မြန်မာနိုင်ငံရဲ့ အဓိက ပြည်ပ ပဲဈေးကွက်ဖြစ်တဲ့၊ အထူးသဖြင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲ တီစိမ်းတို့ရဲ့ အဓိက ပို့ကုန်ဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံကနေ မြန်မာအပါအဝင် ပြည်ပကနေ ပဲတင်သွင်းမှုတွေကို တဲ့အတွက် အိန္ဒိယဈေးကွက်ကို အားထား တင်ပို့နေရတဲ့ မြန်မာနိုင်ငံရဲ့ပဲဈေးကွက်မှာ ဂယက်ကြီးကြီးမားမား ထခဲ့ပါတယ်။ ကန့်သတ်ခံလိုက်ရတဲ့ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း ပဲအမျိုးအစားတွေဟာ အိန္ဒိယဈေးကွက်နဲ့ နိုင်ငံတကာကိုတင်ပို့ဖို့ မျှော်ကိုးစိုက်ပျိုးထားတာဖြစ်ပြီး ဒီပဲအမျိုးအစားတွေကို ပြည်တွင်း စားသုံးမှုကလည်း နည်းပါးတာကြောင့် တင်ပို့နိုင်မယ့်နည်းလမ်းမရှိရင် အဆုံးအရှုံး ကြီးမားမှာ ဖြစ်ပါတယ်။ ကန့်သတ်မှု စတင်လိုက်ချိန် ရက်ပိုင်းမှာတင် ပဲဈေးနှုန်းတစ်တန်ကို ကျပ်တစ်သိန်းကျော်ကျဆင်းမှု ဖြစ်ပေါ်ခဲ့တာကြောင့် မလိုလားအပ်တဲ့ အခြေအနေတွေ မဖြစ်ပေါ်အောင် အဓိက ကုန်စည်ဒိုင်တွေ အရောင်းအဝယ် ရပ်ဆိုင်းထားရတဲ့အထိ အကျိုးသက်ရောက်မှု ရှိခဲ့တာပါ။ ဒီအကျပ်အတည်းကို လွန်မြောက်ဖို့နဲ့ မြန်မာ့ပဲဈေးကွက် အသက်ဆက်ဖို့အတွက် ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်ပါတယ်။
အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနက ၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ပဲစင်းငုံတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ် တစ်နှစ်ကို တန်ချိန်နှစ်သိန်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ မတ်ပဲနဲ့ ပဲတီ စိမ်းတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ် တစ်နှစ်ကို တန်ချိန်သုံးသိန်း သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီကန့်သတ်မှုက အစိုးရချင်း G to G တင်သွင်းဖို့ ကတိပြုထားတဲ့ ပမာဏအပေါ်မှာ သက်ရောက်မှုမရှိဘူးလို့ ဆိုပေမယ့် မြန်မာနဲ့အိန္ဒိယကြား ပဲတင်ပို့မှုမှာ G to G သဘောတူညီမှု မရှိတာကြောင့် မြန်မာ့ပဲဈေးကွက်ရဲ့ အဓိက ဝယ်လက်ပျောက်သွားမယ့် အခြေအနေပါ။
ကန့်သတ်ရတဲ့ အဓိကအကြောင်းရင်းတွေကလည်း အိန္ဒိယမှာ ၂၀၁၇ ပဲထွက်ရှိမှု ကောင်းမွန်နိုင်မှု၊ ပဲလက်ကျန်ပမာဏ များပြားမှု၊ အနိမ့်ဆုံး သတ်မှတ်ထားတဲ့ ဈေးနှုန်းအောက် ကျဆင်းမှုတို့ကြောင့်ဖြစ်ပြီး ကန့်သတ်လိုက်ပြီးချိန်မှာ အိန္ဒိယပဲဈေးနှုန်း ပြန်တက်လာပြီး မြန်မာပဲဈေးကွက်ကတော့ ဈေးနှုန်း ထိုးဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီကန့်သတ်မှုတွေ ထွက်ပေါ်ပြီးချိန်မှာ ပြည်တွင်းမှာ ပဲစင်းငုံလက်ကျန် တန်ချိန် ၁၀၀,၀၀၀ ခန့်နှင့် မတ်ပဲလက်ကျန် တန်ချိန် ၃၀၀,၀၀၀ ခန့် ကျန်ရှိမယ်လို့ မြန်မာနိုင်ငံ ပဲ မျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းက ခန့်မှန်းထားပြီး ကြေညာချက် မထွက်ပေါ်မီ ပဲစင်းငုံတစ်တန် ကျပ်ခြောက်သိန်းခွဲဝန်းကျင် နဲ့ မတ်ပဲတစ်တန် ကျပ်ရှစ်သိန်း ဝန်းကျင် အရောင်းအဝယ်ဖြစ်နေရာမှ ကြေညာချက် ထွက်ပေါ်ပြီးချိန်နောက်ပိုင်း ရက်ပိုင်းအတွင်း ပဲစင်းငုံတစ်တန်ကို ကျပ်ငါးသိန်းအောက်နဲ့ မတ်ပဲတစ်တန်ကို ကျပ်ခြောက်သိန်းခွဲ အောက် ထိုးဆင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ တောင်သူတွေက ပဲစင်းငုံအသစ်တွေကို ပြီးခဲ့တဲ့ ဇွန်လ ဝန်းကျင်မှာ စိုက်ပျိုးခဲ့ပြီး တန်ချိန် ၃၀၀,၀၀၀ ဝန်းကျင် ထပ်မံထွက်ရှိဦးမှာ ဖြစ်ပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းကတော့ စက်တင်ဘာ ဝန်းကျင်မှ စစိုက်မှာဆိုတော့ စိုက်ဖို့ သင့် မသင့် စဉ်းစားချိန် ရှိပါသေးတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု ဝန်းကျင်ကတည်းက အိန္ဒိယဟာ မြန်မာနိုင်ငံအတွက် အဓိက ပဲ ဈေးကွက်ဖြစ်ခဲ့သလို အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေကလည်း သူတို့ရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်အရ ဈေးကွက်ကြီးမားတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ကို မြန်မာတောင် သူတွေ စိုက်ပျိုးဖို့ အစဉ်အဆက် တိုက်တွန်းခဲ့တာပါ။ ဒီလိုနှစ်ပေါင်းများစွာ နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ခဲ့တာ လက်ရှိအချိန်အထိဖြစ်ပြီး အိန္ဒိယရဲ့ စားနပ်ရိက္ခာ ဖူလုံမှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုခဲ့သလို မြန်မာနိုင်ငံအ တွက်လည်း နှစ်စဉ် ဒေါ်လာ တစ်ဘီလျံဝန်း ကျင်တန်ဖိုးရှိတဲ့ ပဲတန်ချိန်တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီလို ပဲစိုက်ပျိုး ထုတ်လုပ်မှုနဲ့ တင်ပို့မှုကွင်းဆက်မှာ သန်းပေါင်းများစွာသော တောင်သူလယ်သမားတွေ၊ လုပ်သားတွေ၊ သွင်းအားစု ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေ၊ နယ်ကုန်သည်တွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ ပဲသန့်စင်စက်ရုံတွေ၊ သိုလှောင်ရုံတွေ၊ ပို့ကုန်လုပ်ငန်းတွေ အများကြီး ပါဝင်ပတ်သက်နေတာကြောင့် အခုဖြစ်လာတဲ့ ကန့်သတ်ချက်က အားလုံးအတွက် အထိနာစေပါတယ်။
“လွန်ခဲ့တဲ့နှစ် ၃၀ ကတည်းက ဒီနေ့အထိ တောက်လျှောက် လွတ်လွတ်လပ်လပ်ပဲ သူ့ဈေးနဲ့သူ ကျလည်းကျ တက်လည်းတက်၊ အိန္ဒိယကုန်သည်တွေက ကျရင်လည်း ကျသလို ပုံမှန်တောက်လျှောက် ဝယ်နေတဲ့ အနေအထားရှိတယ်။ ဒါကတင်သွင်းမှုကို ခဏ ရပ်လိုက်တယ်ဆိုတော့ ပြည်ပက တကယ်သုံးစွဲသူက မဝယ်ဘူးဆိုတော့ နိုင်ငံတော်ကို တင်ပြပြီး ပြန်ဖွင့်ပေးဖို့ကြိုးစားနေတဲ့ အနေအထားလေး ရှိပါတယ်”လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံဆီကနေ G to G စနစ်နဲ့ ပဲဝယ်ယူဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလဆန်းပိုင်းအထိ ကြိုးစားခဲ့ဖူးပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံဝယ်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ လာရောက် ညှိနှိုင်းခဲ့တာဖြစ်ပြီး အစိုးရအချင်းချင်း ငွေပေးချေမှုကို ငွေလွှဲစာတမ်း (LC) စနစ်နဲ့ဆောင်ရွက်ဖို့၊ တောင်သူတွေရဲ့စိုက်ပျိုးထုတ်လုပ်မှု စရိတ်ကို သင့်တင့်တဲ့ အမြတ်ပေါင်းထားတဲ့အခြေခံဈေးနဲ့ သတ်မှတ်ဝယ်ယူဖို့၊ ဝယ်ယူထားတဲ့ ပဲမျိုးစုံ မပေးနိုင်ရင် အစိုးရ အရန်သိုလှောင်ထားမှုမှ ထုတ် ပေးဖို့ စတဲ့သတ်မှတ်ချက်တွေနဲ့အတူ ဝယ်ယူလိုတဲ့ ပမာဏအမျိုးမျိုးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကာလပေါက်ဈေးနဲ့ ကမ်းလှမ်းတဲ့ အခြေခံဈေးက တစ်တန်ကို ဒေါ်လာ ၄၅၀ ဝန်းကျင် လျော့နည်းသလို သဘောတူညီမှု စာချုပ်မှာ ထည့်သွင်းလိုတဲ့ တန်ပမာဏနဲ့ ပတ်သက်ပြီး တန်ချိန်ပမာဏ အမျိုးမျိုးကို အကြိမ်ကြိမ် ပြောင်းလဲအဆိုပြုမှုနဲ့အတူ အထွက်နှုန်းကောင်းတဲ့ မျိုးတွေ၊ နည်းစနစ်တွေ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် မေလဝန်းကျင် ပဲစင်းငုံ စိုက်ပျိုးချိန်ကနေ ၂၀၁၆ ခုနှစ် စက်တင်ဘာဝန်းကျင် မတ်ပဲစိုက်ပျိုးချိန်အထိ ဘာပံ့ပိုးမှုမှ မရှိခဲ့ပါဘူး။
အိန္ဒိယရဲ့ ပဲဝယ်ယူဖို့အဆိုပြုမှုကို မြန်မာတာဝန်ရှိသူတို့က အကူအညီတွေကို လက်ခံလိုကြောင်း၊ အစိုးရချင်း ငွေပေးချေမှုအပေါ် တာဝန်ခံနိုင်ပေမယ့် ဝယ်ယူချိန်မှာ ကာလပေါက်ဈေးနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပြီး သတ်မှတ်ဈေးထက်ပိုရင် ဝယ်ယူမှာ မဟုတ်ကြောင်း အိန္ဒိယဘက်က ပြန်လည်ပြောဆိုခဲ့ကာ လက်ရှိအချိန်အထိ အိန္ဒိယဘက်က ပြန်လည်ဆက်သွယ်မှုမရှိဘဲ အခုလိုပဲတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ G to G ဝယ်ယူဖို့ စတင်ဆွေးနွေးခဲ့တဲ့အချိန်ကနေ လက်ရှိအချိန်အထိ1 မတ်ပဲတန်ချိန် ၉၅၀,၀၀၀ ဝန်းကျင်၊ ပဲစင်းငုံ တန်ချိန် ၃၆၀,၀၀၀ ဝန်းကျင်တို့ကို အိန္ဒိယကုန်သည်တွေက ကာလပေါက်ဈေးနဲ့ TT (Telegraph Transter) ငွေလွှဲစနစ်နဲ့ ဝယ်ယူတင်ပို့ပြီးဖြစ်တာကြောင့် G to G ချုပ်ဆိုလိုတဲ့ ပမာဏထက် ကျော်လွန်တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။
အခုကန့်သတ်ခံလိုက်ရတဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းဟာ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ကဏ္ဍဖြစ်ပြီး ကြီးမားတဲ့ဆိုးကျိုးသက်ရောက် လာနိုင်တာကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) တို့က ချက်ချင်းအစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ အသင်းတွေနဲ့ ကုန်စည်ဒိုင်တွေက အိန္ဒိယရဲ့ ပဲတင်သွင်းမှုကန့်သတ်ချက်နဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် ညှိနှိုင်းဖြေ ရှင်းပေးဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပဲသုံးမျိုးအပေါ် ထားရှိခဲ့တဲ့ ကန့်သတ်ချက်ကို ဖယ်ရှားပေးဖို့ အဓိကတာဝန်ရှိတဲ့ အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် လာရောက်ချိန်မှာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ထိထိရောက်ရောက် မေတ္တာရပ်ခံနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတစ်ဆင့် ပေးပို့နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံနဲ့ G to G MoU လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းလာပြီး ဆောင်ရွက်မယ့်ပုံစံအတွက် ဈေးနှုန်း (ဝယ်ယူတဲ့အချိန်တွင်ရှိတဲ့ ကာလပေါက်ဈေး)၊ ငွေပေးချေမှုပုံစံ (ဝယ်ယူချိန်မှာ နှစ်ဖက်သဘောတူတဲ့စနစ်) နဲ့ ဝယ်ယူလို့တဲ့ တန်ချိန်ကိုသာ ဖော်ပြသတ်မှတ်ကာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ညှိ နှိုင်းချိန်မှာ လိုအပ်လာရင် ကုန်သည်၊ စက်မှုအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ရဲ့ အကူအညီတွေ ရယူဆောင်ရွက်ဖို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) တို့ကို တာဝန်ပေးလာပြီး လက်တွေ့ ဆောင်ရွက်မှုတွေမှာ အသင်းအဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ အကန့်အသတ်ရှိရင် အသင်း ဝင်တွေဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးရေးအများပိုင်လီမိတက် (MAGDPL) က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
တကယ်လို့ အိန္ဒိယအစိုးရဘက်က ပဲ စင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းတို့ကို ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ချက်ကို ဖယ်ရှားမပေးဘူးဆိုရင် စပါးဈေးနှုန်း ထုတ်လုပ်မှုစရိတ်အောက် ကျဆင်းချိန်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ခံပြီး အခြေခံဈေးနှုန်း သတ်မှတ်ဝယ်ယူ သိုလှောင်ပေးသလို ဆောင်ရွက်နိုင်ဖို့ အစိုးရထံမှ လှည့်ပတ်ရန်ပုံငွေ တောင်းခံပေးဖို့နဲ့ သက်ဆိုင်ရာဘဏ်တွေကလည်း ထောက်ပံ့မှုတွေရရှိနိုင်အောင် ညှိနှိုင်းပေးဖို့ ပဲအသင်းတွေနဲ့ ကုန်စည်ဒိုင်တွေက တောင်းဆိုခဲ့ပါတယ်။
ဦးထွန်းလွင်က “လူကြီးတွေလည်း စဉ်းစားထားကြတာပေါ့နော်။ ပိတ်တာကလည်း လာမယ့် မတ် ၃၁ ရက်အထိ ပိတ်တာဆိုတော့ ပဲစင်းငုံစိုက် တောင်သူတွေက ဒီဇင်ဘာလောက်ဆို ထွက်လာပြီလေ။ ထွက်လာရင် နေ့စဉ်ဝယ်ရမယ့်ဟာ ရှိတယ်။ အခုတောင်မှ ပဲအသစ် မထွက်သေးဘူး။ ပဲဟောင်းတွေက နေ့စဉ်ဝယ်ရတာ ရှိနေတယ်။ ဒါကပြဿနာ တော်တော်ကြီးပါတယ်။ ဆန်တို့ဘာတို့ဆို ဈေးနှုန်းတအားကျတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်က အရန်ရန်ပုံငွေနဲ့ ဝယ်ယူတဲ့လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်ဖို့ပြောကြတာပေါ့နော်။ လူကြီးတွေလည်း ဒါကိုလုပ်ပေးမယ်လို့ယူဆပါတယ်” လို့ ဆိုပါတယ်။
ဒါ့ပြင် ပြည်ပကတင်သွင်းနေတဲ့ ကုလားပဲတွေကို လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် တင်သွင်းမှုခေတ္တရပ်ဆိုင်းပေးဖို့ အတွက် ဆောင်ရွက်နေပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတို့ဆီက သွင်းကုန်လိုင်စင်ရယူပြီးတဲ့ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ပြည်ပကုန်ရောင်းသူဆီ ၁၀ ရာခိုင်နှုန်း ကြိုတင်ငွေပေးသွင်းပြီးတာပဲဖြစ်ဖြစ်၊ မပေးသွင်းရသေးတာပဲ ဖြစ်ဖြစ် သင်္ဘောတင်ရက်စွဲ Bill of Loading Date သြဂုတ် ၂၄ ရက် နောက်ဆုံးထားကာ သက်ဆိုင်ရာဆိပ်ကမ်းက ထွက်လာတဲ့ ကွန်တိန်နာတွေကိုပဲ လက်ခံတင်သွင်းခွင့်ပြုပေးဖို့ သက်ဆိုင်ရာဌာနတွေကို မေတ္တာရပ်ခံ အကြောင်းကြားပေးပို့ဖို့လည်း အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
အစည်းအဝေးမှာဆုံးဖြတ်ခဲ့တဲ့ နောက်ဆုံးအချက်ကတော့ လက်ရှိစိုက်ပျိုးပြီးဖြစ်တဲ့ ပဲစင်းငုံနဲ့ မကြာမီလပိုင်းအတွင်း စိုက်ပျိုးတော့မယ့် မတ်ပဲစိုက်ဧရိယာတွေမှာ စိုက်ပျိုး မြေနဲ့ကိုက်ညီတဲ့ တခြားဈေးကွက်ဝင် စိုက်ပျိုးနိုင်တဲ့ ဆီထွက်သီးနှံတွေ၊ တခြားပဲအမျိုးအ စားတွေကို တောင်သူတွေ ချင့်ချိန်စိုက်ပျိုးနိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကတစ်ဆင့် အသိပညာပေးဖို့ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ အသင်းတွေ၊ ကုန်စည်ဒိုင်တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ညှိ နှိုင်းခဲ့ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဖော်ထုတ်ချက် ၁၀ ခု ချမှတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
သြဂုတ် ၂၆ ရက်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က အိန္ဒိယရဲ့ ပဲတင်သွင်းမှုကန့်သတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် ခရီးစဉ်အတွင်း မြန်မာ့ပဲပို့ကုန်ပြန်လည်တင်ပို့နိုင်ရေးအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန် ဆွေးနွေးပေးနိုင်ဖို့စီစဉ်နေကြောင်း၊ အိန္ဒိယ နိုင်ငံနဲ့ ပဲရောင်းဝယ်မှုဆိုင်ရာ MoU ကို G to G လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်ညှိနှိုင်း သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ ပဲတင်သွင်းမှု မူဝါဒအရွေ့တစ်ချက်က မြန်မာ့ပဲလောကကို မုန်တိုင်းထန်စေခဲ့တာကြောင့် နောက်ပိုင်းမှာ အိန္ဒိယကို ပဲတင်ပို့မယ်ဆိုရင် အစိုးရချင်း စာချုပ်ချုပ်ဆိုထားမှ စိတ်ချရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပဲထုတ်လုပ် တင်ပို့မှုဈေးကွက် နစ်နာဆုံးရှုံးမှု မရှိအောင် အဘက်ဘက်က ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုဆိုင်ရာမူ ဝါဒါပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံကို ပဲဆက်လက်တင်ပို့နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ ပုဂ္ဂလိကအသင်းအဖွဲ့က တာဝန်ရှိသူတွေပူးပေါင်းပြီး ပဲတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းသွားမှာဖြစ်သလို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ပဲရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ပဲတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက အိန္ဒိယနိုင်ငံနဲ့ ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမှာပါ။
မြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “တကယ်တော့ MoU က ဈေးကွက်ပေါက်ဈေးတစ်ခုကို သတ်မှတ်မယ်၊ တန်ချိန်ဘယ်လောက် ဝယ်မယ်ဆိုတာကို ရိုးရိုးရှင်းရှင်း MoU တစ်ခုလုပ်ထားရင် ပြေ လည်နိုင်မယ့် အနေအထားတစ်ခုလို့ မြင်ပါတယ်။ ဒါလေးကိုလည်း ဆွေးနွေးရမယ်၊ MoU မှာ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပတ်သက်ပြီး တင်ပို့နိုင်မယ့် အနေအထားကို တိတိကျကျဖော်ပြပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် MoU ကြောင့် ကျွန်တော်တို့ အဆင်ပြေမှာဖြစ်ပါတယ်” လို့ သုံးသပ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ပဲစင်းငုံနဲ့ မတ်ပဲ လက်ကျန်တန်ချိန် ၄၀၀,၀၀၀ ကျော်ကျန်ရှိနေပြီး လက်ကျန်ပဲတွေအပေါ် ပြည်တွင်း ဈေးကွက် တည်ငြိမ်စေရေးအတွက် အစိုးရ နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ဖို့ ဒါမှမဟုတ် ငွေကြေးထောက်ပံ့မှုပေးရေးကိစ္စ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ အစိုးရက သဘောတူညီခဲ့ပါတယ်။ စိုက်ပျိုးပြီးစီးခဲ့တဲ့ ပဲစင်းငုံတွေဟာ မကြာမီပေါ်ထွက်လာတော့မှာဖြစ်ပြီး လက်ရှိ ပဲစင်းငုံဈေးတွေကလည်း လျော့ကျနေတာကြောင့် တောင်သူတွေ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် တောင်သူလယ်သမား အခွင့်အ ရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဲစိုက်ပျိုးမှုနဲ့ ပို့ကုန်တင်ပို့မှုဟာ အိန္ဒိယဈေးကွက်ကိုပဲ အဓိကရည်မှန်းဆောင်ရွက်နေတာကြောင့် အခုလိုကန့်သတ်မှုနဲ့ ကြုံတွေ့ခဲ့ရင် ထိခိုက်ဆုံးရှုံးမှုများပြားမှာဖြစ်ပြီး မတ်ပဲနဲ့ ပဲစင်းငုံအစား ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက်ဝေစု ရရှိနိုင်မယ့် တခြားပဲနဲ့ သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်တဲ့ မျိုး၊ အရင်းအနှီး၊ နည်းပညာကဲ့သို့ အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ဒါ့ပြင် ပြည်တွင်း ဈေးကွက်ထဲမှာရှိနေတဲ့ လက်ကျန်ပဲတွေကို ပြည်တွင်းမှာ သုံးစွဲနိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
လက်ရှိမြန်မာနိုင်ငံကနေ တင်ပို့နေတဲ့ ပဲတွေကို ကုန်ကြမ်းအတိုင်းသာ တင်ပို့နေတာဖြစ်ပြီး ပဲမျိုးစုံကို တန်ဖိုးမြှင့်ကုန်ပစ္စည်း Value Added ပြုလုပ်ပြီး တင်ပို့နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ငွေကြေး အရင်းအနှီး ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစိုးရအဖွဲ့က လမ်းညွှန်ထားပါတယ်။ ပဲမျိုးစုံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုပြုလုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
“နိုင်ငံတစ်နိုင်ငံတည်းကို ပဲတင်ပို့တာထက် နောက်ထပ် တူရကီလိုနိုင်ငံတွေက ဝယ်တယ်ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း အရည်အသွေးအာမခံချက် မပေးနိုင်တာ ချက်တယ်။ အဲဒါကိုလည်း စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ကုန်သည်တွေ၊ စိုက်ပျိုးသူတွေက အရည်အသွေးကို မြှင့်တင်နိုင်ဖို့ တော်တော်လေးစဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ မဟုတ်ရင် ဒီလိုပဲ အိန္ဒိယဈေးကွက်ကိုပဲ တောက်လျှောက်သွားနေမယ်ဆိုရင် ရေရှည်အတွက် တည်ငြိမ်မှုရှိဖို့ ခက်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဈေး ကွက်ရရှိဖို့အတွက် ဈေးကွက်သစ်တွေ ဖော်ဆောင်ဖို့ လိုပါတယ်။ အဲဒါတွေက ကျွန်တော်တို့ချည်းပဲလုပ်လို့မရပါဘူး။ G to G ရော၊ B to B ရော ပူးပေါင်းဆောင်ရွက်မှ ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် အဲဒါကို အထူးလုပ်ငန်း အဖွဲ့ဖွဲ့ပြီး လုပ်မယ်ဆိုရင် အင်မတန်ကောင်းတဲ့ အကြံအစည်ပါ၊ ဒါကိုလည်း ထောက်ခံတင်ပြ လိုပါတယ်” လို့ ဦးဇော်မင်းဝင်းက ဆိုပါတယ်။
ဒီကန့်သတ်မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရကြား ညှိနှိုင်းဖြေရှင်းသွားမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ သီးနှံဈေးကွက် အခြေအနေတွေကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားတွေနဲ့ အများပြည်သူ သိရှိအောင် ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပေးဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပဲလောက ရွှေထီးဆောင်းခဲ့ချိန်က အခုဆိုရင် ကျော်လွန်ခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက မတ်ပဲ တစ်တန်ကျပ် ၂၅ သိန်း၊ ပဲစင်းငုံ တစ်တန် ကျပ်သိန်း ၂၀ ဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပါတယ်။ မတ်ပဲဈေးဟာ ၂၀၁၇ နှစ်စပိုင်းမှာ ကျပ် ၁၂ သိန်းခန့် အထိဖြစ်ပေါ်ခဲ့ပေမယ့် ဇန်နဝါရီလကုန်ပိုင်း မှာ ကျပ် ၁၀ သိန်းအောက် ရောက်ခဲ့ပါတယ်။ အဲဒီနောက် မတ်လမှာ ကျပ် ၁၁ သိန်းခွဲအထိ ပြန်တက်ခဲ့ပေမယ့် ဧပြီလကုန်ပိုင်းမှာ ကျပ် ၁၀ သိန်းအောက်၊ ဇွန်လဆန်းမှာ ကျပ်ကိုးသိန်းအောက်၊ ဇူလိုင်လကုန်ပိုင်းမှာ ကျပ်ခုနစ် သိန်းအောက် ရောက်ခဲ့ပါတယ်။ သြဂုတ်လမှာ ဈေးနည်းနည်း ပြန်တက်ခဲ့ပြီး သြဂုတ် ၂၁ ရက်အထိ ကျပ်ရှစ်သိန်းအထက် ပြန်ရောက်ခဲ့ပေမယ့် အိန္ဒိယအစိုးရရဲ့ ကန့်သတ်ချက် ထွက်လာပြီးချိန်မှာ ကျပ်ခြောက်သိန်းခွဲအောက်အထိ ထိုးဆင်းခဲ့တာပါ။
ပဲစင်းငုံဈေးကို ကြည့်ရင်လည်း ၂၀၁၇ ဇန်နဝါရီလဆန်းပိုင်းက ကျပ်ရှစ်သိန်းခွဲဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းမှာ ကျပ်ရှစ်သိန်းအောက်၊ ဧပြီနောက်ဆုံးပတ်မှာ ကျပ်ခုနစ်သိန်းအောက် ရောက်ပြီးနောက် မေ ဒုတိယပတ်မှာ ကျပ်ခုနစ်သိန်းအထက် ပြန်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်တတိယပတ်မှာ ကျပ်ခြောက်သိန်းအောက် ပြန်ရောက်ခဲ့ပြီး သြဂုတ်လဆန်းပိုင်းမှာ ကျပ် ခြောက်သိန်းအထိ ပြန်တက်ခဲ့ပေမယ့် အိန္ဒိယအစိုးရရဲ့ ပဲတင်သွင်းခွင့် ကန့်သတ်ချက်ထွက် ပြီးနောက် သြဂုတ် တတိယပတ်က စတင်ကာ ကျပ်ငါးသိန်းအောက်အထိ ရောက်ရှိသွားပါတယ်။ ပဲကုန်သည်အများစုနဲ့ ပို့ကုန်လုပ်ငန်းရှင် အများစုက မြန်မာ့ပဲဈေး ပြန်လည်မြင့်တက်လာဖို့ မျှော်လင့်ခဲ့ပေမယ့် အိန္ဒိယအစိုးရရဲ့ ပဲတင်သွင်းမှုအပေါ် ထားရှိတဲ့ နောက်ဆုံးဆုံးဖြတ်ချက်က သူတို့ရဲ့အိပ်မက်တွေကို လှုပ် နှိုးခဲ့ပါတယ်။
