ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အသက် ၈၀ အရွယ်၌ ကွယ်လွန်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အသက် ၈၀ အရွယ်၌ ကွယ်လွန်
Published 19 August 2018

ကိုဖီအာနန် (ဝဲ) နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာ$ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ဆုံစဉ် (Photo: AFP)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် သြဂုတ်လ ၁၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကိုဖီအာနန် ဖောင်ဒေးရှင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ကိုဖီအာနန်သည် နာမကျန်းဖြစ်မှုအချိန်တိုကလေးသာ ဖြစ်ပွားပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်သည်။

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကိုဖီအာနန်ဟာ နာမကျန်းဖြစ်မှုအချိန်တိုကလေး ဖြစ်ပွားပြီးတဲ့နောက် သြဂုတ် ၁၈ ရက် စနေနေ့မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အာနန်မိသားစုနဲ့ ကိုဖီအာနန်ဖောင်ဒေးရှင်းက ကြီးစွာသော ဝမ်းနည်းကြေကွဲမှုနဲ့အတူ ကြေညာအပ်ပါတယ်”  ဟု ကိုဖီအာနန်ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“သူ့ရဲ့ဇနီး နာနီနဲ့ သူ့ရဲ့ရင်သွေးတွေဖြစ် တဲ့ အေမာ၊ ကိုဂျိုနဲ့ နီနာတို့အားလုံးဟာ သူ့ရဲ့ နောက်ဆုံးနေ့တွေအတွင်း သူ့ရဲ့နံဘေးမှာ ရှိနေခဲ့ပါတယ်”  ဟုလည်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဆွစ်ဇာလန်နိုင်ငံ၌ နေထိုင်သော ဂါနာနိုင်ငံသား ကိုဖီအာနန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ဆက်တာဝန်ယူစဉ်အတွင်း ကမ္ဘာ့နိုင်ငံရေး၌ ကုလသမဂ္ဂ၏ ပုံရိပ်ကို မြှင့်တင်နိုင်သည့်အတွက် အကြီးအကျယ်ချီးကျူးခံရသူဖြစ်သည်။

ကိုဖီအာနန်သည် ရုပ်မြင်သံကြားပြသမှုများ၌ လူအများအကျွမ်းဝင်သည့် မျက်နှာပိုင်ရှင်တစ်ဦး အလျင်အမြန်ဖြစ်လာပြီး သတင်းစာခေါင်းစီးများ၌ သူ၏အမည်က နေရာယူ၍ လာခဲ့သည်။

ကိုဖီအာနန်သည် ကမ္ဘာ့ထိပ်တန်းသံတမန်ရာထူးဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ရရှိသည့် ပထမဆုံး အာဖရိကန်လူမည်းတစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က သူ၏ရှေ့မှ အတွင်းရေးမှူးချုပ် အာနန်သည် ကောင်းမှုအတွက် လမ်းပြအင်အားတစ်ရပ်ဟု ဖော်ပြကာ အာနန်ကွယ်လွန်သည့်သတင်းအား အလွန်အ မင်းဝမ်းနည်းကြေကွဲမိကြောင်း ပြောကြားခဲ့သည်။

“နည်းလမ်းပေါင်းများစွာမှာ ကိုဖီအာနန်ဟာ ကုလသမဂ္ဂဖြစ်ခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်မရှိ ဂုဏ်သိက္ခာ၊ ဆုံးဖြတ်ချက်တွေ နဲ့အတူ ထောင်စုနှစ်သစ်ဆီ အဖွဲ့အစည်းကို ဦးဆောင်ဖို့ ပေါ်ထွက်လာခဲ့ပါတယ်။ တခြား သူတွေအများကြီးလိုပဲ ကျွန်တော်ဟာ ကိုဖီအာနန်ကို မိတ်ဆွေကောင်းနဲ့ ဆရာကောင်းအဖြစ် ခေါ်ဆိုရတာကို ဂုဏ်ယူပါတယ်”  ဟု ဂူတာရက်က ပြောကြားခဲ့သည်။

ကိုဖီအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့ ၂၀၁၇ ခုနှစ် သြ ဂုတ် ၂၃ ရက်တွင် ပေးအပ်စဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)

ဆာဟာရအောက်ပိုင်း အာဖရိကဒေသမှ ပထမဆုံး အတွင်းရေးမှူးချုပ်ဖြစ်သည့် အာနန်သည် အီရတ်စစ်ပွဲဖြစ်ပွားသည့် သဘောထားကွဲလွဲနေသည့်နှစ်များအတွင်း ကုလသမဂ္ဂကို ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် စားနပ်ရိက္ခာနှင့် ရေနံ လဲလှယ်ခိုင်းသည့်အရှုပ်တော်ပုံ၌ ပါဝင်လျက် အဂတိလိုက်စားသည်ဟု စွပ်စွဲခံခဲ့ရသည်။

၉/၁၁ တိုက်ခိုက်မှုကြောင့် တစ်ကမ္ဘာလုံးတုန်လှုပ်နေသည့် ၂၀၀၁ ခုနှစ်တွင် အာနန်သည် ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးအတွက် အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် စုစည်းသူအဖြစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့် ခြင်းခံခဲ့ရသည်။

အာနန်ကို ဂါနာနိုင်ငံ အေရှန်တီဒေသ ၏ မြို့တော် ကူမာစီ၌ မွေးဖွားခဲ့ပြီး သူ၏ဖခင်သည် ဥရောပကုန်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော United Africa ၏ အလုပ်အမှုဆောင်တစ်ဦး ဖြစ်သည်။

အာနန်သည် အတွင်းရေးမှူးချုပ် ရာထူး ဒုတိယသက်တမ်းပြီးနောက် ကင်ညာနှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန်အဖြစ်လည်း ထမ်းဆောင်ခဲ့ပြီး ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်း သောနည်းလမ်းတစ်ရပ်ကို ရှာဖွေရန် အားထုတ်မှုများ၌ ဦးဆောင်ခဲ့သည်။

ကိုဖီအာနန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ရပ်များအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ဖူးသည်လည်း ဖြစ်သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကြောင့် ကိုဖီအာနန်ဖောင်ဒေးရှင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးတို့သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ပေးအပ်ခဲ့သည်။

Most Read

Most Recent