ပြင်သစ်သမ္မတ မက်ခရွန်၏ ဇနီးက သမ္မတကတော်နေရာကို အလွတ်သဘော ရယူရန် စီစဉ်

ပြင်သစ်သမ္မတ မက်ခရွန်၏ ဇနီးက သမ္မတကတော်နေရာကို အလွတ်သဘော ရယူရန် စီစဉ်
Published 19 August 2017

ဇူလိုင်၂၅ ရက်က ပါရီရှိ သမ္မတနန်းတော်တွင် ဖျော်ဖြေပွဲတစ်ခုသို့ တက်ရောက်လာသည့် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ၎င်း၏ဇနီး ဘရစ်ဂျစ် (Photo: AFP)

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ၎င်း၏ဇနီး ဘရစ်ဂျစ်မက်ခရွန်အား သမ္မတကတော်နေရာအား တရားဝင် ပေးအပ်ရန် စီစဉ်နေမှုသည် အတိုက်အခံများ၏ ဆန့်ကျင်မှုများ ကြုံခဲ့ရပြီးနောက် ဘရစ်ဂျစ်မက်ခရွန်က သူသည် ယင်းနေရာအား အလွတ်သဘောသာ ရယူသွားမည်ဖြစ်ကြောင်း Elle မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ပြီးခဲ့သောမေတွင် ခင်ပွန်းဖြစ်သူ မက်ခရွန်က ပြင်သစ်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံး လက်ခံခဲ့သော အင်တာဗျူးတွင် အသက် ၆၄ နှစ်ရှိ ဘရစ်ဂျစ်က ခင်ပွန်းဖြစ်သူနှင့် အသက် ၂၅ နှစ်ခန့် ကွာဟနေမှုအား ဟာသနှော ပြောကြားခဲ့သည်။

မက်ခရွန်က ၎င်း၏ဇနီးအား သမ္မတကတော် အဆင့်နှင့် အလုပ်တာဝန်များ ဖန်တီးရန် စီစဉ်မှုသည် အွန်လိုင်းတွင်လည်း ဆန့်ကျင်သည့် လှုပ်ရှားမှု ကြုံခဲ့ရသည်။ သို့သော် ကျောင်းဆရာမဟောင်း တစ်ဦးဖြစ်သော ဘရစ်ဂျစ်က မည်သို့ပင်ဖြစ်စေ ယင်းနေရာအား ကွဲပြားသောနည်းလမ်းဖြင့် ရယူသွားရန် စီစဉ်နေကြောင်း သြဂုတ် ၁၈ ရက်တွင် ပြင်သစ်သတင်းစာဆိုင်များ၌ ဖြန့်ချိခဲ့သည့် ယင်းအင်တာဗျူးတွင် ၎င်းက ဆိုခဲ့သည်။ ယင်းအပတ်စဉ်ထုတ် မဂ္ဂဇင်းသည် အဆိုပါ အင်တာဗျူးအား အခြား တည်းဖြတ်မှုများနှင့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိမည်ဖြစ်သည်။

ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည့် သမ္မတကတော်နေရာ တရားဝင် ဖန်တီးမည့်အစား သမ္မတမက်ခရွန်က ဘရစ်ဂျစ်၏ လုပ်ဆောင်မှုများအတွက် သုံးစွဲမည့် ရန်ပုံငွေများနှင့် ဝန်ထမ်းများကို ဖော်ပြမည့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီအစဉ်ကို ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်မ ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဘာတွေ ကတိပြုထားတယ် ဆိုတာတွေကို သမ္မတဝက်ဘ်ဆိုက်မှာ တင်ထားမယ်။ ဒါဆိုရင် ကျွန်မ ဘာလုပ်နေလဲဆိုတာ ပြင်သစ်ပြည်သူတွေ သိရမယ်” ဟု ဘရစ်ဂျစ်က ယင်းအင်တာဗျူးတွင် ဖြေကြားခဲ့သည်။ ဘရစ်ဂျစ်က ပညာရေးနှင့် မသန်စွမ်းသူများနှင့် သက်ဆိုင်သော ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။

ဘရစ်ဂျစ်က နိုင်ငံမြောက်ပိုင်းရှိ Amiens မြို့တွင် ကက်သလစ် အထက်တန်းကျောင်း၌ ၎င်းက ပြဇာတ်သင်ခန်းစာများ သင်ကြားပေးခဲ့သည့် တပည့်ဟောင်း တစ်ဦးဖြစ်သူ မက်ခရွန်နှင့် ပုံမှန်မဟုတ်သော လက်ထပ်ခဲ့မှုကို ပြန်ပြောင်းပြောကြားခဲ့သည်။

ဘရစ်ဂျစ်က ကလေးသုံးဦး ရရှိခဲ့သည့် ပထမအိမ်ထောင်နှင့် ကွာရှင်းခဲ့မှုနှင့် ပတ်သက်၍ နောင်တ မရခဲ့ကြောင်း ပြောကြားခဲ့သည်။ မက်ခရွန်နှင့် အဓိက ပြဿနာမှာ ၎င်းထက် အသက်အလွန်အမင်း ငယ်ရွယ်နေခြင်း ဖြစ်ကြောင်း ဘရစ်ဂျစ်က ပြောကြားခဲ့သည်။ ဘရစ်ဂျစ်က သူသည် သာမန်ပြည်သူများနှင့် စကားစမြည်ပြောရန် ရုပ်ဖျက်လျက် အပြင်သို့ အမြဲတမ်း ထွက်ခဲ့ကြောင်း Elle သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

“ကက်ဦးထုပ်လေးဆောင်း၊ နားကြပ်လေးတပ်၊ မျက်မှန်လေးတပ်ပြီး ကမ္ဘာအဆုံးအထိ ရှင်သွားနိုင်တယ်။ ဘယ်သူမှ ပိတ်လှောင်ထားလို့ မရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ မောင်နှမခြောက်ဦးထဲတွင် အငယ်ဆုံးဖြစ်သော ဘရစ်ဂျစ်က ၎င်းအသက် ရှစ်နှစ်အရွယ်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်သော ၎င်း၏ အကြီးဆုံး အစ်မဖြစ်သူသည် ၎င်း၏ ခင်ပွန်းဖြစ်သူနှင့်အတူ ယာဉ်တိုက်မှု၌ သေဆုံးခဲ့ပြီးနောက် သေခြင်းတရားအား အမြဲတမ်း ထိတ်လန့်ခဲ့ကြောင်းလည်း Elle သို့ ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent