မန္တလေးမြို့ မြို့ပတ်ကမ်းနားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း စီမံကိန်းအတွက် ကမ်းနားလမ်းနံဘေးရှိ ကျူးကျော်တဲများကို ရှင်းလင်း

မန္တလေးမြို့ မြို့ပတ်ကမ်းနားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း စီမံကိန်းအတွက် ကမ်းနားလမ်းနံဘေးရှိ ကျူးကျော်တဲများကို ရှင်းလင်း
Published 30 July 2017

မန္တလေးမြို့ မြို့ပတ်ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ကမ်းနားလမ်းဘေးရှိ ကျူးကျော်တဲများအား ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ရန်ပိုင်)

မန္တလေးမြို့ မြို့ပတ်ကမ်းနားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း စီမံကိန်းအတွက် ချမ်းမြသာစည်မြို့နယ် ဧရာထွန်းရပ်ကွက် အနောက်ဘက် မြို့ပတ်ကမ်းနားလမ်းဘေးရှိ ကျူးကျော်တဲများအား ဇူလိုင် ၃၀ ရက်က ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“၂၇ ရက်နေ့ကတည်းက ကျူးကျော်တွေကို ရှင်းလင်းဖယ်ရှားနေတာပါ။ မြို့ပတ်လမ်းကို ခြောက်လမ်းသွား အဆင့်မြှင့်ဖို့အတွက် ဖယ်ရှားရတာပါ။ ကျူးကျော်နေထိုင်သူတွေကို သုံးရက်ကြိုတင်ပြီး အသိပေးခဲ့ပါတယ်။ မြို့ပတ်လမ်းဘေးရှိတဲ့ ကျူးကျော်တွေကို အကုန်ဖယ်ရှားသွားမှာပါ” ဟု မန္တလေးမြို့တော် စည်ပင်သာယာမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်အထိ ဧရာဝတီမြစ်အနီး မြို့ပတ်ကမ်းနားလမ်း ရွှေလှံဗိုလ်ဘုန်းကြီးကျောင်းမှ ရွှေလှံဗိုလ်ပန်းခြံ အနီးရှိ ကျူးကျော်တဲများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ ဦးထုပ်အပြာ ဆောင်းထားသော လုပ်သားများမှ ဖယ်ရှားရှင်းလင်းပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးရယူ ပေးထားကြောင်း သိရသည်။

“သုံးရက်ရှိပြီ။ သူတို့လာဖျက်နေတာ။ ဒီနေ့မှာ ကျွန်တော့်အိမ် အဖျက်ခံရတယ်။ အသိပေး အကြောင်းကြားစာ၊ နို့တစ်စာတွေ ပို့တာမရှိဘဲ ဒီအတိုင်း ချက်ချင်းဝင်ဖျက်ခံရတာပါ။ ဒီနေရာမှာ နေစရာမရှိလို့ လာနေတာ သုံးနှစ်လောက်ရှိပြီ။ အဲဒီအတွင်းမှာ ဘာမှတားမြစ်တာ မရှိခဲ့ပါဘူး။ တိုက်ခန်းလျှောက်တော့လည်း မရခဲ့ပါဘူး။ မဲစနစ်နဲ့ ချပေးတုန်းကလည်း မရခဲ့ပါဘူး။ ဒီတစ်လျှောက်မှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပါတယ်။ အကုန်လုံး ဖျက်ခိုင်းတယ်။ မဖျက်ရင် သူတို့ကိုယ်တိုင် ဝင်ဖျက်ပါတယ်။ မနေ့ကဆို အိမ်အဖျက်ခံရတဲ့သူတွေ မိုးရွာထဲအိပ်ရတယ်။ ကျွန်တော်တို့အတွက် နေစရာ အစားပြန်ပေးစေချင်ပါတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေလည်းရှိတော့ အများကြီး အခက်အခဲ ရှိပါတယ်” ဟု ရွှေလှံဗိုလ်ပန်းခြံအနီး နေထိုင်သူ အငြိမ်းစား တပ်မတော်သား ကိုမင်းမင်းက ပြောကြားသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမှ မန္တလေးမြို့ပတ် ကမ်းနားလမ်းအား လေးလမ်းသွားလမ်းမမှ ခြောက်လမ်းသွား လမ်းမအဖြစ် ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် အဆင့်မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမှ အမှတ် (၂) ရေဆိုးထုတ်စက်ရုံ အဆင့်မြှင့်တင် လှူဒါန်းပွဲ၌ အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း (MBCCD) ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားထားသည်။

Most Read

Most Recent