အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံသို့ လျှပ်စစ် ရောင်းချလိုကြောင်း ကမ်းလှမ်းမှုများအပေါ် ဆွေးနွေးနေ

အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံသို့ လျှပ်စစ် ရောင်းချလိုကြောင်း ကမ်းလှမ်းမှုများအပေါ် ဆွေးနွေးနေ
Published 10 August 2017

ဧရာဝတီတိုင်းအတွင်းရှိ ရေနက်ပိုင်းကမ်းလွန်လုပ်ကွက် A-6 ရှိ အကဲဖြတ်တွင်း ပြည်သစ် (၁) တူးဖော်မှုလုပ်ငန်းခွင်ကို တွေ့ရစဉ် (Photo: MPRL E&P Pte.Ltd Facebook)

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသည့် မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများ က လျှပ်စစ်ရောင်းချလိုကြောင်း ကမ်းလှမ်းမှုများအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အဆိုပါဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

သြဂုတ် ၁၀ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း စသည့်နိုင်ငံများမှ ၎င်းတို့နိုင်ငံတွင် ပိုလျှံနေသော လျှပ်စစ်ဓာတ်အားများကို ရောင်းချလိုခြင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စီမံကိန်းများ ဖော်ဆောင်လျက်ရှိသည့်အတွက် မည်သို့ လုပ်ဆောင်သင့်သည်ကို ဆွေးနွေးဆဲသာဖြစ်ကြောင်း သိရသည်။

“သူတို့ပြောတဲ့ ဈေးနှုန်းတွေနဲ့ ကျွန်တော်တို့ဆီက လိုအပ်ချက်ကို အခြေခံပြီး အဓိက က ကျွန်တော်တို့နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့၊ ကျွန်တေ်ာတို့နိုင်ငံမှာ ရှိနေတဲ့ သွင်းအားစုတွေနဲ့၊ နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ ပြင်ပနိုင်ငံက ရောင်းတဲ့ဆိုတာက အိုင်ဗွီပီစနစ်နဲ့ ရောင်းမယ်၊ တခြားသော နည်းလမ်းတွေနဲ့ ရောင်းမယ်ဆိုရင် ကျွန်တော်တို့က ဈေးကြီးပေး ဝယ်ရမယ်၊ ဈေးကြီးပေးဝယ်ရင် အရှုံးတွေပေါ်မယ်၊ ဒါတွေကို အခြေခံပြီး ဆွေးနွေးနေတုန်း ရှိသေးတယ်၊ သူတို့ဆီကဝယ်ဖို့ မဝယ်ဖို့ဆိုတာ ဘာမှ မလုပ်သေးပါဘူး”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထားအရ မိုးရာသီနှင့် ဆောင်းရာသီတွင် ဓာတ်အားပိုလျှံပြီး နွေရာသီတွင်သာ ဓာတ်အားလိုအပ်ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်၊ ဂက်စ်တာဘိုင်တို့အပြင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဖြင့်လည်း လျှပ်စစ်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၃၅၀၀ ခန့်ရှိပြီး အဆိုပါ သုံးစွဲမှု၏ ထက်ဝက်ခန့်ကို ရန်ကုန်တိုင်းဒေသကြီးမှ သုံးစွဲလျက်ရှိကြောင်း၊ နှစ်စဉ် ပိုမိုလိုအပ်လာမည့် ဓာတ်အားအတွက်လည်း ငါးနှစ်စာ စီမံကိန်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent