မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်နိုင်ဟု သတင်းများ ထွက်ရှိခဲ့သည့် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ကို စိုက်ဝင်နေသည့် နေရာအား ပြည်တွင်းပြည်ပ ပညာရှင်များ ယခုလအတွင်း စတင်လေ့လာမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်နိုင်ဟု သတင်းများ ထွက်ရှိခဲ့သည့် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ကို စိုက်ဝင်နေသည့် နေရာအား ပြည်တွင်းပြည်ပ ပညာရှင်များ ယခုလအတွင်း စတင်လေ့လာမည်
Published 3 November 2017

နိုဗိုတယ် ရန်ကုန်မက်စ် ဟိုတယ်တွင် ပြုလုပ်ခဲ့သော MAESA 2017 ကွန်ဖရင့်ကို တွေ့ရစဉ်

လွန်ခဲ့သည့် တစ်နှစ်ခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အင်အားပြင်းငလျင် လှုပ်ခတ်နိုင်သည်ဟု သတင်းများ ထွက်ရှိခဲ့သည့် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ကို စိုက်ဝင်နေသည့် နေရာကို ပြည်တွင်းနှင့် ပြည်ပပညာရှင်များ ယခုလအတွင်း စတင်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သော MAESA 2017 ကွန်ဖရင့်တွင် ပြောကြားသည်။

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က မက်ဂါထရပ်စ်ဆိုတဲ့ အဖွဲ့ပေါ့။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပြင်းအားအဆင့် ၉ ပတ်ချာလည်လောက် လှုပ်နိုင်တယ်ဆိုတဲ့ သုတေသန ပညာရှင်နဲ့ ပေါင်းပြီးတော့ သုတေသန ရှိလာတာပေါ့” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ထိုကဲ့သို့ လေ့လာရာတွင် ပြည်တွင်းမှ ဘူမိသိပ္ပံအသင်း၊ ငလျင်ကော်မတီ၊ ရန်ကုန်တက္ကသိုလ်၊ ပြည်ပမှ ကိုလံဘီယာ တက္ကသိုလ် ပူးပေါင်းအဖွဲ့၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဘူမိပညာရှင်တို့ ပါဝင်မည်ဖြစ်ပြီး အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ကို လေ့လာမည်ဖြစ်ကြောင်း သိရသည်။

“အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ကို စိုက်ဝင်နေတာကို။ မြေထုချပ်တွေ တစ်လျှောက်မှာ ပါဝင်နေတဲ့ နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ် ပါတယ်။ အိန္ဒိယ ပါတယ်။ မြန်မာ ပါတယ်။ အဲဒီသုံးခုကို လေ့လာကြမှာ။ ဂျီပီအက်စ်တွေကို ဘင်္ဂလားဒေ့ရှ်မှာ တပ်ပြီးတော့ လေ့လာထားတယ်။ အိန္ဒိယဘက်မှာလည်း တပ်ပြီးတော့ လေ့လာထားတယ်။ မြန်မာဘက်ကရတဲ့ အချက်အလက်တွေနဲ့ ပေါင်းပြီးတော့ ငလျင်အလားအလာကို လေ့လာမှာပေါ့။ နိုင်ငံသုံးနိုင်ငံပေါင်းပြီး လေ့လာတာက မရှိဖူးဘူး။ နှစ်နိုင်ငံ လေ့လာတာကတော့ ရှိတာပေါ့။ သုံးနိုင်ငံလုပ်တဲ့ ဟာမျိုးက ဒီနှစ်စတာပေါ့။ အခု လောလောဆယ်တော့ ကိုလံဘီယာ တက္ကသိုလ်ကပဲ ပါဦးမှာ။ မြန်မာတွေနဲ့ ပေါင်းဆင်းမှာပေါ့။ မနှစ်က စပြီးတော့ အကောင်အထည် ဖော်တုန်းကတော့ သူတို့ အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ အိန္ဒိယနယ်စပ်တစ်လျောက်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျောက်ကို အဲဒီဘက် Geologist တွေနဲ့ ပေါင်းပြီးတော့ လုပ်ကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြတ်ရွေ့များ အကြောင်းကိုလည်း လေ့လာမည်ဖြစ်ပြီး ပြတ်ရွေ့များကြောင့် ဖြစ်ပေါ်လာသည့် ဘူမိရုပ်သွင်များကိုလည်း လေ့လာမည်ဖြစ်သည်။

“မနှစ်က Funding လျှောက်တယ်။ မရဘူး။ ဒီနှစ်ရတဲ့ အခါကျတော့ ၂၀၁၇ နိုဝင်ဘာလ ဒီကွန်းဖရင့်ပြီးရင် စမယ်။ Field စဆင်းကြတော့မယ်။ နှစ်နှစ်ပရောဂျက်ဖြစ်တယ်။ ဆက်ပြီးတော့ Extent လုပ်မယ် ဆိုရင်လည်း တိုးလို့ရတယ်။ သူက တကယ်တမ်းက ကောင်းတယ်။ ဒီငလျင်ကို နယ်ပယ်ပေါင်းစုံကနေ လေ့လာမယ်။ ပြတ်ရွေ့တွေ အကြောင်းကိုလည်း လေ့လာမယ်။ ပြတ်ရွေ့တွေကြောင့် အပေါ်မှာ ဖြစ်လာတဲ့ ဘူမိရုပ်သွင်ကိုလည်း လေ့လာမယ်” ဟု ၎င်းက ပြောကြားသည်။

၁၇၆၂ ခုနှစ်က အဆိုပါနေရာမှ လှုပ်ခတ်ခဲ့ခြင်းကြောင့် ဆူနာမီ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြင်းအား ၇ ဒသမ ၅ အထက်ခန့် ရှိမည်ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်မြောက် ဒါကာတို့တွင် ပြင်းအား ရှစ်ခန့်အထိ လှုပ်ခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံ၏ မြောက်ဘက် အစွန်ဆုံး ခေါင်းပိုင်းထိပ်ဖျား ဒေသများတွင် ၁၉၅၀ ခန့်က အင်အား ၈ ဒသမ ၆ ခန့် လှုပ်ခတ်ခဲ့ဖူးကြောင်း အထောက်အထားများ တွေ့ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ အနေနှင့် မြေထုချပ်နှစ်ခုတိုက်သည့် ဖြစ်စဉ်ကြောင့် ၁၇၆၂ ဆူနာမီ၊ အင်ဒိုနီးရှား၏ ဆူမားတြားကျွန်းဘက်မှ ရခိုင်ဘက်အထိ ဆူနာမီဖြစ်စဉ် လေးငါးခုခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent