ပြည်သူများ သတင်းအချက်အလက်မှန် ရရှိရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုအပေါ် သတင်းမီဒီယာ သမားများနှင့် ပြည်သူများ ဆန္ဒထုတ်ဖော်

ပြည်သူများ သတင်းအချက်အလက်မှန် ရရှိရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုအပေါ် သတင်းမီဒီယာ သမားများနှင့် ပြည်သူများ ဆန္ဒထုတ်ဖော်
Published 2 September 2018

ပြည်သူများ သတင်းအချက်အလက်မှန် ရှိရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုအပေါ် သတင်းမီဒီယာ သမားများနှင့် ပြည်သူများ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်စဉ်

ပြည်သူများ သတင်းအချက်အလက်မှန် ရရှိရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုအပေါ် သတင်းမီဒီယာသမားများနှင့် ပြည်သူများက ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်မူကို စက်တင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အင်းစိန်လမ်းမပေါ် (ဘူတာရုံလမ်းမှတ်တိုင်) မှ စတင်စုဝေးပြီး ပြည်လမ်းကန်ပေါင်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြ သတင်းသမားများနှင့် ပြည်သူများက “သတင်းမှန်သိခွင့်ရရှိရေး ပြည်သူ့အရေး ပြည်သူ့အရေး” “အဖမ်းဆီးခံ သတင်းထောက်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ်” စသည်တို့ကို ကြွေးကြော်တောင်းဆို ခဲ့ကြကြောင်း သိရသည်။

“အခုလို ဆန္ဒထုတ်ဖော်ရတာက သတင်းသမားတွေဟာ အများပြည်သူ သိရှိပိုင်ခွင့် သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ရှိပါတယ်။ အခုသတင်းမီဒီယာသမားတွေ တရားစွဲဆိုခံရမှုတွေ ရှိနေတာက အများပြည်သူ သိရှိပိုင်ခွင့်ကို လျော့ကျစေပါတယ်။ သတင်းအချက်အလက် တွေကိုလည်း အများပြည်သူ သိရှိပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခြေခံကျတဲ့ ဒီမိုကရေစီနှုန်းကို ပြည်သူတွေ သိရှိအောင် အခုလို ဆန္ဒပြမှု ပြုလုပ် အသိပေးရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သတင်းမီဒီယာသမား တစ်ဦးဖြစ်သူ ကိုသာလွန်ဇောင်းထက်က ဆန္ဒပြစဉ် ပြောကြားသည်။

ထို့ပြင် ရခိုင်အရေး သတင်းရေးသားမှုနှင့် ပတ်သက်၍ အစိုးရ၏ တရားစွဲဆိုမှုကို ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး တောင်းဆိုခဲ့ကြပြီး ယခုကဲ့သို့ ဆန္ဒပြရသည့် အကြောင်းကို အများပြည်သူသို့ မေတ္တာရပ်ခံစာ ဖြန့်ဝေခဲ့ကြသည်။

လက်ရှိအစိုးရ လက်ထက်တွင် တရားရင်ဆိုင်နေရသည့် သတင်းမီဒီယာသမား ၂၇ ဦးအထိရှိကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှား) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent