မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှ ဒေသခံပြည်သူအချို့ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ရာသီတုပ်ကွေး A(H1N1) ကာကွယ်ဆေး သွားရောက်ထိုးသူ များပြားခဲ့သလို အလှူရှင်များက အပြည်ပြည်ဆိုင်ရာ ဆေးရုံမှမှာယူပြီး မြဝတီမြို့တွင် ကာကွယ်ဆေးထိုးပေးနေ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှ ဒေသခံပြည်သူအချို့ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ရာသီတုပ်ကွေး A(H1N1) ကာကွယ်ဆေး သွားရောက်ထိုးသူ များပြားခဲ့သလို အလှူရှင်များက အပြည်ပြည်ဆိုင်ရာ ဆေးရုံမှမှာယူပြီး မြဝတီမြို့တွင် ကာကွယ်ဆေးထိုးပေးနေ
Published 8 August 2017


မူလွန်မဲ့ပလဲ့ကျောင်းမှ ဆရာ၊ ဆရာမများအား ကာကွယ်ဆေးထိုးပေးနေစဉ်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှ ဒေသခံပြည်သူအချို့ ထိုင်းနိုင်ငံမဲဆောက်ဘက်သို့ရာ သီတုပ်ကွေး A(H1N1) ကာကွယ်ဆေး သွားရောက်ထိုးသူ များပြားခဲ့သလို အလှူရှင်များက အပြည်ပြည်ဆိုင်ရာ ဆေးရုံမှမှာယူပြီး မြဝတီမြို့တွင် သြဂုတ် ၇ ရက်က ကာကွယ်ဆေးထိုးပေးမှုများရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ် တပ်နယ် ၃ မှ ဗိုလ်မှူးနိုင်မောင်ဇော်က လှူဒါန်းသော H1N1 ရာသီတုပ်ကွေးကာကွယ်ဆေး အလုံး (၁၅၀) ကို ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး၏ လမ်းညွှန်မှုနှင့်အညီ ကျန်းမာရေးဆရာ၊ ဆရာမများက ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

ထို့အတူ အလှူရှင်များ ထပ်မံပေါ်ပေါက်၍ ကာကွယ်ဆေးများ ထပ်မံရရှိလာမည်ဆိုလျှင် ပြည်သူများအား ထိုးပေးသွားမည်ဖြစ်ပြီ၊ အလှူရှင်ရှိသည်ဖြစ်စေ မိမိအစီအစဉ်နှင့်ဖြစ်စေ မြဝတီမြို့တွင် နေထိုင်သူများ အနေဖြင့် ကာကွယ်ဆေးထိုးသင့်ကြောင်း ကာကွယ်ဆေးထိုးရာတွင် ပါဝင်ခဲ့သူ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအသင်း (မြဝတီ) မှ ဒေါက်တာ ကိုကိုအောင်က ပြောကြားသည်။

မြဝတီမြို့အနီး သောင်ရင်းတစ်ဖက်ကမ်းရှိ မဲဆောက်မြို့နေသူများမှာ နှစ်စဉ် ဧပြီ၊ မေလတို့တွင် ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေးများ ထိုးလေ့ရှိကြောင်း မဲဆောက်မြို့၌နေထိုင်သူ ကိုကြီးမန်းက ဆိုသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (တပ်နယ် ၃) မှ ဗိုလ်မှူးခင်မောင်ဝင်း၊ မူလွန်မဲ့ပလဲ့ ကျောင်းမှ ဆရာစိုင်းမောင်ထွေးတို့သည် ဒေါက်တာကိုကိုအောင်နှင့်အတူ မူလွန်မဲ့ပလဲ့ကျောင်းရှိ ဆရာ/မများကိုလည်းကောင်း၊ ဦးခွန်ချစ်စံ ဦးဆောင်သော မဲ့ပလဲ့ကျေးလက် ကျန်းမာရေးဌာနဝန်ထမ်းများကိုလည်းကောင်း၊ စာသင်ကျောင်းရှိ ဆရာ/မများကိုလည်းကောင်း၊ ဦးစောဖိုးထူးဦးဆောင်သော ဝှေ့ရှမ်းကျေးလက် ကျန်းမာရေးဌာနဝန်ထမ်းများကိုလည်းကောင်း၊ ဆရာမကြီး ဒေါ်စန်းစန်းနွယ် ဦးဆောင်သော ဝှေ့ရှမ်းအထက (ခွဲ) ကျောင်းနှင့်ဝန်းကျင်ရှိ ဆရာ/မများကိုလည်းကောင်း၊ ဦးဇေယျာစိုး (တာဝန်ခံ) ဦးဆောင်သော သင်္ဃန်းညီနောင်ကျောင်းရှိ ဆရာ/မများကိုလည်းကောင်း၊ ဒေါ်တင်တင်ထွေး ဦးဆောင်သော သင်္ဃန်းညီနောင်ရှိ ကျန်းမာရေးဌာနဝန်ထမ်းများကိုလည်းကောင်း၊ သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာ ဗိုလ်ကြီးသန့်ဇင်ထူး ဦးဆောင်သော အရာရှိတို့ကိုလည်းကောင်း H1N1 ရာသီတုပ်ကွေး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် စာသင်ကျောင်းများရှိ ကလေးများအတွက် Hand Sanitizer များ၊ နှာစေးချောင်းဆိုးလျှင် အသုံးပြုနိုင်သည့် တစ်ခါသုံး Tissue များနှင့် Mask များပါ ပေးအပ်လှူဒါန်းမှုများ ပြုခဲ့ကြသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ ဆေးရုံတွင် ကြိုတင်စာရင်းပေးငွေသွင်းပြီး H1N1 ကာကွယ်ဆေးကိုလည်း မြဝတီမြို့နေသူများ နေ့စဉ်ရာနှင့်ချီ၍ သွားရောက်ထိုးနှံလျက်ရှိသည်။

Writer : ရွှေသိန်း (မြဝတီ)

Most Read

Most Recent