အီရန်သမ္မတ ဟက်ဆန်ရူဟာနီ သမ္မတ တာဝန်ရယူပြီးနောက် ငါးနှစ်တာကာလအ တွင်း သူ၏ ခေါင်းဆောင်မှုအောက်၌ ဖြစ်ပွားခဲ့သည့် အီရန်နိုင်ငံ၏ အဓိက အဖြစ်အပျက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
■ အပြောင်းအလဲကို ကတိပေးခြင်း
ဟက်ဆန်ရူဟာနီသည် အလယ်အလတ် သဘောထားကို ကိုင်စွဲကာ ရွေးကောက်ပွဲတွင် မဲ ၅၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး နောက် ၂၀၁၃ ခုနှစ် သြဂုတ် ၃ ရက်တွင် သမ္မတရာထူးကို ရယူခဲ့သည်။
သူသည် အနောက်တိုင်းနှင့် အပြန်အလှန် ဆွေးနွေးမှုကို မြှင့်တင်ပါမည်ဟု ကတိပြုခဲ့ပြီး အီရန်နိုင်ငံ၏ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်၍ မမျှမတ ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးစေရန် စွမ်းဆောင်ခဲ့သည်။
ရူဟာနီသည် သူ၏ ရှေ့မှ သဘောထားတင်းမာသူ မာမွတ်အာမက်ဒီနီဂျက်ထံမှ သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး အာမက်ဒီနီဂျက်သည် သမ္မတတာဝန်ကို ရှစ်နှစ်ကြာ ထမ်းဆောင်ခဲ့ရာတွင် ပြည်ပအင်အားကြီးနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့မှုများ၌ ထင်ရှားသည်။
ရူဟာနီသည် သြဂုတ် ၄ ရက်တွင် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် အနောက်တိုင်းနိုင်ငံများအတွက် အီရန်နိုင်ငံနှင့် ဆက်ဆံရန် တစ်ခုတည်းသော နည်းလမ်းမှာ တန်းတူညီမျှသော ရပ်တည်ချက်တစ်ရပ်အပေါ်၌ သာဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
■ သမိုင်းဝင် ဖုန်းခေါ်ဆိုမှု
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အီရန်သမ္မတသည် နယူးယောက်မြို့ ကုလသမဂ္ဂ၌ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။
သုံးရက်အကြာ စက်တင်ဘာ ၂၇ ရက် တွင် ရူဟာနီသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဖုန်းမှတစ်ဆင့် စကား ပြောကြားခဲ့သည်။
ယင်းသည် ၁၉၇၉ ခုနှစ် နောက်ပိုင်း အီရန်နှင့် အမေရိကန် ခေါင်းဆောင်တို့အကြား ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ဆက်သွယ်သည့် သမိုင်းဝင် စကားပြောဆိုမှုဖြစ်ခဲ့သည်။
■ နျူကလီးယားသဘောတူညီချက်
၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် အီရန် နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက်တစ်ရပ် ချုပ်ဆိုကာ သမိုင်းမှတ်တိုင် စိုက်ထူခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ပြင် သစ်၊ ဂျာမနီ၊ ဗြိတိန်တို့နှင့် သဘောတူညီချက်သည် ၂၁ လကြာ စေ့စပ်ညှိနှိုင်းမှုများပြီးနောက် ၁၃ နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့သည်။
