ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါး အသုံးပြုသူများနေပြီး မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကုဆေးရုံတွင် ဆေးရုံတက်လူနာ ရုတ်တရက်မြင့်တက်လာ၍ လူနာများစာရင်းပေး စောင့်ဆိုင်းနေရ

ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါး အသုံးပြုသူများနေပြီး မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကုဆေးရုံတွင် ဆေးရုံတက်လူနာ ရုတ်တရက်မြင့်တက်လာ၍ လူနာများစာရင်းပေး စောင့်ဆိုင်းနေရ
Published 1 September 2018

ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးအား တွေ့ရစဉ်

ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါး အသုံးပြုသူများနေပြီး ကချင်ပြည်နယ်တွင် တစ်ခုတည်းသာရှိသည့် မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါ ကုဆေးရုံကြီးတွင် ဆေးရုံတက်လူနာ ရုတ်တရက်မြင့်တက်လာ၍ လူနာများ စာရင်းပေးပြီး စောင့်ဆိုင်းနေရကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲ ရောဂါကုဆေးရုံမှာ မြစ်ကြီးနားမြို့တွင် တစ်ခုတည်းသာရှိပြီး ရောဂါအန္တရာယ် လျှော့ချရေး မက်သဒုံးတိုက်ကျွေးသည့်ဌာန ၁၈ ခု ရှိကြောင်း သိရသည်။

မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကု ဆေးရုံတွင် ခုတင် ၁၀၀ ဆံ့ဖြစ်သော်လည်း လက်ရှိတွင် လူဦးရေ ၁၁၀ အထိ လက်ခံကုသ နေရပြီး နောက်ထပ်ဆေးရုံတက်ကုသရန် လူဦးရေ ၂၀ ကျော် စာရင်းပေးထားကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးစွဲရောဂါကု ဆေးရုံအုပ်ကြီး  ဒေါက်တာတင့်နိုင်က “ဒီရာသီမှာ ဆေးရုံတက်တဲ့သူတွေ များတတ်တယ်။ အဖမ်းအဆီးများတာတို့၊ ငွေရှာရခက်တာတို့လည်း ပါမယ်။ လူမှုအဖွဲ့အစည်း၊ ရပ်ကျေးအဖွဲ့အ စည်းတွေကလည်း လူငါးယောက်၊ ၁၀ ယောက် ပို့လာတဲ့အခါ ဒီမှာက နေစရာကျပ်သွားတာ ပေါ့။ ဒီလဆိုရင် စာရင်းမချုပ်ရသေးဘူး။ ခါ တိုင်းလထက် များနေတယ်။ ဇွန်မှာ ၂၂ ဦး၊ ဇူ လိုင် ၅၃ ဦးအထိရောက်လာတယ်။ လူ ၂၀ ကျော်ကတော့ ဆေးရုံမှာ မဆံ့တော့ လိပ်စာ တွေ၊ ဆက်သွယ်ရမယ့် ဖုန်းတွေ တောင်းထားတယ်။ ခုတင် ၁၀၀ ဆံ့ကို ဆေးဖြတ်က ၉၄ ဦး၊ မက်သဒုံးအတွက်က ၁၆ ဦး၊ နှစ်ခုပေါင်း ခုတင် ၁၁၀ ထိုး ထားတယ်။ အခု ကျွန်တော့် ဆေးရုံမှာ အပြင်ကနေ မက်သဒုံးနေ့စဉ် သောက်နေတာက ၈၀၀ ဝန်းကျင်လောက်ရှိတယ်။ အမျိုးသမီးက ငါးဦးကနေ ရှစ်ဦးပါတတ်တယ်။ ဇူလိုင်လကုန် တစ်ပြည်နယ်လုံး စာရင်းက မက်သဒုံးတိုက်ကျွေးဌာနပေါင်း ၁၈ ခုမှာ ၆၃၃၈ ဦး ရှိတယ်။ မက်သဒုံး သုံးစွဲသူဦးရေကတော့ နှစ်စဉ် တဖြည်းဖြည်းနဲ့ တက်လာတာပေါ့။ မူးယစ်ဆေးစွဲကုမယ်ဆို ရင် ၂၅ ရက်ပေါ့။ ဆေးရုံမှာနေရမယ်။ ဆေး ကုသမှုတွေ ခံယူရမယ်။ နိုင်ငံတော်က ထောက်ပံ့တာရှိပေမယ့် နည်းလွန်းတော့ လူနာတစ်ဦး က ၆၀၀၀၀ ကျပ်ကောက်ခံပြီး ကျွေးမွေးရတယ်။ မူးယစ်ဆေးစွဲကုတာနဲ့ တစ်ပြိုင်နက်တည်း သွားရမှာက ပေါ့။ အခုက ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်ကြသေးဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဘိန်းဖြူ၊ ဘိန်းမည်း၊ ရူးသွပ်စိတ်ကြွ ဆေးပြားများကို အသုံးပြုသူများနေပြီး လက်ရှိတွင် ဒေသတွင်း၌ ရူးသွပ်စိတ်ကြွ ဆေးပြား အသုံးပြုမှု ပျံ့နှံ့နေ ကြောင်း သိရသည်။

မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကု ဆေးရုံကြီးမှ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာထွန်းကျော်ဇင်က “မူးယစ် ဆေးဝါးကတော့ သုံးတာနဲ့ ဆိုးကျိုးရှိတယ်။ ဘိန်းဖြူသုံးရင် ငွေကုန်များတယ်။ ထိုးသွင်းရင် အသည်းရောင် ဘီပိုး၊ စီပိုး၊ HIV/AIDS တွေလို ဆိုးကျိုးရှိတယ်။ ဆေးပြားကျတော့ သူ့ကိုခေါ်တာကို ရူးသွပ်စိတ်ကြွ ဆေးပြားလို့ ခေါ်တာ။ မအိပ်တာ၊ အထင်အမြင်မှားတာ၊ ထင်ယောင်ထင်မှားဖြစ်တာတွေဖြစ်တယ်။ စိတ်ကျရောဂါ၊ တခြားစိတ်ရောဂါတွေလည်း ဖြစ်နိုင်တယ်။ အာရုံကြောကို သွားထိတာကိုး။ ဖြစ်လို့ကုသရင်လည်း ခြောက်လ၊ တစ်နှစ် အနည်းဆုံးကြာတတ်တယ်” ဟု ပြောကြား သည်။

ကချင်ပြည်နယ်အတွင်း ဆာရာ (SARA) မူးယစ်ဆေးစွဲရောဂါ သုသေတနအသင်းရုံး စိုက်ရာ ခြောက်မြို့နယ်အတွင်း မူးယစ်ဆေး အကြောထဲသွင်းသူ ၈၀၀၀ ကျော်ရှိကြောင်း၊ ဆေးအကြောထဲထိုးသွင်းသူများတွင် ၂၆ ရာခိုင်နှုန်းမှာ HIV/AIDA ရောဂါပိုးရှိနေပြီး ကူးစက်မှုနှုန်း အမြင့်မားဆုံး ပြည်နယ်တစ်ခုအဖြစ်ရှိနေကြောင်း သိရသည်။

UNODC က ၂၀၁၅ ခုနှစ်ရရှိထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် ဆေးစွဲပြီး အကြောထဲသွင်းသည့် မူးယစ်သုံးစွဲသူ ၈၃၀၀၀ ကျော်ရှိပြီး ၂၉ ရာခိုင်နှုန်းမှာ HIV အိပ်အိုင်ဗွီ ကူးစက်ခံနေရကြောင်း၊ ကချင်ပြည်နယ်တွင် အကြောအတွင်း မူးယစ်ထိုးသွင်းသုံးစွဲနေသူ ၃၀၀၀ ကျော်ရှိပြီး ၃၅ ရာခိုင်နှုန်းမှာ HIV အိပ်အိုင်ဗွီ ကူးစက်ခံနေရကြောင်းနှင့် ၂၀၁၈ ခုနှစ်အထိ ဆိုပါက အဆိုပါအခြေအနေထက် အဆများစွာ ပိုနိုင်ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ နယ်ရဲနှင့် အထူးမူးယစ်တပ်ဖွဲ့က ဖမ်းဆီးမှု ပေါင်း ၂၀၁၈ ခုနှစ် သြဂုတ်လလယ်ပိုင်းအထိ အမှုပေါင်း ၁၃၅၂ မှု၊ ကျား ၁၅၅၇ ဦး၊ မ ၃၃၇ ဦး၊ ပေါင်း ၁၈၉၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၁၈၁၄ မှု၊ တရားခံပေါင်း ၂၄၀၇ ဦး၊ မူး ယစ်ဆေးဝါးဖမ်းဆီးခဲ့သည့် ကာလတန်ဖိုးကျပ်  ၈၅၂၁၆ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၁၁၃၈ မှုမှ တရားခံ ၁၆၉၆ ဦး၊၂၀၁၃ ခုနှစ်တွင် ၁၅၀၂ မှုမှ တရားခံ ၂၂၉၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၁၈၉၀ မှ တရားခံ ကျား ၂၃၆၅ ဦး၊ မ ၃၈၄ ဦး စုစုပေါင်း ၂၇၄၉  ဦး၊၂၀၁၅ ခုနှစ်တွင် အမှုပေါင်း ၁၆၇၁ မှုမှ တရားခံ ကျား ၁၈၄၇ ဦး၊ မ ၂၉၅ ဦး စုစုပေါင်း ၂၁၄၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၅၂၉ မှုမှ တရား ခံပေါင်း ၂၀၉၀ ကို အရေးယူခဲ့ကြောင်း သိရ သည်။

Most Read

Most Recent