ပြည်သူအများပိုင် သီလဝါကုမ္ပဏီဟာ မိသားစုပိုင်ကုမ္ပဏီ ဖြစ်သွားပြီလား

ပြည်သူအများပိုင် သီလဝါကုမ္ပဏီဟာ မိသားစုပိုင်ကုမ္ပဏီ ဖြစ်သွားပြီလား
Published 1 October 2018

MTSH ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်က ပြုလုပ်နေသည်ကို တွေ့ရစဉ်

ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး သီလဝါအများပိုင်ကုမ္ပဏီ ထောင်မယ်ဆိုကတည်းက ဂျပန်နိုင်ငံဘက်မှာ ဘာပြဿနာမှမရှိခဲ့ဘဲ မြန်မာနိုင်ငံဘက်မှာတော့ ပြဿနာများစွာနဲ့ပါ။

မြေသိမ်းယာသိမ်းပြဿနာတွေနဲ့ ဘဝပျက်သွားခဲ့တဲ့ ပြည်သူတွေရဲ့ ငိုကြွေးသံအပြင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ဒဂုန်အင်တာနေရှင်နယ်က ဦးဝင်းအောင်ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှု ခံနေရသူဖြစ်လို့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်နေတဲ့ ပြည်သူတွေက ကန့်ကွက်မှုတွေ ကြုံခဲ့ရင်းဖြစ်လာခဲ့တာပါ။

အဲဒီအချိန်မှာ အများပြည်သူအကြား ရေပန်းမစားတဲ့ အတွင်းကျိတ်ပြဿနာတစ်ခုက သီလဝါရှယ်ယာအများစုကို ကုမ္ပဏီကြီးကိုးခုက မçတည်ပြီး ဒါရိုက်တာအဖွဲ့ကိုလည်း သူတို့က တာဝန်ယူဖို့နဲ့ ပြည်သူကို အစုရှယ်ယာရောင်းချိန်မှာလည်း ဒါရိုက်တာအဆင့်ဆီ တက်မလာနိုင်အောင် ရှယ်ယာသိန်း ၅၀ ဖိုးပဲ ရောင်းချခဲ့တာကြောင့် MTSH ကို လူတစ်စုကပဲ တစ်သက်လုံးထိန်းချုပ်သွားမယ့် အခြေအနေပါ။

သီလဝါအများပိုင်ကုမ္ပဏီထောင်မယ်ဆိုတဲ့အချိန်မှာ ဥက္ကဋ္ဌနေရာကို ရယူထားတဲ့ ဦးဝင်းအောင်ကတော့ ပြည်သူတွေ ဒါရိုက်တာနေရာ တက်မလာအောင် ထိန်းချုပ်ထားသလားဆိုတဲ့ အမေးကို လွတ်လပ်တဲ့ ဒါရိုက်တာတွေပါတယ်၊ အစိုးရရှယ်ယာပါတယ်။ ပြည်သူတွေလည်း သတ်မှတ်ရှယ်ယာပြည့်မီရင် ဒါရိုက်တာအဖြစ် အရွေးချယ်ခံခွင့်ရှိ တယ်ဆိုတာမျိုး ဖြေခဲ့ပါတယ်။

ဒီလိုဖြေခဲ့ပေမဲ့ သီလဝါ အများပိုင် ကုမ္ပဏီထူထောင်ပြီးလို့ ငါးနှစ်သက်တမ်း ဖြစ်လာချိန်အထိ ပြည်သူတွေထဲက ဒါရိုက်တာဆိုတာကတော့ ဒီနေ့အထိ တက်မလာနိုင်ခဲ့ဘဲ ဥက္ကဋ္ဌဦးဝင်းအောင်နဲ့ သားဖြစ်သူ ဦးသူရိန်အောင်တို့က MYSH ကုမ္ပဏီတွေမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနေရာတွေကို ရယူထားမှုအပေါ်မှာ ရှယ်ယာရှင်တွေက အများပိုင်သီလဝါဟာ မိသားစုပိုင်ကုမ္ပဏီတွေ ဖြစ်လာနေပြီလားလို့ မေးခွန်းထုတ်သံ ဆူညံလာခဲ့ပါတယ်။

အစိုးရနဲ့ပြည်သူအများပိုင်တဲ့ အများပိုင်သီလဝါကုမ္ပဏီဟာ ပြည်သူထဲက ဒါရိုက်တာ ထွက်ပေါ်မလာနိုင်မှု၊ ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ သားဖြစ်သူ ဦးသူရိန်အောင်တို့ ထိန်းချုပ်ထားတဲ့ Conflict of Interest တွေနဲ့ ရှယ်ယာဈေးနှုန်းစံချိန်တင် ကျဆင်းနေတာ၊ အမြတ်ရရှိမှု စံချိန်တင်ကျဆင်းနေတာနဲ့ ကုမ္ပဏီမှာရာထူးကြီးကြီးမားမား ရယူထားသူတချို့ရဲ့ မမှန်မကန်လုပ်ဆောင်မှုတွေကြောင့် စိတ်ပျက်စရာအခြေအနေ ဖြစ်လာနေသလို တစ်နိုင်ငံလုံးမှာ အကောင်းဆုံးဖြစ်နေတဲ့ တစ်ခုတည်းသော စီးပွားရေးလုပ်ကိုင်ရာနေရာ သီလဝါအထူးစီးပွားရေးဇုန်ဟာ နိုင်ငံတကာအလယ်မှာ မျက်နှာပျက်သိက္ခာ ကျစရာဖြစ်လာနေပြီမို့ ဒီအခြေအနေအပေါ်မှာ အစိုးရက ဘယ်လိုဝင်ပြီးတော့ ထိန်းကျောင်းမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

သီလဝါကောက်ကြောင်း

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဂျပန်- မြန်မာ ပူးပေါင်းအကောင်အထည်ဖော်ခဲ့တဲ့ သီလဝါအထူးစီးပွားရေးဇုန်ဟာ စနစ်တကျလုပ်ခဲ့တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်လိုမျိုး တင်ဒါဆုကြေးတွေ ခံစားခွင့်ရမယ့် အခြေအနေ မရှိခဲ့ပါဘူး။ မြန်မာအစိုးရကို ယုံကြည်မှုဆိုတာထက် ဂျပန်အစိုးရကို ယုံတာကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရခဲ့တာလို့တောင် ဆိုရမယ့် ပြဿနာပါ။ ရင်းနှီးမြှုပ်နှံမှုကာလတစ်ခုလွန်လာလို့ အစိုးရစပ် ကူးမပ်ကူးကာလမှာ မြေယာပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မှု မရှိရင် နုတ်ထွက်မယ်ဆိုတဲ့ ပြဿနာတွေလည်း ရှိနေခဲ့သလို တစ်ဖက်မှာလည်း မြေရောင်းစားပြီး အသက်ဆက်နေခဲ့တဲ့ အခြေအနေပါ။

Thilawa SEZ Management  ကော်မတီနဲ့ ဂျပန်ဘက်က မစ်ဆူဘီရှီ၊ မာရူဘီနိနဲ့ ဆူမီတိုမိုတို့ ပါဝင်တဲ့ MMSTD တို့ ရဲ့ ပါဝင်မှုတွေအရ မြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်က ၄၉ ရာခိုင်နှုန်းနဲ့ စတင်ရာမှာ မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ၄၁ ရာခိုင်နှုန်းကို မြန်မာကုမ္ပဏီတွေက ထည့်ဝင်ခဲ့ပြီး ဂျပန် JICA က ၁၀ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီတွေဘက် က ၃၉ ရာခိုင်နှုန်းနဲ့ သီလဝါအများပိုင်ကုမ္ပဏီကို စတင်ခဲ့တာ ဖြစ်ပါတယ်။

သီလဝါကို စတင်စမှာ ရှယ်ယာတွေကို အများပိုင်ကုမ္ပဏီကြီး ကိုးခုက အဓိကချုပ်ကိုင်ခဲ့ပြီး အဲဒီကုမ္ပဏီကိုးခုက FMI,Golden Land Asia Development ,MAPCO, Myanmar Agricultural & General Development Public, Myanmar Edible Oil Industrial Public Corporation , Myanmar Sugar Development Public ,Myanmar Technologies and Investment Corp , National Development Company Group , New City Development ကုမ္ပဏီတွေပါ။

ဒီကုမ္ပဏီတွေကိုယ်စား အဓိကပါဝင် နေသူတွေက ဦးဝင်းအောင်၊ ဦးသိမ်းဝေ၊ ဦးခင်မောင်အေး၊ ဦးညီခင်၊ ဦးသိန်းဟန်၊ ဦးထွန်းလွင်၊ ဒေါက်တာဉာဏ်သစ်လှိုင်၊ ဦးအောင်စိုးသာနဲ့ ဦးတင်မောင်လှိုင်တို့ ဖြစ်ပြီး MTSH မှာ ဒီကုမ္ပဏီကိုးခုဟာ အစုရှယ်ယာတစ်စုကို ဆယ်စုမခွဲခင်မှာ စုစုပေါင်း ၁၇၅၅၀၀၀ ပိုင်ဆိုင်ပြီး ကုမ္ပဏီတစ်ခုချင်းစီက အစုရှယ်ယာ ၁၉၅၀၀၀ တိတိ ပိုင်ဆိုင်ပါတယ်။ အများပြည်သူပိုင်ဆိုင်မှုပမာဏက အစုရှယ်ယာပေါင်း ၂၁၄၅၀၀၀ ဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းတင်ခဲ့တဲ့ ရှယ်ယာက ၃၈၉၂၉၁၅ စုပါ။ လက်ရှိကာလမှာ ဒီပိုင်ဆိုင်မှုတွေကို ဆယ်စုတစ်စု ခွဲစိတ်ထားပြီး ဖြစ်ပါတယ်။

သီလဝါအများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holding Public Limited) မှာဆို ဂျပန် -မြန်မာဖက်စပ်တည် ထောင်ထားတဲ့ MJTD (Myanmar Japan Thilawa Development ) နဲ့ လက်အောက်ခံကုမ္ပဏီ TPD(Thilawa Property Development) ဆိုပြီး ပါဝင်နေပြီး မိသားစုပိုင် ကုမ္ပဏီလို့ သမုတ်ခံနေရသူ MTSH ရဲ့  ဥက္ကဋ္ဌဦးဝင်းအောင်ရဲ့သားကတော့ MJTD မှာ ဒုတိယဥက္ကဋ္ဌနေရာ ရယူထားပါတယ်။

ဒီအများပိုင်ကုမ္ပဏီကိုးခုကနေ နေရာယူထားသူတွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေက သီလဝါကို ထိန်းချုပ်ထားပြီး ရာထူးတွေယူ၊ နှစ်စဉ်သန်းပေါင်းများစွာ ဆုကြေးတွေယူနေတာ ကုမ္ပဏီစတင်တည်ထောင်စကနေ အခုအချိန်အထိဖြစ်နေပြီး လက်ရှိအချိန်အထိတော့ သူတို့ယူထားတဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ ဒါရိုက်တာအဖွဲ့ဆိုတဲ့ ရာထူးနေရာခံစားခွင့် လုပ်ကိုင်ခွင့်တွေ ထိန်းကျောင်းထားတာ ငါးနှစ်ကျော်လာပြီလို့ ပြောရမှာဖြစ်ပြီး ဒီကုမ္ပဏီတွေဘက်က ခန့်ထားတဲ့လူတွေရဲ့ Conflict of Interest ကင်းရှင်းမှု မရှိတာ၊ ကုမ္ပဏီအမြတ်ဝင်ငွေ ကျဆင်းနေချိန်မှာ သူတို့ဟာ သိန်းရာချီတဲ့ လစာတွေ၊ ခံစားခွင့်တွေ ယူလာခဲ့တာ၊ ပြည်သူတစ်ဦးကို သိန်း ၅၀ ဖိုးထက် အစုရှယ်ယာ ဝယ်ယူခွင့်မပြုခဲ့တာကြောင့် ပြည်သူတွေကြားက သီလဝါ ဒါရိုက်တာပေါ်ထွက်လာ နိုင်မှုမရှိတာနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကုမ္ပဏီတွင်းအခြေအနေတွေကြောင့် ငါးကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ ရှယ်ယာရှင်တွေရဲ့ မေးခွန်းထုတ်သံတွေ ညံလာခဲ့ပါတယ်။

“အများပိုင်ကုမ္ပဏီကိုးခုနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး အဲဒီကုမ္ပဏီကိုယ်စားပြုတဲ့ ဒါရိုက်တာကိုးဦးနဲ့  လွတ်လပ်သော ဒါရိုက်တာသုံးဦးခန့်အပ်ထားကြောင်း လေ့လာသိရှိရပါတယ်။ ဒါရိုက်တာ တာဝန်ထမ်းဆောင်ဖို့အတွက် သက်တမ်းသတ်မှတ်ပြီး လုပ်ဆောင်စေချင်ပါတယ်။ လွတ်လပ်တဲ့ ဒါရိုက်တာသုံးဦးဆိုတာကလည်း လက်ရှိဥက္ကဋ္ဌနဲ့ ပတ်သက်နေတဲ့သူတွေ ဖြစ်တဲ့အတွက် မှန်ကန်ဖြောင့်မတ်တဲ့ သင့်လျော်သူတစ်ဦးဦးကို လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်ထားပေးဖို့ အကြံပြုလိုပါတယ်” လို့ အစုရှယ်ယာ ၁၀၀ ပိုင်ဆိုင်သူ ဦးအောင်ထွန်းမြင့်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဦးအောင်ထွန်းမြင့်က နှစ်ပတ်လည်အစည်းအဝေးအတွက် အကြံပြုစာပေးပို့ရာမှာ ဦးဝင်းအောင်ရဲ့ ဒဂုန်အင်တာနေရှင်နယ်ဟာ လှိုင်းတက်စည်သွပ်စက်ရုံကို ၂၀၁၂ ခု နှစ်မှာ တစ်ဧက ၆၂၃၀ ကျပ်နဲ့ ၃၂၁ ဧကကို နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခဲ့ရာမှာ ငှားရမ်းခလျော် ညီမှုမရှိတာ၊ ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင်ထားမှုမရှိတာတွေကြောင့် ကိုယ့်အကျိုးစီးပွားဆောင်ရွက်မှုမှာတောင် မှန်ကန်မှုမရှိသူက အများပိုင်ကုမ္ပဏီကို ဦးဆောင်နေတာကို စိုးရိမ်မိတယ်လို့လည်း ရေးသားပေးပို့ထားတာကို တွေ့ရပါတယ်။

ရှယ်ယာရှင်တွေက ဘာမေးခဲ့သလဲ

သီလဝါအများပိုင်ကုမ္ပဏီမှာ (COO) တာဝန်ထမ်းဆောင်ခဲ့သူက ဘဏ္ဍာရေးနဲ့ ငွေစာရင်းအချက်အလက်တွေ သိမ်းဆည်းထားတဲ့ ကွန်ပျူတာ (CPU) ပုံး ခိုးယူခဲ့မှုကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်း Website မှာ ဖော်ပြခဲ့ပြီး ဒီဖြစ်စဉ်က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တာပါ။ ကျူးလွန်သူ မလေးရှားနိုင်ငံသား Mr.Law Teck Wee (၄၅ နှစ်)ကို လမ်းမတော်မြို့မရဲစခန်းက(ပ) ၁၅၆/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ (၃၈) (အစေခံကခိုးယူမှု) နဲ့ အမှုဖွင့် စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သတင်းဆက်လက်ကြားသိရတာ မရှိတော့လို့ ဒီအမှုဘာကြောင့်ဖြစ်ပွားတာလဲ။ ကုမ္ပဏီအတွင်းမှာ အရှုပ်အရှင်းတွေရှိလို့ စာရင်းဖျောက်ဖျက်ဖို့ ခိုးယူသွားတာလို့ ကြားသိရတယ်ဆိုပြီး ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဦးသက်ထွန်းဦးက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအတွင်းမှာ မသမာမှုတွေ ရှိနိုင်တာကို အစုရှယ်ယာရှင်တွေရဲ့ အကျိုးအတွက် သေချာစွာဖော်ထုတ်ပေးဖို့ အမှုကို ဘယ်လိုအရေးယူထားသလဲဆိုတာနဲ့ လက်ရှိအချိန်အထိ တရားရင်ဆိုင်ဆဲလား (သို့မဟုတ်) ပြီးဆုံးသွားပြီလားဆိုတာကို ဖြေကြားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အစုရှယ်ယာ ၅၉၁၀ ပိုင်ဆိုင်သူ ဒေါ်ဝင်းဝင်းကြည်ကလည်း “MTSH အများပိုင်ကုမ္ပဏီကြီးအား  အစုရှယ်ယာရှင် ပေါင်း ၁၇၀၀၀ ကျော်နဲ့ ကနဦးတည်ထောင်သူအများပိုင်ကုမ္ပဏီကိုးခု၊ တစ်ခုလျှင် အရေအတွက် စုပေါင်းရေတွက်ပါက အစုရှယ်ယာရှင်စုစုပေါင်း ၂၀၀၀၀ ကျော်နဲ့ ပါဝင်ဖွဲ့စည်းထားပြီး MTSH ကုမ္ပဏီကြီး စတင်ဖွဲ့စည်းစဉ်က အစိုးရပါဝင်မှုရှိသည့်အတွက် အများပြည်သူက အရဲစွန့်ပြီး ချွေးနှဲစာတွေနဲ့ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားကြပါတယ်။ အကျိုးစီးပွားအကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် အများပိုင်ကုမ္ပဏီကိုးခုရဲ့ ကိုယ်စားပြု ဒါရိုက်တာကိုးဦးရဲ့ လက်ထဲကို ယုံကြည်စွာ အပ်နှံထားကြပါတယ်။ ရှယ်ယာရှင်အများစုရဲ့ အကျိုးစီးပွားတိုးတက်မှုတွေကို ဒါရိုက်တာတွေက ဖော်ဆောင်ရာမှာ ကိုယ်ကျိုးစီးပွားနဲ့ မိသားစုအကျိုးစီးပွားတွေ ဖော်ဆောင်မှုများ မရှိစေဖို့အတွက် လွတ်လပ်သော ဒါရိုက်တာသုံးဦးမှ ခန့်အပ်ထိန်းကျောင်းပေးခဲ့ပေမဲ့ လက်ရှိအချိန်မှာ ဒါရိုက်တာအချို့က စီမံကိန်းလုပ်ငန်းတွေလုပ်ဆောင်ရာမှာ မိသားစုအကျိုးစီးပွားများ ဆောင်ရွက်မှုရှိလာတာကို ဝမ်းနည်းဖွယ်ရာ ကြားသိလာရပါတယ်။ ဒါကြောင့် အများပြည်သူယုံကြည်မှုနဲ့ ခန့်အပ်ထားတဲ့ လွတ်လပ်တဲ့ ဒါရိုက်တာတွေက ဘယ်သူ့မျက်နှာမျှမထောက်ဘဲ ရှယ်ယာရှင်အများပြည်သူ၏ မျက်နှာရှေးရှုပြီး ထိန်းသိမ်းကြပ်မတ်ပေးကြဖို့ အများပိုင် ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ကို မိသားစုဝင်တွေ သွတ်သွင်းတာ။ ဆွေမျိုးသားချင်းတွေ စုပေါင်းပြီး မိသားစု စီးပွားရေးလုပ်ငန်းအသွင် အကောင်အထည်ဖော်နေမှုတွေ တားဆီးပေးကြဖို့နဲ့ လွတ်လပ်တဲ့ ဒါရိုက်တာ သုံးဦးက ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားနဲ့ အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

သီလဝါအများပိုင် ကုမ္ပဏီမှာဆိုရင် လွတ်လပ်တဲ့ ဒါရိုက်တာတွေအဖြစ် ဒေါက်တာအောင်ထွန်းသက်၊ ဦးတင်ထွဋ်ဦးနဲ့ ဦးအောင်ညွန့်တို့ ပါဝင်ပါတယ်။ ဒီလို လွတ်လပ်တဲ့ ဒါရိုက်တာသုံးဦးဟာ အများပိုင် ကုမ္ပဏီနဲ့ ရှယ်ယာရှင်ပြည်သူတွေရဲ့ မျက်နှာကို ပြန်ကြည့်နိုင်တဲ့ အခြေအနေရှိနေသလားလို့ မေးတာကို ပြန်ကြည့်ရပါမယ်။ ဒီလို ပြန်ကြည့်မယ်ဆိုရင် ဦးအောင်ညွန့်နဲ့ ဦးတင်ထွဋ်ဦးဟာ ဦးဝင်းအောင်နဲ့ နီးစပ်သူတွေဖြစ်ပြီး အများပြည်သူအတွက် ခန့်ထားတာ မဟုတ်ဘဲ ဥက္ကဋ္ဌဦးဝင်းအောင်အတွက် ခန့်ထားသလို ဖြစ်နေတယ်လို့ ရှယ်ယာရှင် ဦးအောင်ထွန်းမြင့်က ဆိုပါတယ်။ ဒါ့အပြင် လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက်ဟာ အခြားတာဝန်တွေကြောင့် MTSH အစည်းအဝေးတွေမှာ အခြားသောဒါရိုက်တာတွေ နည်းတူမတက်ရောက်နိုင်ခဲ့တာကို ၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇- ၂၀၁၈ အစီရင်ခံစာတွေမှာ တွေ့ရသလို ဒေါက်တာအောင်ထွန်းသက်ဟာ အများပိုင်ကုမ္ပဏီအများစုမှာ လွတ်လပ် သောဒါရိုက်တာ၊ သင်ကြားရေးတာဝန်တွေ၊ နိုင်ငံ့အကြံပေး၊ UEHRD  မှာ ညှိနှိုင်းရေးမှူးချူပ်လို တာဝန်ကြီးကြီး ရယူထားတာကြောင့် MTSH မှာ အာရုံစူးစိုက်မှုလျော့ကျလာနေမှာပါလို့ ရှယ်ယာ ၇၆၀၀ ပိုင်ဆိုင်ထားတဲ့ ဦးခင်ဇော်က အကြံပြုခဲ့ပါတယ်။ သူ့နေရာ မှာ သီအိုရီထက် လက်တွေ့လုပ်ငန်းအတွေ့ အကြုံရှိတဲ့ Over View ရှုမြင်သုံးသပ်နိုင်သူကို ခန့်ထားပေးဖို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ MTSH ရဲ့ ဝင်ငွေကျဆင်းမှု၊ ဇုန်အကောင်အထည်ဖော်နိုင်မှု နှေးကွေးတာတွေကို ထောက်ပြပြီး ဝေဖန်ခဲ့ပါတယ်။ လွတ်လပ်သောဒါရိုက်တာတွေဟာ တာဝန်များစွာနဲ့ မလွတ်မလပ်ဖြစ်နေတဲ့အပြင် ဥက္ကဋ္ဌနဲ့ ဆက်နွှယ်နေတယ်လို့ အထင်ခံနေရတာဟာ နိုင်ငံတော်အဆင့် အများပိုင်ကုမ္ပဏီတစ်ခု၊ ပြည်သူအများစုက အစိုးရပါလို့ စိတ်ချရတယ်ဆိုပြီး ရှယ်ယာပါဝင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုအတွက် ဖြစ်သင့်ရဲ့လားဆိုတာ မေးခွန်းထုတ်ရမှာဖြစ်သလို သူတို့အတွက် ဉာဏ်ပူဇော်ခ၊ ဆုကြေးတွေ သိန်းရာနဲ့ချီ အသုံးပြုနေတာကရော ထိုက်သင့်ရဲ့လား မေးခွန်းထုတ်ရမှာပါ။

“ပထမဦးဆုံးအချက်ဖြစ်တဲ့ ဒါရိုက်တာတွေ၊ ဒီဒါရိုက်တာတွေပဲ အမြဲလုပ်နေမှာ လားဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့  Rotation ပေါ့။ တစ်နှစ်ကို သုံးယောက်တစ်ခါထွက်ပေါ့။ သို့သော်လည်း အစုရှင်များက ထွက်ပေးတဲ့ ပုဂ္ဂိုလ်တွေကို ဆက်လက်ပြီးတော့ တာဝန်ထမ်းဆောင်စေချင်တယ်ဆိုရင် ၎င်းတို့ရဲ့မဲနဲ့ ယုံကြည်ပြီးတော့ မဲပေးရွေးချယ်မှသာ တာဝန်ဆောင်ရွက်ခွင့်ရပါတယ်။ ဥက္ကဋ္ဌအပါအဝင် အားလုံး  ဒီအတိုင်းပါပဲ။ ထိုနည်းအတိုင်း Indenpendence  Director ကြီးများသည်လည်း သီအိုရီအရ ခန့်အပ်လို့ မရပါဘူး။BOD က အဆို ပြုတယ်။ AGM က ဆုံးဖြတ်ပါတယ်။ AGM က အများသဘောတူ ဆုံးဖြတ်ပြီးတော့မှ ဆောင်ရွက်လို့ရတာ ဖြစ်ပါတယ်” လို့ ဦးဝင်းအောင်က ဖြေရှင်းပါတယ်။

ဒီလို မေးခွန်းထုတ်သံတွေထဲမှာ ဦးဝင်းအောင်တို့ကို အပြင်းထန်ဆုံးထိုးနှက်လိုက်တဲ့ မေးခွန်းထုတ်သံကတော့ MTSH စတင်ထူထောင်ချိန်မှာ ပါဝင်ခဲ့သလို လက်ရှိအချိန်မှာလည်း Myanmar Japan Thilawa Development ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးသိန်းဟန်ရဲ့ Myanmar Edible Oil Industrial Public Corporation (MEICO) Limited က မေးမြန်းလာမှုပါ။

MTSH ပဉ္စမအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ ဖြေကြားပေးဖို့ အချက်ရှစ်ချက်နဲ့ စုစုပေါင်းမေးခွန်း ခုနစ်ခုမေးလာခဲ့တဲ့ MEICO ရဲ့ မေးမြန်းချက်တွေကို အကျဉ်းချုံးဖော်ပြရရင်...

၁။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ MTSH  ဥက္ကဋ္ဌ ဦးဝင်းအောင်ပိုင်ဆိုင်တဲ့ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီက ဒါရိုက်တာအဖွဲ့ ခွင့်ပြုချက်မရဘဲ ကျပ်သိန်း ၁၀၀၀ ကျော်ကို ထုတ်ယူခဲ့တာ။ အဲဒီလို ထုတ်ယူခဲ့တာကို ဦးဝင်းအောင်နဲ့ သားဖြစ်သူ ဦးသူရိန်အောင်တို့က သီလဝါ SEZ မစမီ Feasibility Study ပြုလုပ်ထားလို့ ကုန်ကျစရိတ်ပြန်ထုတ်တာလို့ ရှင်းခဲ့ပေမဲ့ တကယ့်ဖြစ်ရပ်မှန်က MTSH  ဖွဲ့ စည်းဖို့ အစီအစဉ်မရှိခင်ကတည်းက ဒဂုန်အင်တာနေရှင်နယ်က သူတို့ Own Risk နဲ့ လုပ်ခဲ့တာဖြစ်လို့၊ ဒဂုန်အင်တာနေရှင်နယ်ရဲ့ Feasibility Study က အသုံးဝင်မှု မရှိတာကြောင့် ဂျပန်နိုင်ငံဘက်က ပြန်ထုတ်ပေးဖို့  ငြင်းဆိုထားတာ သိလျက်နဲ့ ဒီလို သိန်း ၁၀၀၀ ကျော်ကို ထုတ်ယူသွားတာဟာ အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို လွဲမှားစွာ စီမံခန့်ခွဲတာဖြစ်လို့ ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၂။ TPD ကုမ္ပဏီအတွင်းမှာ မလျော်မကန် ဆောင်ရွက်မှုတွေရှိနေတယ်လို့  ject Department Engineer ဖြစ်တဲ့ ဦးအောင်မင်းထွန်းက အချက် ၁၉ ချက်ပါတဲ့ နစ်နာမှုတွေကို ဒါရိုက်တာအဖွဲ့ဆီ တိုင်ကြားခဲ့ပြီး သီလဝါအများပိုင်ကုမ္ပဏီမှာ (COO) တာဝန်ထမ်းဆောင်ခဲ့သူ မလေးရှားနိုင်ငံသား Mr.Law Teck Wee က ဘဏ္ဍာရေးဌာန အသုံးပြုနေတဲ့ စားပွဲတင်ကွန်ပျူတာကို ခွင့်ပြုချက်မရှိ ဖြုတ်ယူသွားခဲ့တာ၊ သူဖြုတ်ယူသွားလို့ မြို့နယ်ရဲစခန်းတိုင်ခဲ့ချိန်မှာ Mr.Law Teck Wee ဟာ ဦးဝင်းအောင်ရှိနေတဲ့ ဒဂုန်အင်တာနေရှင်နယ်ရုံးကို အဲဒီညနေမှာ သွားခဲ့တာ၊ ဒါရိုက်တာအဖွဲ့ဝင် အချို့က ဖိအားပေးအမှုပိတ်သိမ်းခဲ့တာ၊ ကုမ္ပဏီအတွက် သိန်းပေါင်းများစွာ နစ်နာဆုံးရှုံးနေပါတယ်လို့ တိုင်ကြားခဲ့တဲ့ ဦးအောင်မင်းထွန်းရဲ့ တိုင်ကြားချက်ကို ဂရုမပြုခဲ့တာ၊ ဒီဖြစ်စဉ်ကို မှေးမှိန်ပျောက်ကွယ်သွားအောင် လွတ်လပ်တဲ့ဒါရိုက်တာတွေကို ဖိအားပေးခဲ့တာတွေနဲ့ ဒီဖြစ်စဉ်ကြောင့် အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွား အမှန်တကယ်ထိခိုက်စေခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၃။ ဦးတင်ထွဋ်ဦး ဦးဆောင်တဲ့ Interim Management  ကော်မတီဟာ ကုမ္ပဏီအုပ်ချုပ်ရေးဆိုင်ရာတွေမှာ အုပ်ချုပ်မှု ဒါရိုက်တာနဲ့အပြိုင် လာပြီးဆောင်ရွက်နေလို့ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းတာနဲ့ ဦးအောင်စိုးသာ ဦးဆောင်တဲ့ ကော်မတီကို Conflict of Interest ရှိသူတွေနဲ့ ဖွဲ့စည်းထားလို့ ဒါရိုက်တာနှစ်ဖွဲ့ ထိပ်တိုက်တိုးနေပြီး ကုမ္ပဏီအတွက် ဆိုးကျိုးဖြစ်ပေါ်နိုင်လို့ ဒီလိုရှယ်ယာရှင်တွေအတွက် အကျိုးမရှိတဲ့ကော်မတီကို ဘာကြောင့်ဆက်လက်ဖွဲ့စည်းထား သလဲဆိုတာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

၄။ ၂၀၁၇ စက်တင်ဘာ ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ MJTD Officer အစည်းအဝေးမှာ ဦးဝင်းအောင်ရဲ့ သားဖြစ်တဲ့ ဦးသူရိန်အောင်က MTSH ရဲ့ CFO အလုပ်က ထွက်တာကို အသိပေးခဲ့ပြီး ဒီလိုမျိုး ပြောကြားမှုဟာ စတော့အိတ်ချိန်းအများပိုင်ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေလိုက်နာရမယ့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းဥပဒေကို ဖောက်ဖျက်တာဖြစ်ပြီး ဒီအတွင်းသတင်းကို ဦးသူရိန်အောင်ကို ဘယ်သူက လွှဲပြောင်းပေးခဲ့တယ်ဆိုတာနဲ့ MTSH ဒါရိုက်တာတွေပဲ တက်ခဲ့တဲ့အစည်းအဝေး အကြောင်းအရာကို ဦးသူရိန်အောင်က ဘယ်သူ့ညွှန်ကြားချက်နဲ့  MJTD ကို အသိပေးပြောကြားခဲ့သလဲဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီး ဒီဖြစ်စဉ်အတွက် ဘယ်လိုအရေးယူ ထားလဲဆိုတာကို မေးခွန်းထုတ်ခဲ့တာကို တွေ့ရပါတယ်။

၅။ ဦးဝင်းအောင်ရဲ့ သားဖြစ်သူ ဦးသူရိန်အောင်နဲ့ MAGDL ဘက်က ဦးမြင့်ဇော်တို့ နှစ်ယောက်ကို နုတ်ထွက်စေဖို့ ဒါရိုက်တာအဖွဲ့အစည်းအဝေးတွေမှာ အကြိမ်ကြိမ်ဆွေးနွေး၊ ဆုံးဖြတ်၊ အကြိမ်ကြိမ် အတည်ပြုခဲ့ပေမဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရာထူးတည်မြဲနေပြီး အုပ်ချုပ်မှုဒါရိုက်တာတောင် မသိတဲ့ အနာဂတ်စီမံကိန်းတွေမှာ ပြောင်ပြောင်တင်းတင်း တာဝန်ပေးထားတာကို တွေ့ရလို့ ဒီလိုကိစ္စကို ဒါရိုက်တာအဖွဲ့က ဘာကြောင့်အရေးမယူနိုင်သလဲဆိုတာကို ရှင်းလင်းပေးပါလို့ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

၆။ ဦးဝင်းအောင်ရဲ့ သားဖြစ်သူ ဦးသူရိန်အောင်ဟာ Management မှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဦးအောင်စိုးသာကိုတောင် အသိမပေးဘဲ Mitsubishi နဲ့ Logistics လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အပြင် Mitsubishi နဲ့ MoU ထိုးဖို့ မူကြမ်းကိုပါ ဒါရိုက်တာအဖွဲ့ အစည်းအဝေးကို တင်ပြလာတာနဲ့ ဦးဝင်းအောင်ရဲ့ ဒဂုန်အင်တာနေရှင်နယ်ဟာ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေးနဲ့ Logistics လုပ်ငန်းတွေ အဓိကလုပ်ကိုင်တာဖြစ်တယ်လို့ Conflict of Interest  အခြေအနေကို ထောက်ပြထားတာ တွေ့ရပါတယ်။ ဒီလို အခြေအနေအတွက် ဦးအောင်စိုးသာက ထောက်ပြပြောကြားရာမှာ ဦးဝင်းအောင်က ဝေ့လည်ကြောင်ပတ်လုပ်နေပြီး မသိကျိုးကျွံလုပ်ပြီး Conflict of Interest  နည်းဖို့ သူကိုယ်တိုင်ဦးစီးမယ်လို့ ဖိအားပေး ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ ဥက္ကဋ္ဌ ဦးဝင်းအောင်ဟာ ဒီကိစ္စမှာဘာကြောင့် Conflict of Interest  ကင်းရှင်းမယ်လို့ ဆုံးဖြတ်ခဲ့တာလဲလို့ မေးခွန်းထုတ်တာကို တွေ့ခဲ့ပါတယ်။

MTSH  စတင်ထူထောင်စဉ်က ပါဝင်ခဲ့ပြီး ရှယ်ယာအများစုပိုင်ဆိုင်ထားတဲ့ Myanmar Edible Oil Industrial Public က ဒီလိုအချက်အလက်တွေကို မေးမြန်းခဲ့ပေမယ့် ကုမ္ပဏီဥက္ကဋ္ဌက မေးခွန်းအပြည့်အစုံ မဖြေခဲ့သလို ငါးကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးကိုလည်း ရုတ်တရက် ရပ်နားခဲ့တာကြောင့် အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မေးခွန်းမေးလာတဲ့အတွက် ရှယ်ယာရှင်တွေကို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့လည်း MEICO ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောပါတယ်။

“အစုရှယ်ယာရှင်အစည်းအဝေးဆိုတာ တစ်နှစ်မှ တစ်ကြိမ်။ တစ်ကြိမ်မှာပဲ သူတို့ထည့်ထားတဲ့ပိုက်ဆံကို ဒီမှာလာပြီးတော့ နားထောင်ပြီးတော့ သူတို့သိချင်တာ မေးကြတာ။ တစ်စုတည်းလည်း လေးစားရမယ်။ ကျွန်တော့်နောက်မှာ အယောက် ၅၀၀ ကျော်ရှိတယ်။ အဲဒီရှယ်ယာရှင်တွေက သူတို့ ငွေတွေထည့်ထားတာ။ သိချင်တယ်။ ကျွန်တော်က မေးပေးရတာ။ အဲဒီတော့ မေးပေးရတဲ့ဟာကို ရှယ်ယာရှင်တွေ သွားပြီးခြိမ်းခြောက်တယ်။ မဖြစ်သင့်ဘူး” လို့ ဦးသိန်းဟန်က ဆိုပါတယ်။

ဦးဝင်းအောင် ဘာတုံ့ပြန်သလဲ

ဦးဝင်းအောင်နဲ့ သားဖြစ်သူ ဦးသူရိန်အောင်၊ သူတို့မိသားစုရဲ့ Conflict of Interest  လို့ ရှယ်ယာရှင်တွေက ထောက်ပြမေးမြန်းပေမဲ့ အဓိကတာဝန်အရှိဆုံးသူကတော့ ဦးဝင်းအောင်ပါ။ MTSH ဥက္ကဋ္ဌနေရာမှာ သက်တော်ရှည်တာဝန်ယူထားတဲ့ ဦးဝင်းအောင်ကတော့ ရှယ်ယာရှင်တချို့ရဲ့ မေးမြန်းမှုကို “ကျွန်တော်တို့ဟာ ကုမ္ပဏီတစ်ခုကို ဦးဆောင်ပြီးတော့ ရှယ်ယာရှင်တွေ တာဝန်ပေးထားတဲ့ BOD တွေဟာ တာဝန်ယူပြီး ဆောင်ရွက်ရပါတယ်။ အဲဒီလိုတာဝန်ယူ ဆောင်ရွက်တဲ့အခါ အမြဲတမ်းရှယ်ယာရှင်တွေရဲ့အကျိုးကို နံပါတ်တစ်ပါပဲ။ ရှယ်ယာရှင်တွေ လုံးဝစိုးရိမ်နေတဲ့ အနေအထားသည် တကယ်ကို ပွင့်လင်းမြင်သာမှုရှိရှိ သူ့ရဲ့အချိန်အတိုင်း အားလုံးကိုအသိပေးရပါတယ်။ ကျွန်တော်တို့ ဒီဟာကို ဆောင်ရွက်တဲ့ အနေအထားမှာ BOD တွေကနေ ဒီဟာကို ဆောင်ရွက်ဖို့အတွက် Interim Management Committee ကို ဖွဲ့စည်းပြီး ကြားဖြတ်စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းပေးထားတာဖြစ်တဲ့အတွက် အဲဒီကော်မတီကပဲ ဆောင်ရွက်ပါတယ်။ အဲဒီကော်မတီက ပြန်တက်လာတဲ့ ကျိုးကြောင်းဆီလျော်မှုအပေါ် မူတည်ပြီးတော့ BOD မှာဆွေးနွေးပြီးတော့   ဆက်လက်ဆောင်ရွက်ပါတယ်” လို့ ဆိုပါတယ်။

MTSH မှာ ရှယ်ယာတစ်စုပဲပိုင်ပါစေဦးတော့ ကြိုတင်မေးမြန်းလာမှုတွေအားလုံးကို တလေးတစား ဖြေကြားပေးဖို့မှာ ဦးဝင်းအောင်နဲ့ ဒါရိုက်တာအဖွဲ့မှာ တာဝန်ရှိပါတယ်။ MTSH ဆိုတာ နိုင်ငံပိုင်လို့ ပြောလို့ ရပြီး တိုင်းပြည်သိက္ခာပါ။ ဒီလိုမျိုး အစိုးရ အချင်းချင်း၊ နိုင်ငံအချင်းချင်း ချိတ်ဆက်လုပ်တဲ့ စီမံကိန်းမျိုးမှာ၊ ပြည်သူတွေပါဝင်နေတဲ့ စီမံကိန်းမျိုးမှာ ဥက္ကဋ္ဌနဲ့ သားဖြစ်သူရဲ့ Conflict of Interest  ကို ထောက်ပြဝေဖန်ခံနေရတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းနေတဲ့ NLD  အစိုးရရဲ့ မျက်နှာကို ထပ်ဆင့် အိုးမည်းသုတ်ခဲ့တာဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုကျဆင်းလာတာဟာ ဒီလိုမျိုး မိသားစုပိုင်ကုမ္ပဏီအသွင်ဖြစ်လာတဲ့ အကျိုးစီးပွားပဋိပက္ခတွေကြောင့်လားဆိုတာ ဆန်းစစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် ဦးဝင်းအောင်နဲ့ သူ့မိသားစုဟာ ၁၅ သိန်းအောက်အထိ ပိုင်ဆိုင်ထားတာတွေ့ရပြီး ဒီလိုပိုင်ဆိုင်မှုအပြင် ကန့်ကွက်ခံနေရတဲ့ ဦးသူရိန်အောင်ရဲ့ လစာဟာ တစ်နှစ်မှာ သိန်း ၆၀၀ အထက် လစာရယူထားသလို ဆုကြေးအဖြစ်လည်း သိန်းရာနဲ့ချီ ရယူနေတာကို တွေ့ရပါတယ်။ ဦးသူရိန်အောင်ရဲ့ လုပ်အားအမှန်ကို ရှယ်ယာရှင် ပြည်သူတွေက မနှစ်ခြိုက်ဘူး၊ ဒါရိုက်တာအ ဖွဲ့ကလည်း နုတ်ထွက်ဖို့ အစည်းအဝေးတွေမှာ မကြာခဏဆုံးဖြတ်ထားတယ်ဆိုတဲ့ အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုကုန်ကျစရိတ်တွေဟာ ကုမ္ပဏီအတွက် နစ်နာစရာဖြစ်လာမှာဖြစ်ပြီး ကုန်ကျခံနေရတဲ့ ရှယ်ယာရှင်ပြည်သူတွေရဲ့ ငွေကြေးတွေက အဟောသိကံဖြစ်နေသလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Conflict of Interest  မေးခွန်းတွေနဲ့ပတ်သက်ပြီး ဦးဝင်းအောင်ကတော့ “ကျွန်တော်တို့အနေနဲ့ မိမိရဲ့ကိုယ်ကျိုးထက် ရှယ်ယာရှင်တွေရဲ့ အကျိုး၊ နောက်တစ်ဆင့် ကျွန်တော်တို့ရဲ့ စီးပွားရေးကဏ္ဍကြီးရဲ့ အကျိုး၊ နောက်တစ်ဆင့် နိုင်ငံတော်ရဲ့အကျိုးကို ရှေးရှုပြီး အမြဲတမ်း ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ကတိ ပြုပြောကြားအပ်ပါတယ်။ ရှေ့ဆက်ဆောင်ရွက်တဲ့အခါမှာလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီး ဆုံးမသြဝါဒအတိုင်းပဲ ကျွန်တော်တို့ အကုန်လုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ပါမယ်။ ကျွန်တော်တို့တင်ပဲ အမြဲတမ်းဒီနေရာမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ တစ်နည်းအားဖြင့်ပြောရင် ကျွန်တော်တို့တွေ လူငယ်မျိုးဆက်တွေကိုလည်း တဖြည်းဖြည်း လက်ဆင့်ကမ်းရမှာဖြစ်ပါတယ်။ လက်ဆင့်ကမ်းတယ်ဆိုရာမှာလည်း အားလုံးကို တဖြည်းဖြည်းနဲ့ လက်ဆင့်ကမ်းပြီးတော့ လက်လွှဲပြီးတော့ ရင့်ကျက်သော ဦးဆောင်သူများဖြစ်အောင် ပျိုးထောင်ပြီး ဆောင်ရွက်သွားမယ့်အကြောင်း ကျွန်တော် ကတိပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဦးဝင်းအောင်က နိဂုံးချုပ်ပြောကြားသွားပေမဲ့ ရှယ်ယာရှင်တွေကတော့ သူတို့ဖြေရှင်းပေးဖို့ တောင်းဆိုထားတာတွေကို တိတိကျကျ ဖြေရှင်းမပေးဘဲ၊ မေးခွန်းတွေကို တိတိကျကျ ဖတ်ကြားမသွားဘဲ ဝေ့လည်ကြောင်ပတ်ဖြေသွားတဲ့ အခြေအနေတွေကို မနှစ်မြို့ကြပါဘူး။

“ကျွန်တော်တို့က မြန်မာပြည်မှာ အများပိုင်တဲ့ အကြီးဆုံးကုမ္ပဏီဖြစ်ပါတယ်။ အများပြည်သူ၊ အခြေခံလူတန်းစား အကုန်လုံး တစ်စုနိုင်လည်း တစ်စုဝယ်ထားတဲ့ ရှယ်ယာရှင်တွေ။ သူတို့မှာလည်း တစ်နှစ်တစ်ခါပဲ လာတက်ခွင့်ရတော့ သိချင်တာလေးတွေ မေးမှာပဲ။ ဒါကို မေးခွင့်ပြုရမယ်။ ဒါမေးတာကို သွားပြီးတော့ အပြစ်တင်လို့မရဘူး။ MEICO က သီလဝါမှာ ရှယ်ယာ ၁၇၉၇၀၀၀ ရှိတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ နှစ်သန်းလောက်ရှိတယ်။ အခုလောက်ဆို ဒေါ်လာ ခြောက်သန်းလောက်ရှိတယ်။ ခန့်မှန်းခြေပေါ့။ ကျွန်တော်တို့က ကနဦးတည်ထောင်သူထဲမှာ ပါတယ်။ ပြီးတော့ ကျွန်တော်က ဒီကုမ္ပဏီကြီး စတည်ထောင်ကတည်းက MTSH ရဲ့ MD ။  ပြီးတော့ ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီအတွက် လေးယောက်ကို မဲနဲ့ရွေးချိန်မှာ ကျွန်တော်က ဖက်စပ်ကုမ္ပဏီဥက္ကဋ္ဌ။ ကျွန်တော်လေးနှစ်လုပ်ခဲ့တာ။ အပြစ်အနာအဆာမရှိ။ အမြတ်တွေကို တစ်နှစ်ဒေါ်လာသန်း ၂၀ ကျော်ရအောင် ရှာပေးခဲ့တာ။ လေးနှစ်မှာ မနှစ်က ၂၀၁၇ နိုဝင်ဘာမှာ အနားယူခဲ့တယ်။ ကိုအောင်စိုးသာကို လွှဲပေးလိုက်တယ်။ ကျွန်တော်အနားယူတယ်။ အနားယူလိုက်တဲ့အချိန်မှာ Board ထဲမှာ မလျော်မကန်တာတွေ ရှိတဲ့အတွက်ကြောင့် နုတ်ထွက်လိုက်တာ။ အခုလက်ရှိမှာ မြန်မာဘက်က MTSH မှာ ဒါရိုက်တာတစ်ယောက် ဖြစ်နေတယ်။ အဲဒီထဲမှာ မလျော်မကန်လုပ်နေတာတွေ တွေ့တယ်။ ကျွန်တော် Board ကို အပတ်စဉ်တိုင်း စာတင်တယ်။ မလျော်မကန်တဲ့ ကိစ္စတွေက  အများကြီးပဲ။ တနင်္လာအစည်းအဝေးဆို စနေနေ့ကျမှခေါ်တယ်။ သိန်းနဲ့ချီပြီး ဒေါ်လာသုံးမယ့် ကိစ္စတွေကို ဆုံးဖြတ်ခိုင်းတယ်။ ဘာမှလည်း ဖတ်ခွင့်မရှိဘူး။ အဲဒါတွေကို ဆယ်ရက်တစ်ပတ် ကြိုပြောပါ။ လုပ်မယ့် စီမံကိန်းတွေကို ကျွန်တော်တို့ဆီ ကြိုပို့ပါဆိုတာကို အဲဒါလည်း မလုပ်ဘူး။ ပြီးတော့ ပုဂ္ဂိုလ်ရေးပါလို့ နာမည်မပြောချင်ဘူး။ ဒီအထဲမှာ Conflict of Interest  ပါလို့ မမှန်မကန်လုပ်နေလို့ ဖြေရှင်းပေးပါလို့ ကျွန်တော်စာတင်ထားတယ်။ ပစ်စာမဟုတ်ပါဘူး။ တရားဝင်တင်တာ။ တင်တဲ့ဥစ္စာကို ဖြေရှင်းမပေးတာ ရှိတယ်။ ဒါလေးတွေက ကျွန်တော်တို့ရဲ့ အခက်အခဲ” လို့ ဦးသိန်းဟန်က ဆိုပါတယ်။

မြန်မာပြည်က လုပ်ငန်းစုတွေပြန်ကြည့်မယ်ဆိုရင် သိက္ခာရှိ၊ ခိုင်မာပြီး အစိုးရက မြေအာမခံချက်ပေးနိုင်တဲ့နေရာက သီလဝါပဲ ရှိတော့တာပါ။ အဲဒါကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက နောက်ပိုင်းမှာ သီလဝါကိုပဲ ဝင်ရောက်နေတာ တွေ့ရမှာပါ။ ဒီလိုမျိုး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်နေတဲ့ တစ်ခုတည်းသော အကောင်အထည်ပေါ်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ ဒီလိုမျိုး Conflict of Interest  တွေနဲ့ နာမည်ဆိုး ထွက်လာတာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ထိုးနှက်လိုက်တာဖြစ်သလို အမေရိကန်နိုင်ငံက သီလဝါမှာ ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေတယ်ဆိုတဲ့အချိန်ကျမှာ ဒီလိုအပုပ်နံ့ထွက်လာပြီး မဖြေရှင်းနိုင်တာက တော်တော်ဆိုးတဲ့အခြေအနေပါ။ တကယ်တော့ သီလဝါမှာ လူတစ်စုက နေရာယူထားပြီး Conflict of Interest  တွေဖန်တီး နေတယ်ဆိုပေမဲ့ သူတို့အထက်မှာ အစိုးရဘက်က Mr.SEZ လို့ ဂျပန် Nikkei က တင်စားခဲ့တဲ့ စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင်တို့ Thilawa SEZ Management ကော်မတီတို့လို Government Body ရှိနေပါသေးတယ်။ ဒီလိုမျိုး ရှိနေတဲ့ Government Body က လူတွေက နိုင်ငံ့သိက္ခာ၊ လတ်တလောမှာ အအောင်မြင်ဆုံးစီးပွားရေးဇုန်၊ ပြည်သူ့ငွေတွေနဲ့ လည်ပတ်နေတဲ့ အများပိုင် ကုမ္ပဏီတစ်ခုရဲ့ Conflict of Interest  ပြဿနာတွေကို လက်ပိုက်ကြည့်မနေဘဲ စုံ စမ်းစစ်ဆေးဖော်ထုတ်ပြီး မလျော်မကန် လုပ်ဆောင်နေမှုတွေ၊ Conflict of Interest  ပြဿနာတွေကို ရှင်းထုတ်ရမှာပါ။ ဒါမှလည်း သီလဝါအများပိုင်ကုမ္ပဏီဟာ မိသားစုကုမ္ပဏီ မဖြစ်ဘဲ သိက္ခာရှိတဲ့၊ နိုင်ငံပိုင်တဲ့၊ အောင်မြင်တဲ့ အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်မှာပါ။

Most Read

Most Recent