မန္တလေးတွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး
Published 13 August 2018

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် အမျိုးသားနှစ်ဦးမှ လူနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှု သြဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ ၅၅လမ်း၊ နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြား၊ ထွန်တုံးရပ်ကွက်တွင် ဆိုင်ကယ်တစ်စီးထဲစီးလာသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ဦးမှာ ခြေလျင်ထွက်ပြေး လာခဲ့ကြောင်း၊ ထို့နောက် အနီးနားရှိ ဆိုင်ထဲမှ ထွက်လာသည့် ဆိုင်ကယ်ကို လုယူခဲ့ရာ မရရှိခဲ့ဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးခဲ့ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခဲ့သော်လည်း ကျည်ထွက်ခဲ့ခြင်း မရှိဘဲ အနီးဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းကြောင့် တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါရပ်ကွက်မှ မျက်မြင်တွေ့ခဲ့သူကိုကျော်စိုးမင်းက ဆိုသည်။

သေနတ်ဖြင့် ပစ်ခံရသူ နှစ်ဦးအနက် အမျိုးသမီးမှာမူ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရပြီး အမျိုးသားမှာမူ ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း၊ ဖမ်းမိတရားခံကို အောင်ပင်လယ်ရဲစခန်းတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Most Read

Most Recent