အမေရိကန်၏ ယဉ်ကျေးမှုနှင့် သမိုင်းသည် ဖျက်ဆီးခံနေရသည်ဟု ထရန့် ပြောကြား

အမေရိကန်၏ ယဉ်ကျေးမှုနှင့် သမိုင်းသည် ဖျက်ဆီးခံနေရသည်ဟု ထရန့် ပြောကြား
Published 19 August 2017

သြဂုတ် ၁၇ ရက်က ဝါရှင်တန်ရှိ အမေရိကန်ကွန်ဂရက်တွင် ရုပ်တုခန်းမဆောင်၌ လေ့လာနေကြသော ခရီးသွားများ (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန် ယဉ်ကျေးမှုနှင့် သမိုင်းသည် ဖျက်ဆီးခံနေရသည်ဟု ပြောကြားလျက် ကွန်ဖက်ဒရိတ် ရုပ်တုများ ဖယ်ရှားခြင်းကို သြဂုတ် ၁၇ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းရုပ်တုများကို ထိန်းသိမ်းခြင်းသည် လူဖြူလွှမ်းမိုးကြီးစိုးရေး ဝါဒီများအား ဆန္ဒပြ တောင်းဆိုစရာ ဖြစ်လာခဲ့သည်။

ရီပက်ဘလီကင်ပါတီ၏ ထိပ်တန်းအထက်လွှတ်တော်အမတ် တစ်ဦးသည် ၎င်းပါတီမှ အခြားအဖွဲ့ဝင်များနှင့်အတူ သမ္မတကို ဝေဖန်ရာ၌ ပါဝင်လာပြီး ထရန့်သည် နိုင်ငံကို ဦးဆောင်ရာတွင် လိုအပ်သော တည်ငြိမ်မှု သို့မဟုတ် ပြည့်စုံမှုပြသခဲ့ခြင်း မရှိကြောင်းနှင့် ကြီးမားသည့် ဒုက္ခနှင့် တွေ့နိုင်သော အန္တရာယ်များရှိကြောင်း ပြောကြားခဲ့သည်။

ပါတီနှစ်ရပ်မှ ဝေဖန်မှုများစွာကို ပယ်ချလျက် ထရန့်က အမေရိကန်ပြည်တွင်းစစ် ကာလက ကျွန်စနစ် လိုလားသော တောင်ပိုင်း၏ အထိမ်းအမှတ် ရုပ်တုများနှင့် ပတ်သက်၍ လူမျိုးရေး ခွဲခြားသည်ဟု စွပ်စွဲသည့် ငြင်းခုံမှုများ အတွင်းသို့ နံနက်အစောပိုင်း Twitter ပို့စ်များနှင့်အတူ ဝင်ရောက်လာခဲ့သည်။

“ကျွန်တော်တို့ရဲ့ လှပတဲ့ ရုပ်တုတွေနဲ့ အထိမ်းအမှတ်တွေကို ဖယ်ရှားခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးခံနေရတာကို မြင်ရတာ ဝမ်းနည်းစရာပါ” ဟု ထရန့်က ပြောကြားခဲ့သည်။

အမေရိကန် ပြည်တွင်းစစ်ကာလက တောင်ပိုင်းတပ်များ၏ ဗိုလ်ချုပ် ရောဘတ်အီးလီး၏ ရုပ်တုကို ဖယ်ရှားရန် စီစဉ်မှုအား ဆန္ဒပြရန် ဗာဂျီးနီးယားပြည်နယ် ရှားလော့ဗယ်လီတွင် နာဇီလက်သစ်ဝါဒီများနှင့် လူဖြူကြီးစိုးရေး ဝါဒီများက လွန်ခဲ့သည့် သီတင်းပတ် အကုန်တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ရာ၌ ထရန့်က လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကိုလည်း အကြမ်းဖက်မှုအတွက် အညီအမျှ အပြစ်တင်ရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည့်အတွက် ရီပက်ဘလီကင်နှင့် ဒီမိုကရက် နှစ်ပါတီစလုံးမှ အမတ်များက ထရန့်အား ပြစ်တင်ဝေဖန်နေကြသည်။

တန်ပြန်ဆန္ဒပြသည့် လူအုပ်ကြီးအတွင်းသို့ လူဖြူအမျိုးသားရေး ဝါဒီတစ်ဦးဟု ယူဆရသူ အိုဟိုင်းအိုးပြည်နယ်မှ လူတစ်ဦးက ကားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် အသက် ၃၂ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူပေါင်း ၁၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အမေရိကန်၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်သော ဘာရက်အိုဘားမားကို အမေရိကန်၌ မွေးဖွားခဲ့ခြင်း ဟုတ်၊ မဟုတ် သံသယများ ပစ်လွှတ်လျက် နိုင်ငံရေး၌ ထင်ရှားလာသူ ထရန့်ကို အမုန်းတရားများ ဖြန့်ချိနေသည့် လူဖြူအုပ်စုများအား ပြတ်ပြတ်သားသား ငြင်းဆိုရန် တောင်းဆိုမှုများ ပြည့်လျှံ၍ လာနေသည်။ အဆိုပါ လူဖြူအုပ်စုများကို ထရန့်ရွေးကောက်တင်မြှောက်ခံရမှုက ရဲဆေးတင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထရန့်သည် နာဇီလက်သစ် ဝါဒီများနှင့် Ku Klux Klan (လူဖြူကြီးစိုးရေး၊ လူဖြူ အမျိုးသားရေးနှင့် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး) ဝါဒီများအား ယခုသီတင်းပတ်အတွင်း အခါအားလျော်စွာ ရှုတ်ချခဲ့သော်လည်း ထရန့်အနေဖြင့် မလုံလောက်သေးဟု အများအပြားက ဝေဖန်ကြသည်။ ထရန့်သည် သမ္မတဟောင်းများဖြစ်သော ဂျော့အိတ်ချ်ဒဗလျူဘုရှ်နှင့် ဂျော့ဒဗလျူဘုရှ်တို့ အပါအဝင် နိုင်ငံရေးလောကက ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

အထက်လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဘော့ကော့ကာသည် သြဂုတ် ၁၇ ရက်တွင် သမ္မတကို ဝေဖန်သည့် နောက်ဆုံး ရီပက်ဘလီကင်အမတ် ဖြစ်လာခဲ့သည်။ “ဒီကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်ကို သမ္မတက သင့်တော်တဲ့ စကားမျိုး ပြောခဲ့တယ်လို့ ကျွန်တော်တော့ မထင်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent