သရုပ်ဆောင် သီဟတင်စိုးအား စွဲဆိုထားသည့်အမှုကို ဥပဒေရုံးက ပိတ်သိမ်းသင့်သည်ဟု အကြံပြုပြီး အမှုပိတ်သိမ်းရန် ရဲလုပ်ထုံးလုပ်နည်းဖြင့် ဆက်လက်ဆောင်ရွက်နေ

သရုပ်ဆောင် သီဟတင်စိုးအား စွဲဆိုထားသည့်အမှုကို ဥပဒေရုံးက ပိတ်သိမ်းသင့်သည်ဟု အကြံပြုပြီး အမှုပိတ်သိမ်းရန် ရဲလုပ်ထုံးလုပ်နည်းဖြင့် ဆက်လက်ဆောင်ရွက်နေ
Published 15 August 2018

အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစားတို့အား သြဂုတ် ၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ်

သီဟတင်စိုးက သားမယားပြုကျင့်သည် ဟုဆိုကာ အိမ်အကူ၏ လီဆယ်တိုင် တန်းထားမှုကို မြို့နယ်ဥပဒေရုံးက ပိတ်သိမ်းသင့်သည်ဟု အကြံပြုချက်ကို မြို့နယ်ရဲတပ်ဖွဲ့သို့ ပေးအပ်ခဲ့ပြီး အမှုပိတ်သိမ်းနိုင်ရန်အတွက် ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သြဂုတ် ၁၄ ရက်တွင် စုံစမ်းသိရှိရသည်။

“အမှုဖွင့်ထားတာကို ဆက်လက် လုပ်ဆောင်နိုင်ဖို့အတွက် ဥပဒေရုံးကို အကြံပြုချက် တောင်းခံတာပေါ့။ ဥပဒေရုံးကတော့ အမှုပိတ်သိမ်းသင့်တယ်လို့ အကြံပြုတယ်လို့ သိရပါတယ်။ အဲဒါကို မြို့နယ်ရဲတပ်ဖွဲ့က အမှုပိတ်သိမ်း နိုင်ဖို့အတွက် ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထို့ပြင် သရုပ်ဆောင် သီဟတင်စိုးက သားမယား ပြုကျင့်သည် ဟုဆိုကာ ရဲစခန်းတွင် လီဆယ်တိုင်တန်းခဲ့သည့် အိမ်အကူ ဒေါ်ခင်မာမြင့် (ခ)ခင်မာညို၊ အိမ်အကူပွဲစား ဒေါ်ညိုတို့အား သြဂုတ် ၁၅ ရက် (ယနေ့) တရားရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၉/၁၁၄ ဖြင့် စတင်တရားစွဲဆိုမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း စခန်းတွင် လီဆယ်တိုင်တန်းသည့် ဒေါ်ခင်မာမြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၁၁ ဖြင့် တရားစွဲဆိုရန် ဦးတိုက်လျှောက်မည် ဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၉ မှာ ၁၀ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၂၁၁ မှာ  ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

အမှုဖွင့်ပြီး မကြာမီ အိမ်အကူက လီဆယ်တိုင်တန်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သရုပ်ဆောင် သီဟတင်စိုးကို အမှုမပိတ်သိမ်းမီတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အရ သိန်း ၅၀၀၀ ခံဝန်ချုပ်ဖြင့် အခြားလူနှစ်ဦးက အာမခံပေးထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် သီဟတင်စိုးက သားမယားပြုကျင့်သည် ဟုဆိုကာ အိမ်အကူ အမျိုးသမီးဖြစ်သည့် မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့် (၄၀ နှစ်) က ဇူလိုင် ၁၄ ရက်ညပိုင်းတွင် သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်မှာ အခြားနာမည်နှစ်မျိုး ထပ်မံရှိပြီး ၎င်းနာမည်နှစ်မျိုးမှာ ညိုညိုဆိုသည့်နာမည်နှင့် ဇင်မာမြင့်ဆိုသည့် နာမည်တို့ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ခဲ့ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူ အလုပ်ကို လုပ်ကိုင်ရန် ဒေါ်ညိုဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ညိုက သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် အဆိုပါ နေအိမ်၌ အလုပ်ဝင်ခဲ့ကာ ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူကို ပြုစုရသည့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးက ၎င်းအား သားမယား ပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးသဖြင့် ထိုသို့ အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅ နှစ်) ကို စစ်ဆေးရာ ၎င်းကခင်မာမြင့်(ခ)ညိုညို (ခ) ဇင်မာမြင့်အား သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည် ဟုဆိုကာ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းက ဈေးစကားပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက သားမယား ပြုကျင့်ခဲ့သည်ဟုဆိုပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးထံသို့ သွားရောက်ကာ အဆိုပါ နစ်နာမှုအတွက် ကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း သွားရောက်ညှိနှိုင်းရာ အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent