဂျာမနီ ရမ်ရှတိုင်းရှိ အမေရိကန်လေတပ်စခန်းသို့ ရောက်ရှိလာသော အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ (Photo: AFP)

အိန္ဒိယ အစိုးရသည် အမေရိကန်လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းကြီး ဘိုးရင်းထံမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ခြောက်စင်းကို ဒေါ်လာ သန်း ၆၅၀ ဖြင့် ဝယ်ယူရန် သြဂုတ် ၁၇ ရက်တွင် သဘောတူ ခွင့်ပြုခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်၊ ပါကစ္စတန်တို့နှင့် နယ်စပ်တင်းမာမှု အရှိန်မြင့်တက်နေချိန်တွင် အိန္ဒိယက ၎င်း၏ စစ်စွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဧရာမ ဝယ်ယူမှုများကို သဘောတူခွင့်ပြုပေးသည့် ကာကွယ်ရေးပစ္စည်း ဝယ်ယူဖြည့်တင်းရေးကောင်စီ (Defence Acquisition Council-DAC) က အပါချီ ရဟတ်ယာဉ် ခြောက်စင်း ထပ်မံဝယ်ယူရန် ခွင့်ပြုပေးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံဝယ်ယူရေး သဘောတူညီချက်အဖြစ် အပါချီ ရဟတ်ယာဉ် ၂၂ စင်းဝယ်ယူခဲ့ပြီးနောက် ယခုအခါ ယင်းရဟတ်ယာဉ်များ ထပ်မံဝယ်ယူရန် DAC က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသဘောတူညီချက်ကို ကြည်းတပ်အတွက် သီးသန့် သဘောတူ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ် နှစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

Hellfire နှင့် Stinger ဒုံးများ တပ်ဆင်ထားသည့် အပါချီ ရဟတ်ယာဉ် ၂၂ စင်းကို အိန္ဒိယက ကနဦး ဝယ်ယူထားပြီး အိန္ဒိယ လေတပ်၏ သက်တမ်းရင့် လေယာဉ်အုပ်စုကို အစားထိုးခဲ့သည်။

ပထမသုတ် အပါချီ ရဟတ်ယာဉ်များ ဝယ်ယူရရှိပြီးနောက် မကြာမီ အိန္ဒိယ ကြည်းတပ်က အပါချီရဟတ်ယာဉ် ၃၉ စင်းထက်မနည်း ရရှိလိုကြောင်း သီးခြားတောင်းဆိုခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အပါချီ ရဟတ်ယာဉ်များ ရရှိမှုသည် အိန္ဒိယကြည်းတပ် အနေဖြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပထမဆုံးအကြိမ် ရရှိမှု ဖြစ်လာမည်ဖြစ်ပြီး အိန္ဒိယ၏ ကုန်းမြင့်ပိုင်း နယ်စပ်များ အထူးသဖြင့် ဒေသတွင်းပြိုင်ဘက် တရုတ်နှင့် အရှေ့ပိုင်းနယ်စပ်များတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို တပ်ဖြန့်နိုင်ရန် မျှော်လင့်ထားသည်။

နယူးဒေလီနှင့် ပေကျင်းတို့သည် မဟာဗျူဟာကျသော ဟိမဝန္တာ ကုန်းပြင်မြင့်တွင် နယ်စပ်တင်းမာမှု ဖြစ်ပွားနေပြီး အိန္ဒိယနှင့် တရုတ်စစ်သားများ နယ်စပ်တွင် တင်းမာနေသည်မှာ သုံးလကျော် ကြာပြီဖြစ်သည်။ ကမ္ဘာတွင် ကာကွယ်ရေးပစ္စည်း အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယသည် ၎င်း၏ ဆိုဗီယက်ခေတ် စစ်လက်နက် ပစ္စည်းများကို အဆင့်မြှင့်တင်ရန် ဒေါ်လာဘီလျံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံနေသည်။

အိန္ဒိယသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော အိမ်နီးချင်းနိုင်ငံများနှင့် ကာလကြာရှည် နယ်မြေအငြင်းပွားမှုများကို ရင်ဆိုင်ရန် ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်နေသည်။၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက အာဏာရလာခဲ့ပြီးနောက် အိန္ဒိယသည် ဧရာမလက်နက် ဝယ်ယူမှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် အစ္စရေးနှင့် ဒေါ်လာနှစ်ဘီလျံရှိ စစ်လက်နက်ပစ္စည်း အရောင်းအဝယ် သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်တွင် မြေပြင်မှ ဝေဟင်ပစ် တာလတ်ဒုံး ကာကွယ်ရေးစနစ်၊ လောင်ချာများ၊ ဆက်သွယ်ရေး နည်းပညာများ ပါဝင်ခဲ့သည်။ ထို့ပြင် အိန္ဒိယသည် မကြာသေးခင် နှစ်များအတွင်း စစ်လက်နက်ပစ္စည်းများအတွက် အစဉ်အလာ မဟာမိတ် ရုရှားထက် အမေရိကန်နှင့် ပြင်သစ်တို့ထံမှ စစ်လက်နက်များပို၍ ဝယ်ယူလာခဲ့သည်။

အိန္ဒိယသည် လေတပ်၏ တိုက်ပွဲဝင် စွမ်းရည်မြှင့်တင်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာလက ရာဖေးတိုက်လေယာဉ် ၃၆ စင်းကို ဒေါ်လာ ၈ ဒသမ ၇ ဘီလျံဖြင့် ဝယ်ယူရန် ပြင်သစ်နှင့် သဘောတူစာညီချက် လက်မှတ်ရေးထိုးခဲ့သည်။

Ref: AFP

Most Read

Most Recent