တပ်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ လုံခြုံစိတ်ချရအောင် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ကြောင်းနှင့် အချုပ်အခြာအာဏာကို မည်သည့်အခြေအနေကြောင့် ရယူခဲ့သည်ဖြစ်စေ မူလပိုင်ရှင်ပြည်သူများအား ပြန်ပေးရမည်ဟု သူရဦးရွှေမန်း ပြောကြား

တပ်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ လုံခြုံစိတ်ချရအောင် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ကြောင်းနှင့် အချုပ်အခြာအာဏာကို မည်သည့်အခြေအနေကြောင့် ရယူခဲ့သည်ဖြစ်စေ မူလပိုင်ရှင်ပြည်သူများအား ပြန်ပေးရမည်ဟု သူရဦးရွှေမန်း ပြောကြား
Published 8 September 2018

Debate Academy တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဆွေးနွေးးနေစဉ်

အာဏာလွှဲပြောင်းပေးရာတွင် ပိုမိုခိုင်မာစိတ်ချရအောင်နှင့် အာဏာရယူခဲ့သော တပ်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများအတွက် လုံခြုံစိတ်ချရအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးစတင်ခဲ့ပြီး အချုပ်အခြာအာဏာကို မည်သည့်အခြေအနေကြောင့် ရယူခဲ့သည်ဖြစ်စေ မူလပိုင်ရှင်ပြည်သူများကို ပြန်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရုံးခန်းတွင် စက်တင်ဘာ ၇ ရက်က ဒီမိုကရေစီနေ့ အထူးအစီအစဉ်အဖြစ် ‘စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့’ ဟူသောခေါင်းစဉ်ဖြင့် DVB သတင်းဌာနကပြုလုပ်သော Debate Academy ဆွေးနွေးပွဲတွင် သူရဦးရွှေမန်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဏာလွှဲပြောင်းပေးတဲ့နေရာမှာ ပိုမိုခိုင်မာစိတ်ချရအောင်၊ အာဏာရယူခဲ့တဲ့ တပ်ခေါင်းဆောင်များနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းများအတွက် လုံခြုံစိတ်ချရအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးစခဲ့တယ်။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိရင် ဒီလိုအခြေအနေမျိုး ရောက်လာနိုင်ခြင်း ရှိ၊ မရှိ တွေးဆကြည့်ဖို့လိုမယ်။ ကောင်းခြင်း၊ မကောင်းခြင်း၊ ပြည့်စုံခြင်း ရှိ၊ မရှိ ပြောတာမဟုတ်ဘူး။ ဂုဏ်ပြုပြောတာမဟုတ်သလို ပြစ်တင်ပြောတာ မဟုတ်ဘူး။ အဖြစ်မှန် အခြေအနေမှန်ကို မြင်နိုင်ဖို့ပါ။ ဆင်ခြင်နိုင်ဖို့ပါ” ဟု ၎င်းက ပြောကြားသည်။

၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်များတွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး ထိုသို့ဆောင်ရွက်ခဲ့ရမှုသည် ထိုစဉ်က တပ်ခေါင်းဆောင်များ၏ လိုလားချက်၊ ညွှန်ကြားချက်များကို တပ်မတော်က ပါဝင်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကာ အချိန်ကာလတိုင်း ဖြစ်စဉ်တိုင်းတွင် အာဏာရယူဖွဲ့စည်းထားသော အစိုးရအဖွဲ့အစည်းများ၏ လက်အောက်တွင် တပ်မတော်ရှိနေခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်တဲ့သူတွေဟာ ပြည်သူများသာဖြစ်လို့ အချုပ်အခြာအာဏာကို မည်သူက မည်သည့်အခြေအနေကြောင့် ရယူခဲ့သည်ဖြစ်စေ ပြည်သူကိုသာ ပြန်လည်ပေးအပ်ရမှာဖြစ်လို့ မူလပိုင်ရှင်ပြည်သူများကို ပြန်ပေးရမှာဖြစ်တယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် အချို့က ဒီမိုကရေစီနောက်ပြန် လှည့်သွားမည်လား၊ ဒီမိုကရေစီ ခြေကျွံ၍လည်းကောင်း၊ အရှိန်လွန်၍လည်းကောင်း အာဏာရှင်လမ်းကြောင်း ရောက်သွားမည်လားဟု အဓိပ္ပာယ်ရသောမေးခွန်းများ မေးစရာဖြစ်လာကာ စိုးရိမ်မှုများ ဖြစ်လာကြသော်လည်း သန္နိဋ္ဌာန်ချ ဆုံးဖြတ်ဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ ဒီမိုကရေစီကို မှန်ကန်စွာကျင့်သုံးပြီး နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ဒီမိုကရေစီဆိုသည်မှာ သူတစ်ပါးပြောသည်ကို နားထောင်ရခြင်း၊ မိမိကိုယ်တိုင်ကလည်း ပြန်ပြောရခြင်း၊ ဆွေးနွေးရခြင်း၊ ငြင်းခုံရခြင်းနှင့် ပြည်သူကိုဗဟိုပြုရမည်ဖြစ်ပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးမပါသော အပြုအမူနှင့် ဒီမိုကရေစီသည် မည်သို့ဒီမိုကရေစီ ဖြစ်မလဲဟု ၎င်းက မေးခွန်းထုတ်ခဲ့ပြီး ဒီမိုကရေစီတွင် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် စောင့်စည်းထိန်းသိမ်းရမည့်ကိစ္စများကို တာဝန်ယူရခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီစနစ် ကောင်းစွာမဖြစ်ထွန်း မရှင်သန်နိုင်သည့်အတွက် ယင်းကိစ္စကိုလည်း သတိပြုကြရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေးပြောကြားခဲ့သည်။

 

Most Read

Most Recent