ဇူလိုင် ၁၁ ရက်တွင် ပြုလုပ်မည့် ၂၁ ရာစုပင်လုံ တတိယအစည်းဝေးသို့ “ဝ” အဖွဲ့ဦးဆောင်သော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်

ဇူလိုင် ၁၁ ရက်တွင် ပြုလုပ်မည့် ၂၁ ရာစုပင်လုံ တတိယအစည်းဝေးသို့ “ဝ” အဖွဲ့ဦးဆောင်သော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်
Published 11 July 2018

ခေတ္တတည်းခိုမည့် ဟိုတယ်သို့ ရောက်ရှိလာသည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) မှ ဗိုလ်ချုပ်ဂွန်မော်အား ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ကြိုဆိုနေစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်၌ နေပြည်တော်ရှိ MICC-2 တွင် စတင်ကျင်းပမည်ဖြစ်ပြီး ညီလာခံကို ဇူလိုင် ၁၆ ရက်အထိ ခြောက်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ညီလာခံသို့ တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် နေပြည်တော်သို့ ရောက်ရှိကြောင်း သိရသည်။

ညီလာခံသို့ တက်ရောက်ခြင်းနှင့် ပတ်သက်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) မှ ဗိုလ်ချုပ်ဂွန်မော်က “မျှော်လင့်ချက်တွေနဲ့ လာတာပါ။ အားလုံးကို မက်ဆေ့ချ်ပေးချင်ပါတယ်။ (ညီလာခံသို့ ခေါင်းဆောင် အနည်းငယ်ပိုင်းများသာ တက်ရောက်ရန် သတင်းထွက်ပေါ်မှုအပေါ်) မဟုတ်ပါဘူး။ ကျွန်တော်တို့ FPNCC အစည်းအဝေးတွေ မလုပ်ရသေးတော့ ကိုယ်စားလှယ်တွေ မရွေးရသေးလို့ပါ။ အဲဒီနောက်ပိုင်း အစည်းအဝေးအပြီး ကိုယ်စားလှယ်ရွေးပြီးမှ လာခဲ့တာ ဖြစ်ပါတယ်” ဟု ခေတ္တတည်းခိုမည့် ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဂွန်မော်က တရုတ်နိုင်ငံအနေဖြင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းဝေးမှ စတင်ကာ မြောက်ပိုင်း မဟာမိတ် အဖွဲ့များအား လုံခြုံရေး တာဝန်ယူကာ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်းနှင့် ညီလာခံသို့ တက်ရောက်ခြင်းမှာလည်း တရုတ်နိုင်ငံ၏ ဖိအားကြောင့် မဟုတ်ကြောင်း ပြောကြားသည်။

“ဘယ်လိုမျှော်လင့် ထားသလဲဆိုတော့ အဓိကတော့ ဒီပွဲမှာတော့ ဆွေးနွေးမှုအဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တို့ အဆက်ပြတ်နေတဲ့ ကျွန်တော်တို့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပိုင်း ပိုအဓိက ကျမယ်လို့ မြင်ပါတယ်။ တိုက်ပွဲတွေ လျော့သွားမယ်လို့ မျှော်လင့်ပါတယ်။ (ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်) ဆွေးနွေးပွဲအပေါ်တော့ ဆွေးနွေးမှပဲ သိမှာပါ” ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

ထို့အတူ အစိုးရနှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား အဓိက ညှိနှိုင်းဆောင်ရွက် ပေးနေသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်သည်လည်း ညီလာခံ တက်ရောက်ရန် ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်သို့ ရောက်ရှိကြောင်း သိရသည်။

အစိုးရ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်) အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ကိုယ်စားလှယ်များဖြင့် အချိုးကျ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ဇူလိုင် ၉ ရက်က ကျင်းပသည့် အစည်းအဝေး၌ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် ဆွေးနွေးမည့် အချက် ၁၂ ချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

“နိုင်ငံရေးကဏ္ဍမှာ ခုနစ်ချက်တင်တယ်။ နှစ်ချက်သဘောတူတယ်။ စီးပွားရေးကဏ္ဍမှာ ၁၁ ချက်တင်တယ်။ တစ်ချက် သဘောတူတယ်။ မြေယာကဏ္ဍမှာ ငါးချက်တင်တယ်။ နှစ်ချက်သဘောတူတယ်။ လူမှုရေးကဏ္ဍမှာ ကိုးချက်တင်တယ်။ ခုနစ်ချက် သဘောတူတယ်။ သို့သော် ဒီဟာကို အစုအဖွဲ့ တချို့ထဲမှာ ပြန်ဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးပြီးရင် အတွင်းရေးမှူးများ အဖွဲ့မှာ ပြန်ပြီးတော့ သဘောတူကြောင်း ပြန်လာနိုင်တာက စီးပွားရေးကဏ္ဍ နောက်ထပ် နှစ်ချက်သုံးချက်လောက် ပြန်လာနိုင်တယ်။ လူမှုရေးကဏ္ဍက တစ်ချက်လောက် ပြန်လာနိုင်တယ်။ နိုင်ငံရေးကဏ္ဍမှာ နှစ်ချက်လောက် ပြန်လာနိုင်တယ်။ နိုင်ငံရေးကဏ္ဍက နှစ်ချက်ရသော်လည်း ညီလာခံ မတိုင်ခင် ထပ်တိုးလာနိုင်တယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

သို့ရာတွင် လုံခြုံရေးကဏ္ဍကို ယခုအစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုရန် ယခင်ကြိုတင်ညှိနှိုင်း အစည်းအဝေးများတွင်ပင် သဘောတူညီချက် ရယူထားသည်။

ထို့ပြင် ညီလာခံတွင် တက်ရောက်မည့် ကိုယ်စားလှယ် ၇၀၀ ၏ သဘောတူဆုံးဖြတ်ချက် မူကြမ်းအား အစိုးရဘက်မှ UPDJC အစည်းအဝေးတွင် အဆိုပြုချက် တင်ပြခဲ့ရာ နိုင်ငံရေးပါတီ အစုအဖွဲ့ဘက်မှ ထောက်ခံချက် ရရှိခဲ့ကြောင်း သိရသည်။

“ညီလာခံမှာ တက်ရောက်တဲ့ ကိုယ်စားလှယ် ၇၀၀ ရဲ့ သဘောတူ ဆုံးဖြတ်ချက်မူကြမ်း ကျွန်တော်တို့ အစိုးရဘက်က အဆိုပြုထားတယ်။ အဲဒီအဆိုပြုချက်ကို တင်တယ်။ တင်တဲ့အပေါ်မှာ နိုင်ငံရေးပါတီဘက်က ထောက်ခံတယ်။ EAO ဘက်တော့က PPST ကိုခွင့်ပြုချက် လိုတဲ့အတွက် PPST ကို ပြန်သယ်သွားမယ်။ ပြန်သယ်သွားလို့ ခွင့်ပြုတယ်ဆိုရင် ညီလာခံရဲ့ ထုတ်ပြန်ကြေညာချက်အဖြစ် ညီလာခံ ကိုယ်စားလှယ်တွေရဲ့ သဘောတူဆုံးဖြတ်ချက် ကျွန်တော်တို့ထုတ်မယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ၂၀၁၈ ခုနှစ် လက်ကျန်ကာလအတွင်း ညီလာခံတစ်ကြိမ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ညီလာခံနှစ်ကြိမ် ပြုလုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ညီလာခံသုံးကြိမ် ကျင်းပပြီးပါက ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကို ဖောင်ဒေးရှင်း ချမှတ်နိုင်ရန် ဆောင်ရွက်သွား မည်ဟုလည်း ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

၂၀၁၇ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်း အဝေးတွင် ဆွေးနွေးရန် UPDJC မှ တင်သွင်းခဲ့သည့်အချက် ၄၅ ချက်ရှိခဲ့ပြီး အဆိုပါ ၄၅ ချက်အနက် အချက်ပေါင်း ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းတွင် ထည့်သွင်းချုပ်ဆို နိုင်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။

 

Most Read

Most Recent