NLD အစိုးရ၏ သက်တမ်းဝက် အခြေအနေနှင့် မြန်မာ့နိုင်ငံရေး အလားအလာ

NLD အစိုးရ၏ သက်တမ်းဝက် အခြေအနေနှင့် မြန်မာ့နိုင်ငံရေး အလားအလာ
Published 8 October 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ရေးထိုးခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို တွေ့ရစဉ်

မြန်မာနိုင်ငံ၌ ၂၀၁၆ ဧပြီတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရ (သို့မဟုတ်) NLD အစိုးရ ပေါ်ပေါက်လာသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တစ်ရပ် ရှိခဲ့သော်လည်း ပြည်သူလူထုက စစ်တစ်ပိုင်း အစိုးရအဖြစ် သတ်မှတ်ထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ထွက်ပေါ်လာသည့် NLD အစိုးရကို အရပ်သားအစိုးရအဖြစ် ပြည်သူများက ရှုမြင်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ယခင်ဗိုလ်ချုပ်ကြီးများက အရပ်ဝတ်လဲ၍ ပါဝင်လာသောကြောင့် ပြည်သူများမှာ စစ်တစ်ပိုင်း အစိုးရဟု မြင်ကြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ သည် ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲခဲ့ ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင် ခဲ့သည်။ ၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်တည်ထောင်ချိန်မှစ၍ NLD သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတွင် ပြည်သူများနှင့်အတူ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည်။

NLD ပါတီသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲပြီးချိန်တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်မှာ ယခုဆိုလျှင် အစိုးရသက်တမ်း တစ်ဝက်ကျော်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

၁၉၈၈ ပါတီတည်ထောင်ချိန်မှစ၍ NLD အပေါ်၌ လူထုက မျှော်လင့်ချက် ကြီးမားစွာဖြင့် ထောက်ခံခဲ့ကြသော်လည်း အစိုးရဖြစ်ပြီး သက်တမ်းနှစ်နှစ်ခွဲကျော် ရောက်ရှိလာချိန်တွင် ပြည်သူများ အနေဖြင့် ထောက်ခံမှုများအစား အပြစ်တင်မှု၊ ဝေဖန်မှုများက ပို၍ကျယ်လောင် လာခဲ့သည်။

NLD အစိုးရ၏ နှစ်နှစ်ခွဲကျော် ကာလအတွင်း ဆုတ်ယုတ်လာသည့် စီးပွားရေး အခြေအနေ၊ တိုးတက်မှု နှေးကွေးသည့် ငြိမ်းချမ်းရေး၊ အစိုးရ အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များ၊ ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအား၊ အရပ်သား အစိုးရလက်ထက် ဖြစ်သော်လည်း မေးခွန်းထုတ်ရမည့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် ရွေးကောက်ပွဲ ကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်နိုင်မှု စသည့်အကြောင်းအရာများသည် NLD အစိုးရအပေါ် လူထု၏ယုံကြည်မှုက လျော့ပါးစေခဲ့သည်။

ယခုကဲ့သို့သော အခြေအနေများကြောင့် NLD အစိုးရ၏ နှစ်နှစ်ခွဲကျော် သက်တမ်းအတွင်း လူထုက ချီးကျူးထောက်ခံမှုများအစား ဝေဖန်မှုများကသာ ပိုမိုများပြားလာခဲ့သည်။

မကြာမီကာလဖြစ်သည့် ၂၀၂၀  တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ NLD အစိုးရသက်တမ်း ငါးနှစ်သည်လည်း နှစ်နှစ်ကျော်သာ ကျန်တော့သည့် အခြေအနေတွင် ရှိနေသည်။

လာမည့် NLD အစိုးရ၏ လက်ကျန်သက်တမ်း နှစ်နှစ်ကျော်အတွင်း မြန်မာ့နိုင်ငံရေး အခြေအနေသည် မည်သို့ဖြစ်မည် ဆိုသည်က စိတ်ဝင်စားစရာပင်။ ပြီးခဲ့သည့် NLD အစိုးရ၏ နှစ်နှစ်ခွဲကျော် သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးသည် ထင်သလောက် ခရီးမပေါက်ခဲ့ကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

■ ဗဟိုချုပ်ကိုင်မှု များနေသလား

NLD ပါတီက အစိုးရ တာဝန်များကို လွှဲပြောင်းယူပြီးချိန်တွင် ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ရှိပြီးသား ဝန်ကြီးဌာနများကို လျှော့ ချ၍ ဝန်ကြီးဌာန ၂၁ ခုဖြင့် စတင် တာထွက်ခဲ့သည်။ ထူးခြားချက် အနေဖြင့် ဝန်ကြီးဌာန ၂၁ ခုတွင် ပြည်ထောင်စုဝန်ကြီးများကိုသာ ခန့် အပ်တာဝန်ပေးခဲ့ပြီး ဒုဝန်ကြီးများ ခန့်အပ်ခဲ့ခြင်း မရှိခဲ့ပေ။

လူထုအနေဖြင့်လည်း ယင်း လုပ်ရပ်အပေါ် အစိုးရကုန်ကျစရိတ် သက်သာသည့်အတွက် ကြိုဆို ထောက်ခံခဲ့ကြပြီး ချီးကျူးမှုများ လည်း ရှိခဲ့သော်လည်း ယင်းအင်အားဖြင့် အစိုးရယန္တရားများ လည်ပတ်နိုင်ရန် လုံလောက်ခြင်း မရှိသည့်အတွက် နောက်ပိုင်းတွင် ဒုဝန်ကြီးများကို ပြန်လည်ခန့်အပ် တာဝန်ပေးခဲ့ရသည်။

ထို့ပြင် ဝန်ကြီးဌာနများလည်း တိုးချဲ့မှုများ ရှိခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနများသည် NLD အစိုးရလက်ထက်တွင် အသစ်ပေါ်ထွက်လာသည့် ဝန်ကြီး ဌာနများဖြစ်သည်။ လက်ရှိ NLD အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၄ ခု၊ ပြည်ထောင်စုဝန်ကြီး ၂၃ ဦးနှင့် ဒုဝန်ကြီး  ၁၇ ဦးဖြင့် အစိုးရယန္တရား ကို လည်ပတ်နေသည်။

NLD အစိုးရ သက်တမ်း တစ်နှစ်ကျော်ချိန်တွင် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၏ စွမ်း ဆောင်ရည်များနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ရှိခဲ့သည့်အပြင် အစိုးရအဖွဲ့တွင် ခြေမပေါ်သည့် ဝန်ကြီးများကို ပြောင်းလဲကစားရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

အစိုးရသက်တမ်း နှစ်နှစ်ခွဲ ကျော်ကာလအတွင်း ပြည်ထောင်စု ဝန်ကြီးအချို့ကို နုတ်ထွက်ခွင့်ပြုခဲ့ ပြီး ပြန်လည်အစားထိုးခန့်အပ်ခဲ့ သော်လည်း အစိုးရ၏ ကစားကွက် က တက်လာခြင်း မရှိသေးပေ။ ထိုသို့ အစိုးရ၏ ကစားကွက်တက်မလာမှု သည် ဗဟိုချုပ်ကိုင်မှု များနေခြင်း ကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်မှုများ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သမ္မတရုံးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများ တွင်လည်း ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူထားသည်။ ထို့ပြင် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ကော်မတီ ၁၆ ခုတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်အဖြစ်လည်း တာဝန်ယူထားသည်။

ထိုသို့ အစိုးရ၏ အရေးကြီး လုပ်ငန်းများတွင် ဒေါ်အောင်ဆန်းစု ကြည်မှ တာဝန်ယူမှု များပြားနေ သည့်အတွက် ဝန်ကြီးများ၏ စွမ်း ဆောင်ရည်မှာ ပျောက်ဆုံးနေသည် ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ၎င်းအသက်အရွယ်အရ များပြားလှသော အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင် နိုင်မည်လား ဆိုသည်က မေးခွန်းထုတ်စရာပင်။ ထို့ကြောင့် အဓိက လိုအပ်နေသည်မှာ အစိုးရအနေဖြင့် မိမိတို့သွားမည့် လမ်းကြောင်းကို ဝန်ကြီးဌာနများသို့ ချမှတ်ပေးပြီး ဝန်ကြီးများကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။

ထို့ပြင် NLD အစိုးရသက်တမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း ထပ်တိုးလိုက်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနများသည် အမှန်တကယ် လိုအပ်သည့် ဝန်ကြီးဌာနလား သို့မဟုတ် အာဏာချဲ့ထွင်ခြင်းလားဟု မေးခွန်းထုတ်သူများလည်း ရှိနေသည်။

နောက်ပိုင်းတွင် NLD ပါတီအတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေသည့်အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိလာသည်။ ပြီးခဲ့သည့် စက်တင်ဘာက NLD ပါတီမှ နုတ်ထွက်ခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၉)မှ ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၅)မှ ဦးတင်ထွန်းအောင်တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦး နုတ်ထွက်ခွင့် တင်ထားမှုကို စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် NLD အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“သူတို့ကိုယ်တိုင်ကိုက ပါတီစည်းကမ်းတွေက တင်းကျပ်လွန်းတယ်ဆိုတဲ့ အချက်နဲ့ပါ။ ကျွန်တော်တို့ ပါတီကို ပြန်ပြီးတော့ အလှူငွေ ထည့်ဝင်ရတယ်။ ဒါတွေအတွက် သူတို့ လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး သူတို့က နုတ်ထွက်ခွင့် တောင်းတာပါ။ အဲဒါကို ကျွန်တော်တို့ ဒီနေ့ အစည်းအဝေးက အတည်ပြုလိုက်တာ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ထိုသို့ ဒေါက်တာမျိုးညွန့် ပြောကြားမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၃၀ ရက် က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ၎င်းကို ပါတီစည်းကမ်းမလိုက်နာခြင်းနှင့် ပါတီရန်ပုံငွေ မထည့်ဝင်ခြင်းကြောင့် ဟူသော စွပ်စွဲချက်နှစ်ခုဖြင့် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ပြောကြားချက်သည် မိမိ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ပြောသည်။

NLD ပါတီအတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေပြီး NLD ထိပ်ပိုင်းခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းပင်လျှင် လွန်ဆန်နိုင်ခြင်း မရှိကြောင်း ဦးဖေချစ်က ဆိုသည်။

“အဓိကကတော့ လွှတ်တော်တွင်းမှာသာမက မိမိတို့ရဲ့ ကိုယ်စီမဲဆန္ဒနယ်၊ ကိုယ်စီပါတီ အဖွဲ့အစည်း အတွင်းမှာတောင် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အာဏာရှင်စနစ် ထင်ထင်ရှားရှား ပေါ်ပေါက်နေလို့ပါပဲ” ဟု ဦးဖေချစ်က ပြောသည်။

ထို့ပြင် လွှတ်တော်တွင် မေးခွန်းနှင့် အဆိုများတင်သွင်းရာ၌ NLD ပါတီတွင်း စိစစ်ရေးကော်မတီ ဆောင်ရွက်ချက်များသည် လွှတ်တော်ကိုယ်စားလှယ်များအပေါ် နိုင်ငံရေးအရ နှိပ်ကွပ်မှုများရှိနေပြီး ၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် သက်တမ်းသုံးနှစ်အတွင်း ကြယ်ပွင့်ပြမေးခွန်း ငါးခုနှင့် အဆိုသုံးခု တင်ပြသော်လည်း ပါတီတွင်း ကော်မတီ၏ စိစစ်မှုကြောင့် ကြယ်ပွင့်ပြမေးခွန်း သုံးခုနှင့် အဆိုတစ်ခုသာ တင်သွင်းခွင့်ရခဲ့ကြောင်း ဦးဖေချစ်က ဆိုသည်။

ထို့ပြင် NLD ပါတီသည် ဒဂုံ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဒေါက်တာသက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့ကို ပါတီတာဝန်မှ ရပ်ဆိုင်းခဲ့သည်။

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက် သက်ခိုင်နှင့် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သော်လည်း မည်သည့်စည်းကမ်းချက်ဖြင့် အရေးယူသည်ကို မသိရှိကြောင်း ကာယကံရှင် ကိုယ်စားလှယ်နှစ်ဦးက ပြောသည်။

“ကျွန်တော်ရယ်၊ ဒေါ်သက်သက်ခိုင်ရယ်က ပါတီမှာ ဒဂုံမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်ပေါ့။ ပါတီဝင်အဖြစ်တော့ ဆက်ရှိတာပေါ့။ ဘာဖြစ်လို့ ရပ်နားလိုက်တယ် ဆိုတာကို ကျွန်တော်လည်း ဘာမှမသိရဘူး။ ဘာမှလည်း ခေါ်မပြောဘူး။ အကြောင်းအရာ ဘာမှမသိရဘဲ စာပဲအကြောင်းကြားတယ်” ဟု ဦးကျော်ဇေယျက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ကမူ မီဒီယာကို ပြောသည့်အတွက် ယခုလို သတိပေးခံရခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးတစ်ကွင်းလုံး ပတ်ကန်နေသည်ဟု ဥပမာပေး၍ သတင်းမီဒီယာ အချို့ကို ပြောဆိုခဲ့သူဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ၂၀၁၇ က NLD အစိုးရ လက်ထက်တွင် စီးပွားရေး တိုးတက်မှု မရှိသေးကြောင်းနှင့် ပြည်သူစိတ်ပျက် YBS ဟူ၍ သတင်းမီဒီယာအား ပြောဆိုခဲ့သည်။

ထိုသို့ NLD ပါတီ၏ အရေးယူမှုသည် ပါတီတွင်း ဝေဖန်ထောက်ပြမှု၊ ပြောဆိုမှုများကို ရပ်တန့်စေနိုင်ကြောင်းနှင့် ပါတီတွင်း ဒီမိုကရေစီ ကျင့်စဉ်အပေါ် များစွာထိခိုက်မှု ရှိစေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

■ အစိုးရ-တပ်မတော်ဆက်ဆံရေး

NLD ပါတီအနေဖြင့် အစိုးရ တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် တပ်မတော်နှင့် သင့်မြတ်ရေးသည် အဓိက အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ တပ်မတော်သည် လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်း နေရာရထားသည့်အပြင် အစိုးရပိုင်းတွင်လည်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး သုံးဦးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရပြီး သမ္မတက ခန့်အပ်ရခြင်းဖြစ်သည်။

ထို့ပြင် တိုင်းပြည်တွင် တစ်ခုခု မငြိမ်မသက် ဖြစ်လာပါက အခြေခံဥပဒေအရ တပ်မတော်သည် တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေး၌ အဓိက တာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအပိုင်းတွင် တပ်မတော်၏ အခန်းကဏ္ဍကို NLD အစိုးရအနေဖြင့် မျက်ကွယ်ပြု၍ မရပေ။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတင်ချိန်တွင် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုက ကြီးမားခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၏ ပထမဆုံးဥပဒေဖြစ် သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းအား အတည်ပြုရာတွင် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရသည်။

ယင်းဥပဒေ အတည်ပြုခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားတစ်ဦးက ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်ဟု ထုတ်ဖော်ပြောကြားသည်အထိ ဖြစ်ပေါ်ခဲ့သည်။

NLD အစိုးရနှစ်နှစ်ခွဲကျော် သက်တမ်းအတွင်း NLD ဘက်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းမှုတွေ ရှိနေသော်လည်း တပ်မတော်ဘက်က လိုက်လျောမှု နည်းပါးသောကြောင့် အစိုးရနှင့် တပ်မတော် ဆက်ဆံရေးက အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

“အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးက NLD အစိုးရအနေနဲ့ အမျိုးသာ းရင်ကြားစေ့ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တပ်မတော်ကို ပြဿနာ တော်တော်များများမှာ တော်တော်လေး လိုက်လျောမှုရှိစွာ ဆက်ဆံခဲ့ပါတယ်။ ဒါတင်မကဘူး။ အခု ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေး ဖြစ်လာတဲ့အခါမှာ တစ်ပြည်လုံးရဲ့ အချုပ်အ ခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ထားတဲ့ တစ်ချိန်တည်းမှာ တပ်မ တော်ကိုလည်း NLD အစိုးရဘက် ကနေပြီးတော့ ကာကွယ်ရပ်ခံမှုတွေ ရှိနေပါတယ်။ အဲဒီလို ရှိနေတဲ့ အ ခြေအနေအောက်မှာ တစ်ဖက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆိုင်တဲ့ အဆိုတွေကိုတောင် စစ်တပ်ကနေ လွှတ်တော်ထဲမှာ ကန့်ကွက်တာတွေ ရှိပါတယ်။ အဲဒီတော့ ပြောချင်တာက NLD က အမျိုးသားရင်ကြားစေ့ပေမဲ့ တပ်မတော်ရဲ့ လိုက်လျောမှုကတော့ အတော်နည်းပါးတယ်။ ဒါကြောင့်မို့ အဲဒါကလည်း အောင်မြင်ဖြစ်ထွန်း တိုးတက်မှု နည်းတယ်လို့ ပြောချင်တယ်” ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

သို့သော် နှစ်နှစ်ခွဲကာလအတွင်း အစိုးရနှင့် တပ်မတော်ကြားတွင် ပဋိပက္ခ ကြီးကြီးမားမား မဖြစ်ခြင်းသည် ကောင်းမွန်သည့်အချက် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ဆိုသည်။

“အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးက ဒီနှစ်နှစ်ကျော် ကာလအတွင်း ညှိနှိုင်းဆောင်ရွက်မှုက အားနည်းတယ်လို့ မြင်တယ်။ ဒါပေမဲ့ သူတို့ကြားမှာ ပဋိပက္ခ ကြီးကြီးမားမား ဖြစ်တာတော့ မတွေ့ရတာက ကောင်းမွန်တဲ့ အချက်လို့ ပြောရမယ်” ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

ဒီမိုကရေစီစနစ်တွင် အစိုးရနှင့် တပ်မတော် ဆက်ဆံရေး၏ အဓိက ပန်းတိုင်သည် တပ်မတော်ကို အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရေးဖြစ်ပြီး တပ်မတော်၏ လုပ်ပိုင်ခွင့် အာဏာကို တစ်ဆင့်ချင်း လျှော့ချရန် ဖြစ်သည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့်နိုင်ငံများ တွင် တိုင်းပြည်တည်ငြိမ်ရေးသည် အရေးကြီးသည်ဟုဆိုသော်လည်း တပ်မတော်အနေဖြင့် နိုင်ငံရေးမှ  တစ်ဆင့်ချင်း ဆုတ်ခွာဖို့ဆိုလျှင် အာဏာရအစိုးရနှင့် တပ်မတော် ကြားတွင် သဘောတူညီချက် ရရှိရန် လိုသည်။ သို့သော် NLD အစိုးရ သက်တမ်း နှစ်နှစ်ခွဲကျော်ရှိပြီ ဖြစ်သော်လည်း ယင်းသဘောတူညီချက်ကို လေသံပင် မကြားရသေးချေ။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ကို ချဉ်းကပ်ပုံသည် အမာလိုင်းမဟုတ်ဘဲ အပျော့လိုင်းဖြင့် ချဉ်းကပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။ ယခင် အတိုက်အခံဘဝတွင် တပ်မတော်နှင့် ပတ်သက်၍ မာမာထန်ထန် ပြောကြားခဲ့သော်လည်း အစိုးရဖြစ်ပြီးချိန်တွင်မူ ပြည်သူမနာသည့်နည်းဖြင့် လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောကြားလာသည်။

လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားရှိနေသည့်အတွက် သဘောထား ပျော့ပျောင်းလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

“တပ်မတော်ရဲ့ သဘောထားကလည်း ပြောင်းလာချင် ပြောင်းလာမှာပါ။ ဘာလို့ဆို ဒီအချိန်က အစိုးရနဲ့ မဟာမိတ်ပြုရမယ့် အချိန်ဖြစ်နေ တာကိုး။ မဟုတ်လို့ရှိရင် သူတို့မှာလည်း နိုင်ငံတကာ ဖိအားရှိနေတဲ့အတွက် သဘောထား ပျော့ပျောင်းလာမယ်လို့ ထင်တယ်။ အခုတောင်မှ ပြည်နယ်နဲ့ တိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရေးဆွဲဖို့ မူအားဖြင့် သဘောတူထားတာ ရှိနေပြီဆိုတဲ့ အခါကျတော့ တပ်မတော်အနေနဲ့လည်း ရေရှည်ပြည်သူလူထု အကျိုးစီးပွားကို ကြည့်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

သမ္မတအိမ်တော်တွင် အောက် တိုဘာ ၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်မူ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရနှင့် တပ်မတော် ဆက်ဆံရေး ကောင်းမွန်မှုရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အကြား တွေ့ဆုံမှုများ မကြာခဏရှိကြောင်း၊ နှစ်ဦးတည်း တွေ့ဆုံခြင်း၊ အကြောင်းအရာပေါ် မူတည်ပြီး သမ္မတပါဝင်သည့် တွေ့ဆုံပွဲ ပြုလုပ်ခြင်း၊ သမ္မတ မပါဝင်သော အခြားတွေ့ဆုံခြင်းများလည်း ရှိသည်ဟု ဦးဇော်ဌေးက ဆိုသည်။

■ ငြိမ်းချမ်းရေးအရှိန်

“ငြိမ်းချမ်းရေးအကြောင်း ပြောနေတဲ့ တစ်ချိန်တည်းမှာ ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင် အစိုးရရဲ့ လုပ်ရပ်တွေအားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။ အကောင်းတွေ လုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒီဟာတွေပေါ်မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။ ဒါကြောင့်မို့လို့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေး စတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက် ကျွန်မတို့ ဒါကိုအများကြီး တန်ဖိုးထားပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့ အဖွဲ့အစည်းများ ပါဝင်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဧပြီ ၁၈ ရက်က နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး NLD အစိုးရအနေဖြင့် ဦးသိန်းစိန်အစိုးရ ထားခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအမွေကို ဆက်ခံခဲ့သည်။

ငြိမ်းချမ်းရေးသည် NLD အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်သည့် အဓိက အချက်တစ်ချက်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့သည်။

NLD အစိုးရသက်တမ်း နှစ်နှစ်ခွဲကာလအတွင်း  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁  ရာစုပင်လုံ အစည်းအဝေးကို သုံးကြိမ် ကျင်းပနိုင်ခဲ့ပြီး NCA စာချုပ်တွင် မွန်နှင့် လားဟူအဖွဲ့တို့ လက်မှတ်ရေးထိုး နိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုမူ NCA တွင် ပါဝင်လာရန် စည်းရုံးနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၃၇ ချက်နှင့် တတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၁၄ ချက် စုစုပေါင်း သဘောတူညီချက် ၅၁ ချက် ရရှိခဲ့သော်လည်း အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများမှာ ပါဝင်လာခြင်း မရှိသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ပြကြသည်။

သို့သော် ၂၀၁၈ အတွင်း ညီလာခံတစ်ကြိမ်နှင့် ၂၀၁၉ တွင် ညီ လာခံနှစ်ကြိမ် ကျင်းပသွားမည်ဖြစ် ပြီး ယင်းညီလာခံ သုံးကြိမ်တွင် အ ရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒ ရယ်စနစ်ဆိုင်ရာ အခြေခံမူများ အ ပြီးအပြတ်ချမှတ်၍ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ တည်ဆောက်ပေးရန် မျှော်မှန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။

သို့ဆိုလျှင် နောက်ထပ် ကျင်းပမည့် ညီလာခံ သုံးကြိမ်မတိုင်မီ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA ထီးရိပ်အောက်ကို အမြန်ခိုလှုံနိုင်မှသာလျှင်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများ ချမှတ်ရာတွင် ပါဝင်ဆွေးနွေးခွင့် ရမည်ဖြစ်သည်။ သို့သော် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အားကြီးမားသည့် အဖွဲ့အစည်းများ ဖြစ်သည့်အတွက် အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများကို အကြိမ်များများ ပြုနိုင်မှသာ ပြေလည်နိုင်မည့် အနေအထားတွင် ရှိနေသည်။

ယင်းအခြေအနေမျိုးတွင် သတင်းကောင်းတစ်ရပ်က ထွက်ပေါ်လာသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၁၈ အတွင်း တစ်ကြိမ်၊ ၂၀၁၉ အတွင်း နှစ်ကြိမ်ပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက် ဒရယ်ဆိုင်ရာ အခြေခံများရရှိရေးဆောင်ရွက်ရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ နှစ်ဖက်ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်တွင် ပုပ္ပား၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ အစိုးရဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“ဒီပွဲကို တပ်ချုပ်ကိုယ်တိုင် တက်မယ်။ အစိုးရဘက်ကဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်”  ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ယင်းထိပ်သီးအစည်းအဝေးတွင် NCA လက်မှတ်ထိုးရန် ကျန်နေသည့်အဖွဲ့များ၏ ကိစ္စကိုလည်း ဆွေးနွေးမည် ဖြစ်သည်။

ထိုသို့ ပုပ္ပား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုသည် NLD အစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်တွင် မည်မျှအကျိုးသက်ရောက်မှု ရှိနိုင်သည်ကို နိုင်ငံရေးလေ့လာသူများကစောင့် ကြည့်နေသည်။

“ငြိမ်းချမ်းရေးအနေအထားကတော့ အရင် ဦးသိန်းစိန်ခေတ်ကလောက်တောင်မှ အရှိန်အဝါ မရှိပါဘူး။ လျော့နေတယ်။ တချို့လက်နက်ကိုင်အဖွဲ့တွေကဆိုရင် ပျက်လုနီးပါးတောင် ပြောနေတယ်။ အဲဒါကြောင့် အခု ၁၅ ရက်မှာ ပုပ္ပားမှာ ခေါ်တာလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သုံးဦးသုံးဖလှယ် အရင်က တွေ့တာ သိပ်မရှိဘူး။ တစ်ဖက်ဖက်က အင်တင်တင်ဖြစ်နေတာချည်းပဲ။ အခုဟာကတော့ နည်းနည်းလေး သူတို့ အကျပ်ရိုက်နေပါပြီ။ အဲဒါကြောင့်မို့လည်း တွေ့ရတာ။ သူတို့ သုံးဦးသုံးဖလှယ်တွေ့ကြမယ်ဆိုတော့ ငြိမ်းချမ်းရေးက မပါမဖြစ် ပါမှာပေါ့။ ပင်လုံကတော့ လုပ်ရိုးလုပ်စဉ်ကြီးပေါ့။ အခုဟာကတော့ ကြားဖြတ် အရေးပေါ်တွေ့ကြတယ်လို့ မြင်ပါတယ်” ဟု တမ္ပဒီပ အင်စတီကျူမှ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရှိန်နှေးရခြင်း၏ အဓိကအချက်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူ ကွာဟချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် မပြင်ဆင်ရေးပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြင့် နိုင်ငံ ရေးအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ဦးတည်ထားပြီး တပ်မတော်ဘက်ကမူ ငြိမ်းချမ်းရေးကို၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကသာ တည်ဆောက်ရန် ရည်ရွယ်ထားသည်။ တပ်မတော်ဘက်ကမူ ခြောက်ချက်ကို ဆုပ်ကိုင်ထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး လမ်းပြမြေပုံ ခုနစ်ချက်ကို ထုတ်ပြန် ထားသည်။

■ ဖွဲ့စည်းပုံပြင်ဆင်ရေးခရီး

ငြိမ်းချမ်းရေးဟုပြောလျှင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးက နောက်တွင် ပါလာသည်။ NLD အစိုးရ၏ ရွေး ကောက်ပွဲ ကြေညာစာတမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း အဓိကကျသည့် အချက်အဖြစ် ဖော်ပြ ထားသည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့ စည်းပုံကို မထောက်ခံသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေသည့်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်  ဖွဲ့စည်းပုံလမ်းကြောင်းအတိုင်း NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅ နေရာအနက် ၄၃ နေ ရာအထိ အနိုင်ရရှိခဲ့သည်။

၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း ရောက်ရှိချိန်တွင် ဖွဲ့စည်းပုံကို  ပြင်ဆင်ရန်အတွက် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းခဲ့သည်။

လေးပွင့်ဆိုင်တွေ့ဆုံမှုမှ ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးစားရာတွင် အောင်မြင်မှု မရှိခဲ့သည့်အပြင် NLD ပါတီနှင့် ၈၈ ငြိမ်းပွင့်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ကောက်ခံရာတွင် လက်မှတ်ငါးသန်းကျော် ရရှိခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် သူရဦးရွှေမန်းနှင့် ပူးပေါင်းပြီး နှစ်နှစ်ကျော် အချိန်ယူကာ လွှတ်တော်တွင်း ဖွဲ့ စည်းပုံပြင်ဆင်ရန် ကြိုးပမ်းရာ၌ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်တွင် စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုသည့် စကားလုံးတစ်လုံးကိုသာ ပြောင်းလဲနိုင်ခဲ့ပြီး အဆုံးသတ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်ခွဲကျော်သက်တမ်းအတွင်း NLDအစိုးရအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အသံတိတ်နေသည့်အတွက် ေ၀ ဖန်မှုများ ရှိခဲ့သည်။

“ရွေးကောက်ပွဲ ကမ်ပိန်းတုန်းက ပြည်သူကို သူတို့ ကတိပေးထားတာ ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မလုပ်နိုင်ဘူး၊ မပြောနိုင်ဘူးဆို လို့ရှိရင်  ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီတိုင်းပြည်၊ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဖြစ်စရာအကြောင်း ဘာမှ မရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ထောက်ခံခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သို့သော်လည်းပဲ ဒီနေ့အခြေအနေကျတော့ ဒီကိစ္စကို ပြောသံဆိုသံ ကျွန်တော်တို့ မကြားရဘူး။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ကတိပေးတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်တာ၊ အစိုးရဖြစ်တာ နှစ်နှစ်ကျော် သုံးနှစ်ကြာတဲ့အခါမှာတော့ ဒီကိစ္စကို ပြောသံမကြားရဘူး”  ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ထောက်ပြသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့ရာတွင် မအောင်မြင်သည့်အတွက် NLD အစိုးရက ငြိမ်းချမ်းရေးကြိုးပမ်းမှုမှ တစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည့်လမ်းကို ရွေးခဲ့သည်။ ငြိမ်းချမ်းရေးမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးစားရာတွင် အခက်အခဲ အကျပ်အတည်းများက ရှိနေသည့်အတွက် NLD အစိုးရ သက်တမ်း ငါးနှစ်အတွင်း တိုင်းရင်း သားလက်နက်ကိုင်အားလုံးနှင့် ငြိမ်းချမ်းရေးရရှိရေးသည် မလွယ်ကူသေးသည့် အနေအထားတွင် ရှိနေသည်။

ငြိမ်းချမ်းရေးမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရန်ကြိုးပမ်းမှုသည် NLD အစိုးရသက်တမ်းအတွင်း ဖြစ်နိုင်ခြေ နည်းပါးသည့် အနေအထားဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“ငြိမ်းချမ်းရေးပရောဆက်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားမယ်ဆိုရင်တော့ ကျန်တဲ့ အစိုးရရဲ့ သက်တမ်းအတွင်းမှာ အောင်မြင်နိုင်ဖို့ အနေအထားမှာ မရှိဘူး။ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်မှုတွေက အစိုးရသစ်တက်ခါစတုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုပဲ။ ငြိမ်းချမ်းရေး က ပထမ၊ ငြိမ်းချမ်းရေးက ဒုတိယ၊ ငြိမ်းချမ်းရေးက တတိယအနေနဲ့ ကြိုးစားခဲ့ကြတာပဲ။ ဒါပေမဲ့ အခုကာလကြာလာတဲ့အခါမှာ ငြိမ်းချမ်းရေးဟာ ဒီအစိုးရသက်တမ်းအတွင်းမှာ ရဖို့ဆိုတာက တော်တော်လေးကို ခဲယဉ်းနေပြီလေ”  ဟု  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယင်းလမ်းကြောင်းအစား အခြေခံဥပဒေ၌ ပြင်ဆင်ရန် လွယ်ကူသည့် ပုဒ်မများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြင်ဆင်ရန် ညှိနှိုင်းပြီး သဘောတူညီချက်ရယူကာ အနီးဆုံးလွှတ်တော်၌ အတည်ပြုချက် ရယူခြင်းဖြင့် ပြင်ဆင်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။

အခြေခံဥပဒေတွင်ပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်တင်မြှောက်ခွင့်ပေးနိုင်ပေးမည့် အချက်ကို ပြင်ဆင်မည်ဆိုပါက တပ်မတော်က ထောက်ခံနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က အကြံပြုသည်။

“ပုဒ်မ ၄၃၆ ထဲမှာ ကန့်သတ်ထားတဲ့ ဥပဒေ ၉၃ ခုကိုတော့ ပြင်နိုင်မှာ မဟုတ်ဘူး။ ကျန်တဲ့ဇယား ၁၊၂၊ ၃ တို့ ဘာတို့ ပြင်ဖြစ်ချင် ဖြစ်မှာပေါ့။ အဲဒါထက်ပိုဖြစ်နိုင်တာ တစ်ခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေကနေ ရွေးကောက် တင်မြှောက်ခွင့်ပေးဖို့အတွက် အခြေခံဥပဒေကို ပြောင်းမယ်ဆိုရင်တော့ ဒါကို တပ်မတော်ကလည်း ထောက် ခံနိုင်တယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

၂၀၁၈ စက်တင်ဘာ ၁၉ ရက် က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်၏ အခြေအ နေအရပ်ရပ်နှင့် ပတ်သက်၍ ပြည် ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး အစိုးရမျှော်မှန်း ထားသည့်အတိုင်းတစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကို အစိုးရအနေဖြင့် အာမခံနိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး ကျွန်တော်တို့အစိုးရ မျှော်မှန်းထားတဲ့ အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားလူမျိုးစုတွေ အကြားမှာလည်း လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန် လေးစားမှုတို့ကို တည်ဆောက်နိုင်မှသာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးကျော်တင့်ဆွေက ဆိုသည်။

ထို့ပြင် အစိုးရ ဖော်ဆောင်နေသည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရန် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါသည်ဟု ၎င်းက ဆက်ပြောသည်။

“လက်ရှိကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ အားလုံးဟန်ချက်ညီတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ခိုင်ခိုင်မာမာ ဖြစ်လာအောင် ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေ အများကြီးကို ကျော်ဖြတ်ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီစံနှုန်း တွေကို ရောက်အောင်သွားဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့အတွက် အချိန်အပိုင်းအခြား နဲ့ အဆင့်လိုက်ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ဘုံရည်မှန်း ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပန်းတိုင်ကတော့ ပျောက်ပျက်သွားလို့ မရပါဘူး” ဟု ဦးကျော်တင့်ဆွေက ဆိုသည်။

NLDအစိုးရအနေဖြင့် သက်တမ်းနှစ်နှစ်ခွဲကျော်အတွင်း နှုတ်ဆိတ်နေသည့် ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးတစ်ဦးက လွှတ်တော်တွင် ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းလင်းခြင်း ဖြစ်သည်။

“တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်ကလည်း သူတို့ ဆွေးနွေးတဲ့ ရလဒ်အပေါ်မှာ အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ လိုအပ်တယ်ဆိုပြီး ရပ်တည်တယ်။ ဒီမှာ အဓိကပြဿနာက ၂၀၀၈ ကို ပြင်မလား၊ မပြင်ဘူးလားဆိုတဲ့ ပြဿနာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စွာ အဆုံးသတ်နိုင်၊ မသတ် နိုင်ရဲ့ အဖြေ လို့ပဲထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။

■ NLD အစိုးရသက်တမ်းတစ်ဝက် ရလဒ်

NLD အစိုးရ သက်တမ်းတစ်ဝက် ဆောင်ရွက်ချက်များအပေါ် အမြင်သဘောထားနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး၊ ပဋိပက္ခတွင် နိုင်ငံသားများ၏ ထက်ဝက်အောက်ကသာ ယခုအစိုးရလက်ထက်တွင် ပိုမိုကောင်း မွန်သည်ဟုဖြေဆိုကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PEACE) ၏ အစီရင်ခံစာက ဆိုသည်။

NLD ပါတီဦးဆောင်သော အစိုးရသက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်များအပေါ် လူထုသဘောထားစစ်တမ်း ကောက်ယူရာတွင် အကောင်းမြင်မှု ရာခိုင်နှုန်းများနေသေးကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PEACE) အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ယင်းအစီရင်ခံစာအတွက် ၂၀၁၈ စက်တင်ဘာ ၃ ရက်မှ ၉ ရက် အထိ လူဦးရေ ၂၅၉ ဦးက နိုင်ငံအဝှမ်းရှိ နိုင်ငံသား ၂၃၆၄ ဦးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် မေးခွန်းများအား ဖြေဆိုကြသူများအနေဖြင့် NLD အစိုးရလက်ထက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနေအထားမှာ ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက် အနေအထားထက် ပို၍ ကောင်းမွန်သည်ဟု ဖြေကြားကြသော်လည်း ဒီမိုကရေစီအပြည့်အဝရရန်မှာမူ အလှမ်းဝေးနေဆဲဟု သဘောထားပေးကြကြောင်း အစီရင်ခံစာက ဆိုသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် မျှော်မှန်းချက်များနှင့်ပတ်သက်၍ မေးခွန်းများအား ဖြေဆိုသူ ထက်ဝက်ခန့်က တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဝန်ကြီးချုပ်များကို နိုင်ငံသားများက တိုက်ရိုက်ရွေးချယ်သင့်သည်ဟု ဆိုသည်။ သို့သော် ၂၇ ရာခိုင်နှုန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို အာဏာ ပိုပေးသင့်သည်ဟု ဆိုပြီး ၂၁ ရာခိုင် နှုန်းကမူ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး။ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာကို ယခုအတိုင်း ဆက်လက်ထားရှိသင့်သည်ဟု ဆိုထားသည်။

ထို့ပြင် ပြည်ထောင်စုအဆင့် လွှတ်တော်များရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ အရေအတွက်ကို ယခုအရေအတွက်အတိုင်း ထားသင့်သည် သို့မဟုတ် ထပ်မံတိုးသင့်သည်ဟု ဖြေဆိုသူ၏ ၃၅ ရာခိုင်နှုန်း ခန့်ရှိပြီး ၃၂ ရာခိုင်နှုန်းကမူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အရေအတွက်ကို လျှော့ ချသင့်သည် သို့မဟုတ် လုံးဝမရှိသင့်ဟု ဖြေဆိုခဲ့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီခံစာ ရလဒ်များအရ NLD အစိုးရ၏ နှစ်နှစ်ခွဲသက်တမ်းအတွင် လုပ်ဆောင်ချက်များအပေါ် တွင် ပြည်သူများက အကောင်းမြင်နေဆဲဟု ဖော်ပြထားသော်လည်း လက်တွေ့ပကတိအခြေအနေတွင်မူ အစိုးရသက်တမ်းတစ်ဝက်အတွင်း NLD အနေဖြင့် ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို ပင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

သို့သော် ရခိုင်အရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအားကြောင့် အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါက မြန်မာ့နိုင်ငံရေးတွင် တစ်ဆို့နေသည့် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နားလည်မှုရှိရှိဖြင့် ညှိနှိုင်းပေါင်းစပ်အဖြေရှာနိုင်မှသာလျှင် ကျော်ဖြတ်နိုင်မည့်အနေအထားမျိုး ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“အကျပ်အတည်းတွေက ဝိုင်းနေပြီဆိုတဲ့အခါကျတော့ သူတို့ နှစ်ဖက်က ကျောချင်းကပ်ရတော့မှာပဲ။ တစ်ယောက်ကို တစ်ယောက် အမှီပြုရတော့မှာပဲ။ တပ်ကလည်း ဒီဘက်က NLD အစိုးရကို အားကိုးရတော့ မယ်။ NLDအစိုးရကလည်း တပ်ကို အားကိုးရတော့မယ်။ ဒီလိုအချိန်မှာတော့ သူတို့အနေနဲ့ စိတ်ကောက်ပြီး ရန်ဖြစ်နေလို့ မရတော့ဘူး။ ဒါက သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးပဲ” ဟု တမ္ပဒီပအင်စတီကျူမှ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ဆိုသည်။

Most Read

Most Recent