ယင်းသဘောတူညီချက်အောက်၌ အီရန်က သူ၏ နျူကလီးယားစီမံကိန်းကို ကန့်သတ်ရန် သဘောတူခဲ့ပြီး အပြန်အလှန်အနေဖြင့် အနောက်တိုင်းနိုင်ငံများက အီရန်နိုင်ငံ၏ စီးပွားရေးကို ချည့်နဲ့စေသော ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးခဲ့သည်။
ယင်းသဘောတူညီချက်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်၌ စတင်သက်ဝင်ခဲ့သည်။
■ ဆီးရီးယားစစ်ပွဲ
၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က ၎င်းတို့အား အီရန်က စစ်ရေးနှင့် စီးပွားရေး ထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း အသိပေးခဲ့သည်။
အီရန်သည် ရုရှားကဲ့သို့ပင် ၂၀၁၁ ခု နှစ်တွင် စတင်ဖြစ်ပွားသော ဆီးရီးယား ပဋိပက္ခအတွင်း အာဆတ်အစိုးရ၏ အဓိက မဟာမိတ်ဖြစ်သည်။
သို့သော် ရုရှားနှင့်မတူဘဲ အီရန်က ၎င်းတို့က ဆီးရီးယားကို ပရော်ဖက်ရှင်နယ် စစ်သားများ စေလွှတ်ခဲ့သည်ဆိုခြင်းအား ငြင်းဆိုခဲ့သည်။
ယင်းအစား အီရန်သည် စစ်ဘက်ဆိုင်ရာ အကြံပေးများနှင့် စေတနာ့ဝန်ထမ်းများ နှင့် ဖွဲ့စည်းထားသော အပျော်တမ်းတပ်များကိုသာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ ဆော်ဒီအာရေဗျနှင့် လမ်းခွဲခြင်း
၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဆော်ဒီ အာရေဗျသည် အီရန်နှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည်။
ဆော်ဒီအာရေဗျက ထင်ရှားသော ရှီအိုက်ဗလီဆရာတစ်ဦးကို ကွပ်မျက်ခဲ့ပြီးနောက် အီရန်ရှိ ဆော်ဒီသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့ တိုက်ခိုက်ခံရခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျက အီရန်နိုင်ငံအား အာရပ်နိုင်ငံများ၏ ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်ပြီး ဒေသတွင်း ပဋိပက္ခများဖြစ်ပွားအောင် မီးမွှေးပေးနေသည်ဟု စွပ်စွဲခဲ့သည်။
■ ရူဟာနီ ပြန်လည်ရွေးကောက်တင်မြှောက် ခံရခြင်း
၂၀၁၇ ခုနှစ် မေ ၁၉ ရက်တွင် ရူဟာနီသည် မဲ ၅၇ ရာခိုင်နှုန်းဖြင့် ဒုတိယမြောက် လေးနှစ်သက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ရူဟာနီအား ပြုပြင်ပြောင်းလဲရေးသမားများနှင့် အီရန်လူငယ်များက ထောက်ခံခဲ့ကြခြင်းဖြစ်သည်။ သို့သော် ရူဟာနီသည် လူမှုရေးနှင့် စီးပွားရေးကိစ္စများနှင့်ပတ်သက်၍ မဲဆွယ်ကတိများ မတည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် အီရန်နိုင်ငံ၏ ဒုတိယမြို့တော် မာရှက်တွင် ရာနှင့်ချီသော လူများ ပါဝင်သည့် ဆန္ဒပြပွဲကြီးများဖြစ်ပေါ်ခဲ့ပြီး အခြားမြို့ကြီးများတွင်လည်း ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ကုန်ဈေးနှုန်း မြင့်မားခြင်းနှင့် အလုပ်လက်မဲ့ များပြားခြင်းတို့ အတွက် အစိုးရတို့အား ဆန့်ကျင်ကာ ဆန္ဒပြ ကြခြင်း ဖြစ်သည်။
မငြိမ်မသက်မှုများသည် ဒါဇင်နှင့်ချီသော မြို့ကြီးမြို့ငယ်များဆီသို့ ပျံ့နှံ့သွားခဲ့ပြီး အကြမ်းဖက်မှုအသွင်ပြောင်းသွားကာ လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
■ ထရန့်က နျူကလီးယားသဘောတူညီချက် မှ နုတ်ထွက်
၂၀၁၈ ခုနှစ် မေ ၈ ရက်တွင် အိုဘားမားကို ဆက်ခံသူ ဒေါ်နယ်ထရန့်က အမေရိကန် ပြည်ထောင်စုသည် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်မှနေ၍ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရသည် အီရန်နိုင်ငံအပြင် အီရန်နိုင်ငံနှင့် အလုပ်လုပ်နေသော ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မည်ဟု ကြေညာခဲ့သည်။
ဇူလိုင် ၂၂ ရက်တွင် ရူဟာနီက အီရန်နှင့် ပဋိပက္ခဖြစ်ခြင်းသည် စစ်ပွဲအားလုံး၏ မိခင်ကြီး ဖြစ်လာစေလိမ့်မည်ဟု ပြောကြားလျက် “ခြင်္သေ့အမြီးနှင့် မကစားရန်” အမေရိကန် ကို သတိပေးခဲ့သည်။
ထရန့်က ရူဟာနီအား အမေရိကန်ကို မခြိမ်းခြောက်ရန် ပြောကြားလျက် Twitter ၌ အင်္ဂလိပ်စာလုံး အကြီးများဖြင့်သာ ရေးသားလျက် တုံ့ပြန်ခဲ့သည်။
“ဒီလိုမှမဟုတ်ရင် အရင်က သမိုင်းတစ်လျှောက် ခံစားခဲ့ရဖူးတဲ့ နည်းနည်းကလေးတွေလိုမျိုး မင်း အကျိုးဆက်တွေကို ခံစားရလိမ့်မယ်” ဟု ထရန့်က ရေးသားခဲ့သည်။
■ နောက်ထပ်ဆန္ဒပြမှုများ
သြဂုတ် ၃ ရက်တွင် အီရန်နိုင်ငံသား ဆန္ဒပြသူများသည် တီဟီရန်မြို့အနီး ဒေသတစ်ခုရှိ ဘာသာရေးကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ကြသည်။
အမေရိကန်၏ ပိတ်ဆို့မှုများ နီးကပ်လာသည့်အချိန်၌ ဆိုးရွားလာသည့် စီးပွားရေးအပေါ် ဒေါသထွက်မှုများကို ဖော်ပြလျက် အီရန်နိုင်ငံ၏ အဓိကမြို့ကြီးများ၌ ဖြစ်ပေါ်သည့် ရက်ချီလျက်ကြာသည့် ဆန္ဒပြပွဲများသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စိုးရိမ်သော အီရန်နိုင်ငံသားများ၏ အသံကို ပြသခဲ့သည်။
■ အမေရိကန်၏ ပိတ်ဆို့မှုများ
ဇူလိုင် ၃၁ ရက်တွင် အီရန်နိုင်ငံအပေါ် အမေရိကန်ပိတ်ဆို့မှုများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာလျက် အီရန်နိုင်ငံအပေါ် အမေရိကန်၏ သဘောထားတင်းမာမှုကို ဖော်ပြခဲ့သည်။
အီရန်ငွေကြေးသည် ပြိုဆင်းလျက်ရှိပြီး နဂိုကတည်းက စီးပွားရေးအကြီးအကျယ် ကျဆင်းမှုကို ရင်ဆိုင်နေရပြီးဖြစ်သောကြောင့် အီရန်နိုင်ငံသားများက အမေရိကန်နှင့် ပဋိပက္ခနောက်တစ်ဆင့်၌ မည်သည့်အ ရာများ ပေါ်ထွက်လာမည်ကိုလည်းကောင်း၊ အီရန်နိုင်ငံအပေါ် အမေရိကန်၏ ရေရှည် မဟာဗျူဟာ အတိအကျကိုလည်းကောင်း သိလိုလာကြသည်။
မည်သည့်အရာများဆီသို့ ဦးတည်နေသည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ပွားနိုင် ခြေ ပိုမိုမြင့်တက်လာဖွယ်ရှိသလားဟူသည်ကိုလည်းကောင်း ရေရေရာရာ သိရှိရခြင်းမရှိသေးသော်လည်း အမေရိကန်သည် အီရန်အပေါ် သံတမန်ရေးနှင့် စီးပွားရေးဖိအားများ ဖြစ်နိုင်သမျှ အများဆုံးပေးရန် ဆုံးဖြတ်ထားပုံရသည်။