ဒီဘဏ္ဍာနှစ်မှာ အရင်နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် ပဲတင်ပို့မှုပမာဏ မကွာပေမယ့် ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် ပို့ကုန်ဝင်ငွေ ရရှိမှုနည်းပါးခဲ့ပါတယ်။ လက်ရှိ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပကို ပဲတင်ပို့မှု တန်ချိန် ၁၂ သိန်းမှ ၁၄ သိန်း တင်သွင်းနိုင်မယ်လို့ မျှော်မှန်းထားတာဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းအထိ (လေးလအတွင်း) တန်ချိန် ခြောက်သိန်းခုနစ်သောင်းနီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ အရင်နှစ်တင်ပို့မှုနဲ့နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်ပမာဏ ကွာဟမှုနည်းပါးပေမယ့် ဒေါ်လာ ၄၈၄ သန်းကျော်ပဲ ရရှိတာကြောင့် ရငွေပမာဏ ထက်ဝက်လောက် လျော့ကျခဲ့တာပါ။ ဒီလို ပဲကရရှိတဲ့ ပို့ကုန်ဝင်ငွေလျော့ကျနေချိန်မှာ အိန္ဒိယက မြန်မာနိုင်ငံရဲ့ အဓိက ပဲတင်သွင်းမှုပို့ကုန်တွေကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာပဲဈေးကွက်မှာ လက်ကျန်ရှိနေတဲ့ ပဲတန်ဖိုး ဒေါ်လာသန်း ၅၀၀ ဝန်းကျင်ကို လက်လွှတ်လိုက်ရမယ်ဆိုရင် ပြည်တွင်း ပဲဈေးကွက်အတွက်ရော မြန်မာ့စီးပွားရေး အတွက်ပါ အနည်းနဲ့အများ အထိနာစေတာကြောင့် လက်ရှိစိန်ခေါ်မှုကို ဖြေရှင်းပြီး အခွင့်အလမ်းကောင်းတွေကို ရှာဖွေရမှာဖြစ်ပါတယ်။
သြဂုတ် ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လက်ရှိဖြစ်ပေါ်နေတဲ့ အိန္ဒိယရဲ့ ပဲတင်သွင်းမှု ကန့်သတ်ချက်နဲ့ပတ်သက်ပြီး ပြဿနာက ဈေးကွက်တစ်ခုတည်းကို မှီခိုတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာထုတ်ကုန်တွေ ထုတ်လုပ်တဲ့အခါ ဈေးကွက်ရရှိဖို့ လိုအပ်ပြီး ဈေးကွက်ရရှိအောင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်နဲ့ စိုက်ပျိုးထုတ်လုပ် တင်ပို့သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အခုဖြစ်ပေါ်ခဲ့တဲ့ကိစ္စဟာ ဈေးကွက်တစ်ခုတည်းအပေါ် မှီခိုအားထားမှုနဲ့ သမားရိုးကျဈေးကွက် ရှာဖွေမှုပုံစံပဲရှိတဲ့ မြန်မာပဲဈေးကွက်အတွက် အငိုက်မိ အရှိုက်ထိုးခံလိုက်ရတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက် သတိပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ပျက်ယွင်းသွားတဲ့ မြန်မာနိုင်ငံရဲ့ပဲဈေးကွက် ပြန်လည်ရုန်းထနိုင်ဖို့အတွက် ပဲမျိုးစုံဈေးကွက်သစ်တွေ ရရှိနိုင်ဖို့ အစိုးရ နဲ့ ပုဂ္ဂလိက ကုန်သည်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ရှာဖွေချိတ်ဆက်ဆောင်ရွက်ဖို့ လိုသလို တစ်ဖက်မှာလည်း တန်ဖိုးမြင့်ပို့ကုန်တွေ တင်ပို့နိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်မှု ဘယ်လောက် အားကောင်းမောင်းသန်ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်သွားမှာပါ။