မြန်မာနိုင်ငံကို ကာကွယ်ပေးရတဲ့ အကြောင်းတရား ဒါမှမဟုတ် သိပ်မသိကြသေးတဲ့ တရုတ်ရဲ့အကျိုးစီးပွား

မြန်မာနိုင်ငံကို ကာကွယ်ပေးရတဲ့ အကြောင်းတရား ဒါမှမဟုတ် သိပ်မသိကြသေးတဲ့ တရုတ်ရဲ့အကျိုးစီးပွား
Published 1 October 2018

အစ်ဒ်နေ့ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ပြီးနောက် ကက်ရှ်ဂါမြို့ရှိ တရုတ်နိုင်ငံ၏အကြီးဆုံး အီကာဗလီမှထွက်လာသော ဝီဂါအမျိုးသားများကို တွေ့ရစဉ် (Photo: Getty Images)

ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ (အထူးသဖြင့် ဗြိတိန် ဦးဆောင်တဲ့ အနောက်အုပ်စု) က  မြန်မာနိုင်ငံအပေါ် ဖိအားတွေ တိုးတိုးပြီး ပေးလာတာနဲ့အမျှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့  အသံတွေ ညံလာပါတယ်။ ICC မတိုင်ခင်ကလည်း R2P ဆိုတဲ့အသံတွေ ထွက်ခဲ့ပါသေးတယ်။

 

■ ICC က မြန်မာနိုင်ငံကို အရေးယူပိုင်ခွင့် ရှိသလား

မြန်မာနိုင်ငံဟာ ICC ကို အုတ်မြစ်ချထားတဲ့ ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွှဲပြောင်းပေးမှသာ ဖြစ်နိုင်မှာပါ။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း တရုတ်နိုင်ငံဟာ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိတဲ့ နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံကို ကာကွယ်ပေးထားလို့ ရနေပါတယ်။

ဒါကြောင့် ICC ဟာ လုံခြုံရေးကောင်စီကို ဖြတ်သန်းစရာမလိုတဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေပြီး ရခိုင်အရေးကို စုံစမ်းစစ်ဆေးနိုင်ဖို့  ကြိုးစားနေပါတယ်။ ICC တရားစွဲဆိုရေး အကြီးအကဲ ဖာတူးဘင်ဆူ ဒါက အတင်းအဓမ္မ နိုင်ငံတွင်းကမောင်းထုတ်ခြင်း (Forcible Deportation) နဲ့ တရားစွဲဆိုဖို့ ကြိုးစားလာတာပါ။

အဲဒီလို အတင်းအဓမ္မ မောင်းထုတ်မှုဟာ မြန်မာနယ်နိမိတ်ကို ဖြတ်ကျော်ပြီး ဖြစ်ပွားခဲ့တယ်၊ ဒီတော့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲမှာပါ ဆက်လက်ဖြစ်ပွားတယ်၊ ဘင်္ဂလားဒေ့ရှ်ဟာ ICC အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ အချက်တွေနဲ့ ICC တရားသူကြီးတွေထံ စုံစမ်းစစ်ဆေးခွင့်တင်ပါတယ်။

နောက်ဆုံးတော့ ICC က အ ကြိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ICC က တရားစွဲဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ကိစ္စကို မြန်မာနိုင်ငံက ပယ်ချထားပါတယ်။ ICC ဟာ အမေရိကန်နဲ့လည်း ပြဿနာတက်နေပြီး အမေရိကန်က ICC အနေနဲ့ သူ့ကို တရားစွဲဆိုခွင့်မရှိဘူးလို့ ငြင်းထားပါတယ်။

ဘာပဲဖြစ်ဖြစ် ICC အနေနဲ့ အဲဒီလမ်းကြောင်းကနေ မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ဆိုတာ အတော့်ကို အကောင်အထည် ပေါ်လာနိုင်ခြေနည်းတဲ့ကိစ္စပါ။

 

■ R2P ဆိုတဲ့ ကိစ္စ

အရင်တုန်းက အသံထွက်ခဲ့တဲ့ R2P ဆိုတဲ့ ကိစ္စဟာလည်း ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုရမှာပါ။ Responsibility to Protect လို့ခေါ်တဲ့ R2P ဆိုတာ ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲမှာ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံး အတည်ပြုထားကြတဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ပါ။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုလိုက် သုတ်သင်မှုနဲ့ လူသားဆန်မှုကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ဖို့ အချက်လေးချက်ကို သဘောတူထားတာပါ။ ဘယ်လူအုပ်စုတွေကိုမဆို အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံရခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ကျူးလွန်ခံရခြင်းတွေကနေ ကာကွယ်ပေးရန် တာဝန်ရှိခြင်းပါပဲ။ ဒါပေမဲ့ R2P အတွက် အင်အား သုံးဖို့ကိစ္စဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့သာ သက်ဆိုင်တာမို့ လုံခြုံရေးကောင်စီကို ဘယ်လိုမှ ရှောင် လွှဲလို့ မရနိုင်ပါဘူး။

 

■ လူသိမများတဲ့ တရုတ်ရဲ့အကျိုးစီးပွား

ဒီတော့ တရုတ်ရဲ့ အကာအကွယ်ပေးမှုဟာ မြန်မာနိုင်ငံအတွက် အတော့်ကို လုံခြုံနေတယ်လို့ ဆိုရမှာပါ။ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို အကာအကွယ်ပေးနေတယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမဲ့ သူရဲ့ ကုန်းတွင်းပိတ်ဘက်ခြမ်း ပင်လယ်ထွက်ပေါက်ရရေးဆိုတဲ့ စစ်ရေးမဟာဗျူဟာအပြင် သူရဲ့ OBOR မဟာစီမံကိန်း၊ ကျောက်ဖြူ-ကူမင်းလမ်း၊ မြစ်ဆုံစီမံကိန်းစတဲ့ စီးပွားရေးအကျိုးစီးပွားတွေကြောင့်လို့ပဲ လူသိများပါတယ်။ အရေးပါလှပေမဲ့ လူသိပ်မသိကြတဲ့ သူရဲ့ကြီးမားတဲ့ အကျိုးစီးပွားတစ်ရပ်လည်း ရှိပါသေးတယ်။ နိုင်ငံရေး အကျိုးစီးပွားလို့ ဆိုနိုင်တဲ့ အဲဒီအကျိုးစီးပွားကတော့ ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြဿနာပါပဲ။

 

■ အခုရက်ပိုင်းအတွင်း ဆူညံလာတဲ့ ရှင်ကျန်းပြဿနာ

အခုရက်ပိုင်းမှာကို တရုတ်ရဲ့  ရှင်ကျန်းပြဿနာဟာ ကမ္ဘာ့မီဒီယာတွေမှာ ဆူညံလို့ လာပါတယ်။ စက်တင်ဘာ ၂၄ ရက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (AI) ရဲ့ အစီရင်ခံစာအသစ်တစ်စောင်မှာ အနောက်ဖျားဒေသက ရှင်ကျန်းမှာ အစုလိုက်အပြုံလိုက် ဖိနှိပ်မှုတစ်ရပ်အတွင်း ထိန်းသိမ်းထားတဲ့ ဝီဂါလူမျိုးစု တစ်သန်းခန့်ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ရှင်းလင်းဖော်ပြရမယ်ဆိုပြီး တောင်းဆိုလိုက်ပါတယ်။

တရုတ်ဟာ ရှင်ကျန်းဒေသရဲ့  မွတ်စလင် ဝီဂါလူမျိုးစုတွေကို အစ္စလာမ္မစ်အစွန်းရောက်တွေ၊ ခွဲထွက် ရေးသမားတွေရယ်လို့ သတ်မှတ်ထားတာကြောင့် ကန့်သတ်ချုပ်ချယ်မှုတွေ အများကြီးလုပ်ထားပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ အဲဒီလို အတင်းဖိနှိပ်မှုတွေဟာ ခွဲထွက်ရေးသဘောထားကို ထပ်ပြီး မီးမွှေးလိုက်သလိုဖြစ်မယ်လို့ ဆိုကြပါတယ်။

တရုတ်က မွတ်စလင် ဝီဂါလူမျိုး တစ်သန်းလောက်အထိကို ပြန်လည်ပညာပေးရေးလို့ အမည်တပ်ထားတဲ့ စခန်းတွေမှာ ထိန်းသိမ်းထားတဲ့ကိစ္စကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စက်တင်ဘာ ၂၁ ရက်မှာ ကြောက်ခမန်းလိလိ မတော်မတရားမှုတွေလို့ အမည်တပ်ပြီး ရှုတ်ချခဲ့ပါတယ်။

ကနေဒါနိုင်ငံကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၅ ရက်မှာ တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ “ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကျွန်တော်ထိုင်ရတဲ့ အချိန်တိုင်းမှာ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိုးရိမ်ဖွယ်ရာတွေ ရှိနေပြီး ကျွန်တော် လူ့အခွင့်ရေးကိစ္စကို ပြောရပါတယ်” လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးဆွယ်ဆွေးနွေးပွဲမှာ ပြောပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းကလည်း စက်တင်ဘာ ၂၅ ရက်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံခဲ့ပြီး ဝီဂါတွေရဲ့ အရေးကိစ္စကို မြှင့်တင်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ ရှင်ကျန်းကိစ္စကို လုံခြုံရေး ဆိုင်ရာကိစ္စအဖြစ် ကာကွယ်ပြောကြားခဲ့ပါတယ်။ သူက လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပြည်ပရောက် ဝီဂါ တက်ကြွ လှုပ်ရှားသူတွေ အကြီးအကျယ် ဝေဖန်နေကြသလို မဟုတ်ဘဲ မူဝါဒရေးရာအရ အကျိုးရှိတဲ့ ထောက်ပံ့မှုပါလို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရှင်ကျန်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်တာမျိုး ကျွန်တော်တို့ မမြင်ရတော့ဘူး” လို့ ဝမ်ယီက ဆိုပါတယ်။ သူက “ရှင်ကျန်းမှာ နေထိုင်နေတဲ့ လူပေါင်း သန်း ၂၀ ရှိပါတယ်။ သူတို့က အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  သူတို့အနေနဲ့ လုံခြုံတယ်လို့ ခံစားရပြီး အကြမ်းဖက်မှုကို ကြောက်လန့်စရာမလိုဘဲ ညဘက်မှာ ကောင်း ကောင်းအိပ်နိုင်မှာမို့ပါ” လို့လည်း ဆိုပါတယ်။

 

■ ရှင်ကျန်းမှာ ဘယ်သူတွေ နေထိုင်ကြတာလဲ

တရုတ်နိုင်ငံ အနောက်ဖျားမှာ ရှိတဲ့ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်အာဏာပိုင်တွေ နဲ့ ဒေသခံဝီဂါလူမျိုးစုတွေအကြား ရှည်လျားလှတဲ့ ပဋိပက္ခသမိုင်းကြောင်းတစ်ရပ်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကျယ်ပြန့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရှင်ကျန်းဒေသဟာ မွန်ဂိုလီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျီ ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယဆိုတဲ့ နိုင်ငံပေါင်း ရှစ် နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အများဆုံးနေထိုင်သူတွေကလည်း ဝီဂါလူမျိုးတွေပါပဲ။

ဝီဂါအများစုဟာ မွတ်စလင်တွေ ဖြစ်ကြပြီး အစ္စလာမ်ဘာသာဟာ သူတို့ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းအပြင် သူတို့ရဲ့ အမျိုးသားရေးလက္ခဏာလည်းဖြစ်ပါတယ်။ သူတု့ိရဲ့ ဘာသာစကားဟာ  တူရကီကတာ့က်လူမျိုးတွေနဲ့ ဆင်တူနေပြီး သူတို့ကိုယ်သူတို့ ယဉ်ကျေးမှုနဲ့ လူမျိုးအရ ဗဟိုအာရှနိုင်ငံတွေ နဲ့ နီးစပ်နေတယ်လို့ ခံယူထားပါတယ်။

ဒေသရဲ့ စီးပွားရေးဟာ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးအပေါ် အကြီးအကျယ်မှီခိုနေရပြီး ကက်ရှ်ဂါလိုမျိုး မြို့တွေဟာ ကျော်ကြားလှတဲ့ ပိုးလမ်းမကြီးတစ်လျှောက်က အချက်အချာနေရာတွေလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးမှုက အခြေချနေထိုင်သူအသစ်တွေကို ရောက်ရှိလာစေပါတယ်။ ၂၀၀၀ ပြည့်နှစ် လူဦးရေ သန်းခေါင်စာရင်းအရ တရုတ်ဟန်လူမျိုး ရာခိုင်နှုန်း ၄၀ အထိ ဖြစ်လာကြောင်း သိရပါတယ်။ ရှင်ကျန်း ဒေသမှာ များပြားလွန်းလှတဲ့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့အပြင် မှတ်တမ်းမဝင်တဲ့ ရွှေ့ ပြောင်းအခြေချလာသူတွေလည်း မနည်းမနောပါပဲ။

 

■ ရှင်ကျန်းဟာ သမိုင်းတစ်လျှောက်လုံး တရုတ်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့သလား

အဲဒီဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြတ်တောင်းပြတ်တောင်း ရလိုက်၊ တစ်ခါတစ်ခါ လွတ်လပ်ရေး ရလိုက်နဲ့ ရှိနေခဲ့ရာက ၁၈ ရာစု မှာတော့ ရှင်ကျန်းဆိုတဲ့ နာမည်နဲ့  တရုတ်အုပ်စိုးမှုအောက်ကို ရောက်ရှိသွားပါတယ်။

၁၉၄၉ ခုနှစ်မှာ အရှေ့တာကီစတန်နိုင်ငံရယ်လို့ ကြေညာခဲ့သေးပေမဲ့ လွတ်လပ်ရေးက တစ်နှစ်မခံခဲ့ပါဘူး။ ရှင်ကျန်းဟာ ကွန်မြူနစ် တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ တရားဝင်ဖြစ်လာခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီး ဗဟိုအာရှမှာ လွတ်လပ်တဲ့ မွတ်စလင်နိုင်ငံတွေ ပေါ်ထွက်လာပြီးတဲ့နောက် ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ခွဲထွက်ရေးအုပ်စုတွေကို ပေါ်တင်ထောက်ခံမှုက တအား မြင့်တက်လို့လာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်က ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့တာမို့ တက်ကြွလှုပ်ရှားသူတွေ မြေအောက်ကို ပြန် လျှိုသွားခဲ့ရပါတယ်။

 

■ မတည်မငြိမ်မှုတွေဖြစ်ရခြင်းရဲ့ အဓိကအချက်က ဘာလဲ

ရှင်ကျန်းဒေသမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းခြင်းရာတွေက အဓိကကျတယ်လို့လည်း ဆိုကြပါတယ်။

အဓိကဖွံ့ဖြိုးရေး စီမံကိန်းတွေက ရှင်ကျန်းက မြို့ကြီးတွေကို ချမ်းသာကြွယ်ဝလာစေခဲ့ပြီး အရှေ့ပိုင်း ပြည်နယ်တွေက ငယ်ရွယ်ပြီး နည်းပညာကျွမ်းကျင်တဲ့ တရုတ်ဟန်လူမျိုးတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် တရုတ်ဟန်လူမျိုးတွေဟာ အကောင်းဆုံးအလုပ်တွေရကြပြီး အများစုဟာ ပိုက်ဆံရှိလာကြပါတယ်။ ဒါဟာ ဝီဂါလူမျိုးစုတွေအတွက် နောက်ထပ်နာကျည်းစရာတစ်ရပ်ဖြစ်လာပြန်ပါတယ်။

ဝီဂါတွေရဲ့ ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်မှုတွေကိုလည်း တရုတ်ပြည်မက တဖြည်းဖြည်း ကန့်သတ်ချုပ်ချယ်လာတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောကြပါတယ်။ တရုတ်က ဗလီတွေ လျှော့ချခြင်း၊ ဘာသာရေးကျောင်းတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထိန်းချုပ်ခြင်းတွေနဲ့ အစ္စလာမ်ဘာသာကို ပြင်းပြင်းထန်ထန် ဖိနှိပ်တယ်လို့ အစီရင်ခံထားတာတွေလည်း ရှိပါတယ်။

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ AI ရဲ့ အစီရင်ခံစာတစ်စောင်မှာ တရုတ်အာဏာပိုင်တွေဟာ ဝီဂါတွေကို တရားမဝင်ဘာသာရေးနဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ လုပ်တယ်လို့ တံဆိပ်ကပ်ပြီး ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်ပြသမှုတွေကို နှိမ်နင်းခဲ့တယ်လို့ ဆိုထားပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ရှင်ကျန်းအစိုးရဌာနတချို့က မွတ်စလင်အစိုးရဝန်ထမ်းတွေကို ရာမဒန်လအတွင်း ဥပုသ်စောင့်မှု ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ တရုတ်အနေနဲ့ ရှင်ကျန်းမှာ မွတ်စလင်တွေ ဥပုသ်စောင့်ခြင်းနဲ့ ပတ်သက်ပြီး ပထမဆုံး ပိတ်ပင်ခဲ့တာ မဟုတ်ပေမဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကို ဝီဂါအစွန်းရောက်တွေလို့ ယူဆရသူတွေက တိုက်ခိုက်မှုတွေ  အများကြီး ဖြစ်ပွားခဲ့တာမို့ အဲ့ဒီလို ပိတ်ပင်မှုက တင်းမာမှုတွေကို ပိုမို ကြီးထွားလာစေလိမ့်မယ်လို့ စိုးရိမ်လာကြပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင် ၃၁ ရက်က ကက်ရှ်ဂါမြို့ရှိ တရုတ်နိုင်ငံ၏ အကြီးဆုံး အီကာဗလီရှေ့တွေ တရုတ်စစ်သားများ ချီတက်လာသည်ကို တွေ့ရစဉ် (Photo: Getty Images)

■ အကြမ်းဖက်မှုတွေ ဘယ်လိုဖြစ်လာတာလဲ

၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း လမ်းပေါ်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တရုတ်ဟာ ဝီဂါတွေအပေါ် ဖိနှိပ်ချေမှုန်းမှုကို မြှင့်တင်လာတယ်လု့ိ စွပ်စွဲခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်မှာလည်း အဲဒီလို ထပ်မံဖြစ်ပွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး ရှင်ကျန်းဒေသရဲ့ မြို့တော် ဥရုံချီမှာ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မငြိမ်မသက်မှုတွေအတွင်း လူပေါင်း ၂၀၀ လောက် သေ ဆုံးခဲ့ရာမှာ အများစုဟာ ဟန်လူမျိုးတွေဖြစ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။

ရှင်ကျန်းဒေသမှာ လုံခြုံရေးတွေ တိုးမြှင့်ခဲ့ပြီး ဝီဂါလူမျိုးအများအပြားကို မသင်္ကာသူတွေအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တရုတ်အစိုးရရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုကို တိုးတိုးပြီး ထောက်ပြလာတဲ့အခါ အကြမ်းဖက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်လာပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာ ဝီဂါလူမျိုးခြောက်ဦးက ဟိုတန်ကနေ ဥရုံချီကို ပျံသန်းလာတဲ့ လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကို  အဆမတန်များပြားလှတဲ့ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီနဲ့ ဇွန်လတွေ မှာ သွေးချောင်းစီးမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ရဲတွေက သေနတ်နဲ့  တည့်တည့်ပစ်ခတ်တာမို့ ရှန်ရှန်ခရိုင်မှာ လူပေါင်း ၂၇ ဦး သေဆုံးခဲ့ရပါတယ်။ တရုတ်အစိုးရ မီဒီယာ တွေကတော့ ဓားကိုင်ထားတဲ့ လူ ရမ်းကားတွေ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်လို့ ပစ်ရတာပါ လို့ ကြေညာပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့ကတော့ ခက်ခဲပါတယ်။ ဘာဖြစ်လု့ိလဲဆိုတော့ နိုင်ငံခြားဂျာနယ်လစ်တွေ  ရှင်ကျန်းဒေသအတွင်း ဝင်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလို့ပါပဲ။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ ရှင်ကျန်းမှာ အရပ်သားတွေကို (အထူးသဖြင့် ဝီဂါတွေကို) ပစ်မှတ်ထားနှိမ်နင်းလာတဲ့ ဖြစ်ရပ်တွေ အကြီးအကျယ် ပေါ်ပေါက်လာကြောင်း လူသိရှင်ကြားဖြစ်လာပါတယ်။

၂၀၁၄ ခုနှစ် မေလမှာ ကားနှစ်စီးဟာ ဥရုံချီဈေးထဲကို ဖြတ်မောင်းသွားပြီး လူအုပ်တွေထဲကို ဗုံးတွေပစ်ထည့်ခဲ့တာမို့ လူပေါင်း ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ တရုတ် အစိုးရက ပြင်းထန်တဲ့ အကြမ်းဖက်မှုဖြစ်ရပ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီနှစ် ဧပြီလမှာတော့ ဥရုံချီ မြို့တောင်ပိုင်း မီးရထားဘူတာရုံမှာ ဗုံးတွေ၊ ဓားတွေနဲ့ တိုက်ခိုက်မှုတစ် ရပ်ဖြစ်ပွားပြီး လူသုံးဦး သေဆုံးလို့  ၇၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇူလိုင်လမှာ ဓားကိုင်လူစုတွေက ယာကန့်မြို့က ရဲစခန်းတစ်ခုနဲ့  အစိုးရရုံးတွေကို တိုက်ခိုက်ခဲ့တာမို့  လူပေါင်း ၉၆ ဦး သေဆုံးခဲ့ရကြောင်း အစိုးရအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးဗလီက မွတ်စလင်ဘာသာရေးခေါင်းဆောင် ဂျူမီတာဟာ,ဟာ ဓားနဲ့ထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာလမှာ လန်တေးခရိုင်က  ရဲစခန်းတစ်ခုအပြင်ဘက်၊  ဈေးတစ်ခုနဲ့ ဆိုင်တစ်ဆိုင်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူပေါင်း ၅၀ သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အ ချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တက်ကြွ လှုပ်ရှားသူတွေပြောတဲ့ အကြောင်းအချက် တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေက ပြောတဲ့ အကြောင်းအချက်တွေ ဆန့်ကျင်ကွဲပြားနေပါတယ်။

ရှင်ကျန်းဒေသမဟုတ်ဘဲ တခြားမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှု တချို့ကလည်း ရှင်ကျန်းကို နာမည် ပျက်စေခဲ့ပါသေးတယ်။ မတ်လမှာဖြစ်ပွားတဲ့ လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရတဲ့ ယူနန်ပြည်နယ် ကူမင်းမြို့က အုပ်စုလိုက် ဓားနဲ့လိုက်ထိုးမှုရဲ့ တရားခံတွေဟာ ရှင်ကျန်းဒေသရဲ့ ခွဲထွက်ရေးသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ပေကျင်းမြို့ တီအန်မင်ရင်ပြင်မှာ ကားတစ်စီးဟာ လူအုပ်ထဲကို မောင်းဝင်လာပြီး မီးတောက်တွေအဖြစ် ပေါက်ကွဲသွားတဲ့ ဖြစ်ရပ်မှာလည်း ရှင်ကျန်းက ဝီဂါတွေရဲ့ လက်ချက်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်မှုတသီတတန်းကြီးကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်အာဏာပိုင်တွေဟာ “အကြမ်းဖက်မှု ဆန့်ကျင်တဲ့ တစ်နှစ်တာ စစ်ဆင်ရေး”  လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပြီး ရှင်ကျန်းဒေသမှာ လုံခြုံရေးတွေ တအားကြီးတိုးမြှင့်လိုက်တဲ့အပြင် အဲဒီဒေသအတွင်း စစ်ရေးလေ့ကျင့်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့မြောက်များစွာကို ဖမ်းဆီးခြင်းနဲ့ အစုလိုက်အပြုံလိုက် ပြစ်ဒဏ်စီရင်ခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရပိုင် မီဒီယာတွေက အကြမ်းဖက်လုပ်ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ အမှုပေါင်းများစွာကို ဖော်ပြခဲ့ကြပြီး တချို့အမှုတွေမှာ သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပါတယ်။

■ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ

အဲဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် တရုတ်အစိုးရကတော့ ETIM ဆိုတဲ့အဖွဲ့ကို အ ပြစ်တင်ခဲ့ပါတယ်။ အရှေ့တာကီ စတန်အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့လို့ခေါ်ပါတယ်။ ရှင်ကျန်းဒေသမှာသာမက ဒေသရဲ့ နယ်စပ်တွေမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုမှန်သမျှကို အဲဒီအဖွဲ့ရဲ့ လက်ချက်လို့ အမည်တပ်ခဲ့ပါတယ်။

ETIM အဖွဲ့ဟာ တရုတ်မှာလွတ်လပ်တဲ့ အရှေ့တာကီစတန်နိုင်ငံ ထူထောင်ဖို့ လိုလားတဲ့အဖွဲ့ပါ။ ၂၀၀၆ ခုနှစ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဖော်ပြချက်အရ ETIM ဟာ ဝီဂါလူမျိုး ခွဲထွက်ရေးအုပ်စုတွေထဲမှာ အင်အားအကောင်းဆုံးလို့ သိပါတယ်။

ETIM အဖွဲ့ လှုပ်ရှားမှုရဲ့ အတိုင်းအတာ အပြည့်အဝကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကြီးမားလွန်းလှတဲ့ အစွန်းရောက်လုပ်ရပ်တွေ စည်းရုံးပြုလုပ်ဖို့ စွမ်းရည်မျိုး ရှိရဲ့လားလို့လည်း ETIM အဖွဲ့အပေါ် မေးခွန်းထုတ်စရာ ရှိပါတယ်။

ETIM အဖွဲ့ကတော့ ဘယ်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာမှ သူတို့ ရှိတယ်လို့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ တရုတ်အာဏာပိုင်တွေက တာကီစတန်အစ္စလာမ္မစ်ပါတီဆိုတာ ETIM အဖွဲ့နဲ့ အတူတူဖြစ်ကြောင်းနဲ့ အဲဒီပါတီက ကူမင်းတိုက်ခိုက်မှုကို ကျောထောက်နောက်ခံပြုပေးခဲ့တယ်ဆိုတဲ့ ဗီဒီယို ဖြန့်ချိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 

■ တရုတ်နဲ့ မြန်မာနိုင်ငံတို့ရဲ့တူညီတဲ့ အနေအထား

ဒါကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရခိုင်အရေးနဲ့ပတ်သက်လို့ ဖြေရှင်းရခက်ပြီး ရှည်လျားရှုပ်ထွေးတဲ့ သမိုင်းကြောင်းရှိတယ်လို့  နိုင်ငံတကာအသိုင်းအဝိုင်းကို အကြိမ်ကြိမ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်တွေဟာ ရှင်ကျန်းက ဝီဂါမွတ်စလင်တွေလိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးသာမက ခွဲထွက်ခွင့်ရရေးအထိတောင် ဦးတည်ကြိုးပမ်းလာနိုင်တဲ့  အနေအထားမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ပြည်ထောင်စု ပြိုကွဲသွားမှာကို အထူးစိုးရိမ်သလိုပဲ တရုတ်နိုင်ငံက သူတို့ရဲ့ ပြည်မကနေ ရှင်ကျန်းဒေသ ခွဲထွက်သွားမှာကို စိုးရိမ်နေရပါတယ်။

ရခိုင်အရေးအတွက် နောက်ဆုံးအနေနဲ့ မြန်မာ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အစိုးရအဖွဲ့ဝန် ကြီးတွေပါဝင်တဲ့ တရားဝင်မဟုတ်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို စက်တင်ဘာ ၂၇ ရက်က ကုလသမဂ္ဂ ရုံးချုပ်မှာ ပြုလုပ်ခဲ့ရာမှာ  တရုတ်နိုင်ငံခြားရေးဝမ်ယီက ကြီးမှူးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူဟက်ဆန်မာမွတ်အ လီတို့ပါဝင်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

ရခိုင်အရေးကိစ္စမှာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတစ်ရပ် ပါဝင်ပြီး စနစ်တကျဖြေရှင်းခြင်းသာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ဘုံအကျိုးစီးပွားဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အကျိုးအတွက်လည်း ဖြစ်တယ်လို့ ဝမ်ယီက ပြောကြားခဲ့တာပါ။

ဝမ်ယီက ရခိုင်အရေးကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေသာ ပါဝင်သင့်ကြောင်း နဲ့  ရခိုင်အရေးဟာ မြန်မာနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံတို့ကသာ ဖြေရှင်းရမယ့်ကိစ္စဖြစ်တာမို့ ကုလသမဂ္ဂအနေနဲ့ ဝင်ရောက်မစွက်ဖက်သင့် ကြောင်းလည်း ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြဿနာကို ရှုပ်ထွေးပြီး မြင့်တက်လာစေမယ့်လမ်းကြောင်းကို ဦးတည်သွားစေတာမျိုး ဒါမှမဟုတ်ပိုပြီး နိုင်ငံတကာ အရေးဆန်လာအောင် ပြုလုပ်တဲ့ ချဉ်းကပ်ပုံမျိုးတွေကို ထောက်ခံသွားမှာ မဟုတ်ဘူးလို့လည်း ဝမ်ယီက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်ကလည်း မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး စွဲဆိုချက်တွေကို ပြင်ဆင်ဖို့ ဘုတ်အဖွဲ့ ဖွဲ့စည်းရေးကို ကုလသမဂ္ဂမှာ မဲခွဲရာမှာ ဖိလစ်ပိုင်နဲ့ ဘူရွန်ဒီနိုင်ငံ တွေနဲ့အတူ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

အချုပ်အနေနဲ့ပြောရရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ရေးမဟာဗျူဟာ အကျိုးစီးပွားနဲ့ စီးပွားရေးအကျိုး စီးပွားပဲရှိနေတာ မဟုတ်ဘူး၊ နိုင်ငံရေးအကျိုးစီးပွားပါ ရှိနေတယ်ဆိုတာပါပဲ။ အဲဒီနိုင်ငံရေး အကျိုး စီးပွားဟာလည်း ပထဝီဝင်နိုင်ငံရေး သက်သက်အရမဟုတ်ဘဲ ရှင်ကျန်းကိစ္စအရ ကံကြမ္မာဇာတ်ကြောင်း ချင်းဆင်တူနေတဲ့ အနေအထားမျိုးပါ။ အဲဒီတော့ the same feather flock together ဆိုတဲ့ ရှေး ဟောင်းအင်္ဂလိပ်စကားပုံလို ဖြစ်သွားရတာပါပဲ။

ဒီတော့ စစ်အင်အားကြီးမားတဲ့ နိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အား အကြီးဆုံးပါ ဖြစ်တဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ပေးမှာဖြစ်တဲ့အပြင် အခုကိစ္စမှာ ဦးဆောင်နေတဲ့ ဗြိတိန်နိုင်ငံနဲ့ အနောက်အုပ်စုဟာ တရုတ်ကို ကျော်လွှားဖို့ ခက်ခဲလှတဲ့ အနေအထားမှာ ရှိနေတာမို့ R2P တို့ ICC တို့ဆိုတာ အသံကျယ်ပေမဲ့ အဆံမပါတဲ့ သြင်္ကန်အမြောက်သံ ဖြစ်နေဦးမှာပဲလို့ ဆိုပါရစေ။

Most Read

Most Recent