ရှစ်လေးလုံးပြည်သူ့ပါတီ အမည်သုံးစွဲခြင်းအပေါ် လူ ၅၀၀ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်ကန့်ကွက်ထားသူများ ရှင်းလင်း

ရှစ်လေးလုံးပြည်သူ့ပါတီ အမည်သုံးစွဲခြင်းအပေါ် လူ ၅၀၀ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်ကန့်ကွက်ထားသူများ ရှင်းလင်း
Published 20 May 2018

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် မေ ၁၉ ရက်က ကန့်ကွက်သူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ရှစ်လေးလုံးပြည်သူ့ပါတီ အမည်သုံးစွဲခြင်းအပေါ် လူ ၅၀၀ လက်မှတ်ထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာ ပေးပို့ထားခြင်းနှင့်ပတ်သက်ပြီး ဦးဆောင်ကန့်ကွက်ထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံတကာရောက် (၈၈) မျိုးဆက် ပြည်သူ့အင်အားစုတို့က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် မေ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

ရှစ်လေးလုံးပြည်သူ့ပါတီ အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ကန့်ကွက်လိုပါက ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံဟာ ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်ပါတယ်။ တစ်ဦးတစ်ဖွဲ့တည်းဆိုင်တဲ့ဥစ္စာ မဟုတ်ပါဘူး။ နိုင်ငံရေးဂုဏ်ရည် အပြည့်ရှိပါတယ်။ အဲဒီဂုဏ်ရည်အပြည့်ရှိတဲ့ ၈၈၈၈ သို့မဟုတ် ရှစ်လေးလုံးကို လိုသလိုဆွဲသုံးလိုက်ရင် ပါတီတစ်ပါတီ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၊ ကွန်ရက်တစ်ခု၊ သမဂ္ဂတစ်ခု လူပုဂ္ဂိုလ်တစ်ယောက်သည် သုံးစွဲပိုင်ခွင့် ရှိမယ်မထင်တဲ့အတွက်ကြောင့် ကျွန်တော်တို့က အလေးအနက် ကန့်ကွက်တာဖြစ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆောင်ဦးက ပြောကြားသည်။

လယ်သမားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂနှင့် စသည့်ကွန်ရက်များမှ လူဦးရေ ၅၀၀ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေ ၁၁ ရက်တွင် စာပို့ပေးထားကြောင်း ဦးချစ်ဆောင်ဦးက ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအမည် သုံးစွဲခြင်းအပေါ် ကန့်ကွက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာရောက် (၈၈) မျိုးဆက်ပြည်သူ့အင်အားစုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မေ ၂၁ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ပါတီအမည်သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ခြင်းအပေါ် “အထူးအထွေတော့ ပြောစရာမရှိဘူးပေါ့နော်။ ကျွန်တော်တို့ ရပ်တည်ချက်ကို ရှင်းလင်းပြီးသားဖြစ်တယ်။ ဒီဟာကတော့ သူတို့သဘောထား သူတို့ပြောတာပဲဖြစ်တယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီနာမည်ကိုရွေးတယ်၊ ဘယ်လိုခံယူချက်နဲ့လုပ်တယ်ဆိုတာ ရှင်းထားပြီးသားဆိုတော့ အထူးအထွေ ထပ်ရှင်းစရာမရှိပါဘူးပေါ့။ ကျွန်တော်တို့က ကော်မရှင်ကနေပြီးတော့ တရားဝင်အကြောင်းကြားတဲ့အပေါ်မှာ မူတည်ပြီးတော့ စောင့်နေပါတယ်။ လူတစ်ဦးတစ်ဖွဲ့ချင်း ပြောတာကတော့ ဘာမှအထွေအထူး ပြောစရာမရှိပါဘူး။ သူတို့အခွင့်အရေးပါပဲ” ဟု ရှစ်လေးလုံးပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောကြားသည်။

ဦးကိုကိုကြီးအပါအဝင် ပါတီတည်ထောင်လိုသူများက နိုင်ငံရေးပါတီတစ်ရပ်အား ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီမှတ်ပုံတင်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် လျှောက်ထားခဲ့သည်။

ထိုသို့ ရှစ်လေးလုံးပါတီအမည် အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့် ဦးကိုကိုကြီးဦးဆောင်သော ပါတီတည်ထောင်လိုသူများသည် ၂၀၁၈ ခုနှစ် မတ် ၂၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံဆွေးနွေးရာတွင် ကော်မရှင်အနေဖြင့် ပါတီအမည်အား အသုံးပြုခြင်းမပြုရန် ပြောဆိုခြင်းမပြုသော်လည်း ပါတီအမည်အပေါ် ကန့်ကွက်မှုနှင့် အငြင်းပွားမှုများ ဖြစ်နိုင်မည်လားဆိုသည့် အချက်ပေါ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပါတီအမည်အား ‘ရှစ်လေးလုံးပြည်သူ့ပါတီ’ ဟု အမည်ပြောင်းလဲ၍ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး အဆိုပါအမည်ဖြင့် ဧပြီ ၂၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိပြီးနောက် ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။