မြစ်ကြီးနားမြို့နယ် ဒုတိယဥပဒေအရာရှိနေအိမ်၌ အိမ်သားတစ်ဦးတည်းရှိနေစဉ် လူတစ်ဦး ဝင်ရောက်လာပြီး ပါးစပ်ပိတ်၍ ခုတင်တိုင်တွင်ကြိုးတုပ်ပြီးနောက် ခုတင်ကိုမီးရှို့မှုဖြစ်ပွား

မြစ်ကြီးနားမြို့နယ် ဒုတိယဥပဒေအရာရှိနေအိမ်၌ အိမ်သားတစ်ဦးတည်းရှိနေစဉ် လူတစ်ဦး ဝင်ရောက်လာပြီး ပါးစပ်ပိတ်၍ ခုတင်တိုင်တွင်ကြိုးတုပ်ပြီးနောက် ခုတင်ကိုမီးရှို့မှုဖြစ်ပွား
Published 25 August 2018

အခင်းဖြစ်ပွားရာနေအိမ်အား တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့် ရပ်ကွက် လမ်းသွယ် ၁ နယ်မြေ ၃ ရှိ အိမ် အမှတ် ၆၆ မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ် ဂျာမိုင်လု၏နေအိမ်တွင် အိမ်သားတစ်ဦးတည်းရှိနေစဉ် လူတစ်ဦးက အိမ်သားအား ပါးစပ်ပိတ်၍ ခုတင်တိုင်တွင် ကြိုးတုပ်ပြီးနောက် ခုတင်ကိုမီးရှို့မှု သြဂုတ် ၂၄ ရက် ညနေ ၅ နာရီကျော် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုအကြိမ်သည် အဆိုပါနေအိမ်အား တတိယအကြိမ် ကျူးကျော်ဖျက်ဆီးခံရပြီး ဒုတိယအကြိမ် မီးရှို့ခြင်းခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်တွင် တက္ကသိုလ်ဝင်တန်းတက်နေသည့် အိမ်ရှင်များနှင့် ဝမ်းကွဲညီမတော်စပ်သူ မအစိုင်းရှိနေကြောင်း၊ မအစိုင်းက ဘေးအိမ်သို့သွားလည်ပတ်နေပြီး ညနေ ၅ နာရီခန့်တွင် ထမင်းချက်ရန်ပြန်လာကြောင်း၊ နေအိမ်တွင် ထမင်းဟင်းချက်ရန် ပြင်ဆင်နေစဉ် လူတစ်ဦးက ၎င်းအား ပါးစပ်ပိတ်၍ ခုတင်တိုင်တွင် ကြိုးတုပ်ပြီးနောက် ခုတင်ကို မီးရှို့ခဲ့ကြောင်းသိရသည်။

အဆိုပါ နေအိမ်ကို သြဂုတ် ၁၉ ရက်တွင် တစ်ကြိမ်မီးရှို့ခဲ့ပြီး ၂၁ ရက်တွင် နေအိမ်အတွင်းဝင်ရောက်ကာ ခြင်ထောင်နှင့် ဓာတ်ပုံများကို ဓားဖြင့် ထိုးခြစ်ခြင်းခံခဲ့ရကြောင်း၊ မည်သူမည်ဝါက ယခုလို ဖျက်ဆီးနေသည်ကို မသိရဟု ဝန်းကျင်နေသူတို့အဆိုအရ  သိရသည်။

မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြည်က “ဖြစ်သွားတာက ညနေ ၅ နာရီခန့်မှာပါ။ မီးလောင်တော့ ကလေးမလေးက ကြောက်ပြီး ဘာမှမေးမရဘူး။ လောင်တာ မကြာဘူး။ ငါးမိနစ်လောက်ပဲရှိမယ်။ ကလေးမတွေက အစ်မဖြစ်သူကတော့ အိမ်မှာနေတယ်။ ညီမဖြစ်သူက တရားရုံးမှာ ဥပဒေအရာရှိပေါ့။ ညီမဝမ်းကွဲလေး တစ်ယောက်က ၁၀ တန်းကျောင်းသူပါ။ ဒီနေ့က အိမ်မှာ ၁၀ တန်းကလေးမကို ခုတင်တိုင်မှာ ကြိုးတုပ်ပြီး ခုတင်ကို မီးရှို့တယ်လို့ ကလေးတွေက ပြောတယ်။ ခုတင်၊ ခြင်ထောင်၊ မွေ့ရာ၊ ထရံလောင် သွားတယ်။ ကျွန်တော်ကစိုးရိမ်လို့ ကလေးတွေကို အခြားနေရာရွှေ့ခိုင်းပြီး ၁၉ ရက်ကတည်းက ရပ်ကွက်ထဲက ကလေးနှစ်ယောက်စီကို စောင့်ခိုင်းတယ်။ ရပ်ကွက်ထဲမှာ ဘယ်သူနဲ့မှပြဿနာဖြစ်တာ မရှိပါဘူး။ အေးဆေးကြတယ်။ အပြင်ပြဿနာတော့ ရှိ မရှိ မသိဘူးလေ” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထက်လွင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက သြဂုတ် ၂၅ ရက် နံနက်အစောပိုင်းအထိ စစ်ဆေးခဲ့သည်ကိုလည်း တွေ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲမှူးကြီး ထက်လွင်က “အခုက စစ်ဆေးနေတာပေါ့။ မီးလောင်သွားတယ်။ တခြားသော စစ်မေးစရာ တွေရှိနေသေးတယ်။ အဲဒီပြီးရင်တော့ ပြောပြလို့ရပါပြီ” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်ကြီးနား နယ်မြေရဲစခန်းတွင် သြဂုတ် ၂၅ ရက် နံနက် ၁ နာရီအထိ အမှုဖွင့်နိုင်ခြင်း မရှိသေးဘဲ အမှုဖွင့်ရန် ပြင်ဆင်နေဆဲသာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent