ကရဝိက်ဥယျာဉ်ကမ္ဘာ၊ ကန်တော်ကြီး၊ ကန်တော်မင်ပန်းခြံ၊ မြိုင်ဟေဝန်ပန်းခြံများရှိ စားသောက်ဆိုင်ကြီးများနှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ Natural World Co., Ltd တို့၏ ငှားရမ်းခများ တိုးမြှင့်ခဲ့သော်လည်း ကာလပေါက်ဈေးထက် များစွာနည်းပါးနေ

ကရဝိက်ဥယျာဉ်ကမ္ဘာ၊ ကန်တော်ကြီး၊ ကန်တော်မင်ပန်းခြံ၊ မြိုင်ဟေဝန်ပန်းခြံများရှိ စားသောက်ဆိုင်ကြီးများနှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ Natural World Co., Ltd တို့၏ ငှားရမ်းခများ တိုးမြှင့်ခဲ့သော်လည်း ကာလပေါက်ဈေးထက် များစွာနည်းပါးနေ
Published 15 September 2018

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းရှိ Natural World ကစားကွင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ကရဝိက်ဥယျဉ်ကမ္ဘာ၊ ကန်တော်ကြီး၊ ကန်တော်မင်ပန်းခြံ၊ မြိုင်ဟေဝန်ပန်းခြံများရှိ စားသောက်ဆိုင်ကြီးများနှင့် ပြည်သူ့ဥယျာဉ် အတွင်းရှိ Natural World Co., Ltd တို့၏ငှားရမ်းခများ တိုးမြှင့်ခဲ့သော်လည်း ကာလပေါက်ဈေးထက်များစွာ လျော့နည်းနေပြီး နစ်နာနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းချုပ်၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေ ၇၆ ဒသမ ၃၆ ဧကအား Natural World Co., Ltd သို့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှစ၍ နှစ်စဉ် ၁၀ ရာ ခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး တစ်နှစ်လျှင် ကျပ် ၂၄ ဒသမ ၂၀ သန်းဖြင့် ၂၅ နှစ် ငှားရမ်းခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ငှားရမ်းခကို ကျပ်သန်း ၂၅၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း တစ်လတစ်စတုရန်းပေ ငှားရမ်းခ ကျပ် ၆ ဒသမ ၂၆ သာရရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ကျပ် ၁၂၇၇ ဒသမ ၈၁၈ သန်း ရရှိခဲ့သော်လည်း တစ်လ တစ်စတုရန်းပေ ငှားရမ်းခ ၃၂ ကျပ်နှုန်းသာရရှိသဖြင့် ဌာနဝင် ငွေများစွာ လျော့နည်းနစ်နာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကန်တော်ကြီး စိမ်းလန်းစိုပြည်ရေး၊ သာယာလှပရေးနှင့်အများပြည်သူလွတ်လပ်စွာ အနားယူအပန်းဖြေနိုင်ရန် ကရဝိက်ဥယျာဉ်ကမ္ဘာမြေဧရိယာ ၁၉ ဒသမ ၁၁ ဧက အား ဇေကမ္ဘာကုမ္ပဏီသို့ ၂၀၁၀ ပြည့်နှစ် စက် တင်ဘာ ၁ ရက်မှစ၍ ငါးရာခိုင်နှုန်းထက်မနည်း၊ ၁၀ ရာခိုင်နှုန်းထက်မများသောနှုန်း ဖြင့် ငါးနှစ်တစ်ကြိမ် ငှားရမ်းခတိုးမြှင့်ရန် စာချုပ်ချုပ်ခဲ့ကြောင်း၊ ပထမငါးနှစ်တွင် ကျပ် သန်း ၃၀ နှုန်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ကျပ်သန်း ၆၀ နှုန်းနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ တစ်နှစ်လျှင် ကျပ် ၄၇၄ ဒသမ ၂၅၇ သန်းသို့ တိုးမြှင့်ချုပ်ဆိုခဲ့သဖြင့် ယခင်တစ်စတုရန်းပေ တစ်လကျပ် ၆ ဒသမ ၁ နှုန်းမှ ကျပ် ၄၇ ဒသမ ၄၇၇ အထိ တိုးတက်ရရှိခဲ့သော်လည်း ခေတ်ကာလ ငှားရမ်းခဈေးဖြင့် နှိုင်းယှဉ်ပါက နည်းပါးနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကန်တော်ကြီး၊ ကန်တော်မင်ပန်းခြံနှင့် မြိုင်ဟေဝန်ပန်းခြံများတွင် စားသောက်ဆိုင်ကြီးများ မြေနေရာငှားရမ်းရာတွင် ဆိုင်အကျယ်အဝန်း မတူညီသော်လည်း ငှားရမ်းခနှုန်းများသည် တစ်လလျှင် ကျပ် ၁၀ သိန်းနှုန်း ဖြင့် ငှားရမ်းထားသဖြင့် တစ်စတုရန်းပေ တစ်လအများဆုံး ကျပ် ၂၀၆ ဒသမ ၁၅ မှ အနည်းဆုံး ကျပ် ၁၃ ဒသမ ၇၉ သာရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငှားရမ်းခများ တိုးမြှင့်ရရှိသော်လည်း ခေတ်ကာလပေါက်ဈေးနှုန်းဖြင့် ချိန်ထိုးပါက တစ်နှစ်လျှင် ကျပ် ၂ ဒသမ ၀၇၉ ဘီလျံခန့် ဌာနဝင်ငွေ လျော့ နည်းနစ်နာလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး အစီရင်ခံစာတွင် မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို ကုမ္ပဏီရှစ်ခုအား မြေ ၄၂ ဒသမ ၄၄၀ ဧက ငှားရမ်းထားရာတွင် တင်ဒါခေါ်ယူမှုမရှိခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားမှုမရှိဘဲ တစ်နှစ်လျှင် ကျပ်တစ်သန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ် ၆၁၃ ဒသမ ၃၁၈ သန်းရရှိခဲ့ပြီး လက်ရှိတွင် ငှားရမ်းခများ ကောက်ခံခြင်းမပြုတော့ဘဲ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သော်လည်း စားသောက်ဆိုင် နှစ်ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း တွေ့ရှိသဖြင့် ငှားရမ်းထားသည့်လုပ်ငန်းများအတွက် မှန်ကန်မျှတသည့် ဆုံးဖြတ်ချက် ချမှတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

အလားတူ ပန်းခြံများအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ဆိုင်ခန်း ၁၀၃၁ ဆိုင် ငှား ရမ်းဖွင့်လှစ်ခွင့်ပြုခဲ့ရာလုပ်ငန်း၊ အကျယ်အဝန်း တူညီသော်လည်း ငှားရမ်းခများ တူညီမှုမရှိခြင်း၊ ခေတ်ကာလပေါက်ဈေးနှုန်းများနှင့်အညီ ငှားရမ်းဆောင်ရွက်နိုင်မှုမရှိခြင်းများကို တွေ့ရှိသဖြင့် မှန်ကန်မျှတသည့် နှုန်းထားများနှင့်အညီ ငှားရမ်းနိုင်ရန် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent