တောင်သမန်အင်းစောင်းက မေ့လျော့ခံအမွေအနှစ်

တောင်သမန်အင်းစောင်းက မေ့လျော့ခံအမွေအနှစ်
Published 8 October 2018

လင်းဇင်းကုန်း သုသာန်ဟောင်းအတွင်းမှ အမရပူရခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံများအား တွေ့ရစဉ်

မြန်မာ့ပဒေသရာဇ် အုပ်ချုပ်ရေးစနစ် နောက်ဆုံးဖြစ်ခဲ့တဲ့ မန္တလေးမြို့အနီးဝန်းကျင်ဒေသမှာ ယဉ်ကျေးမှုအမွေအနှစ်များစွာ အခိုင်အမာနဲ့ တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကျောက်ခေတ်ယဉ်ကျေးမှုကာလအတွင်းက ထွန်းကားခဲ့တဲ့အမွေအနှစ်တွေအပါအဝင် ပျူ၊ ပုဂံ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်နဲ့ ကိုလိုနီခေတ်အပါအဝင် ခေတ်အဆက်ဆက် ဖြစ်တည်ရှိခဲ့ကြတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ယနေ့အချိန်အထိ တွေ့ရှိမြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ တူးဖော်သုတေသန ပြုလုပ်မှုတွေကနေ မြန်မာ့သမိုင်းအတွက် အထောက်အထားကောင်းများစွာကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မြင်သာထင်သာရှိနေဆဲဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေကို ဖော်ပြရမယ်ဆိုရင် မန္တလေး အနီးပတ်ဝန်းကျင်က အင်းဝ၊ ပင်းယ၊ မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်စတဲ့ဒေသတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ယနေ့တိုင် အထင်အရှားမြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ထီးနန်း နောက်ဆုံးနန်းစိုက်ခဲ့ရာ အမရပူရနဲ့ မန္တလေးမြို့မှာလည်း ယဉ်ကျေးမှုအမွေအနှစ်များစွာ လက်ညှိုးထိုးမလွဲ တည်ရှိနေဆဲ ဖြစ်ပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေကို ရှေးဟောင်းသုတေသနပညာရှင်၊  မြန်မာမှု ဗိသုကာပညာရှင်နဲ့ သမိုင်းသုတေသီတွေ အပါအဝင် သက်ဆိုင်ရာပညာရှင်များက ရှာဖွေဖော်ထုတ်တူးဖော်သုတေသနပြုလုပ်ပြီး ရှေးလူများနဲ့ နှောင်းလူတို့အတွက် သမိုင်းကွင်း ဆက်ချိတ်ဆက်ပေးထားခဲ့ကြပါတယ်။ သမိုင်းကွင်းဆက်ချိတ်ဆက်ပေးခဲ့တဲ့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်မပျက်၊ မထိခိုက်စေဖို့ ဘယ်လောက်အထိ ထိန်းသိမ်းထားနိုင်ခဲ့ကြလဲ၊ လက်ရှိမှာ ဘယ်လိုထိန်းသိမ်းထားကြလဲဆိုတာ သုံးသပ်ဆုံး ဖြတ်ကြည့်ရမှာ ဖြစ်ပါတယ်။

တောင်သမန်အင်းအနီးက ပစ်ပယ်ခံ သမိုင်းတစ်စ

အမရပူရမြို့နယ်၊ တောင်သမန်အင်း မြောက်ဘက်မှာတည်ရှိတဲ့ သချုႋင်းဟောင်း တစ်ခုအောက် နှစ်ပေါင်း ၂၀၀ ကျော်ကြာ  တိမ်မြုပ်ပျောက်ကွယ်နေခဲ့တဲ့ အမွေအနှစ်ဟာ တတိယအင်းဝခေတ်ကိုထူထောင်ခဲ့သူ ဆင်ဖြူရှင် မင်းတရားက ယိုးဒယား (ထိုင်း)နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာက ဆက်စပ်ပေါ်လာခဲ့တဲ့အမွေအနှစ်တွေ ဖြစ်ပါတယ်။ အေဒီ ၁၈ ရာစု (ခရစ်နှစ် ၁၇၆၇) မှာ အင်း၀ ဆင်ဖြူရှင်မင်းဟာ အယုဒ္ဓယကို ချီတက်တိုက်ခိုက်ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ စစ်အောင်နိုင်အပြီးမှာ အယုဒ္ဓယမင်းဆက် ၃၄ ဆက်မြောက်ဖြစ်တဲ့ ဥဒုဗ္ဗရဘုရင်ကို သူ့ရဲ့ မင်းဆွေမင်းမျိုးများ၊ လက်မှုပညာသည်များ အပါအဝင် လူဦးရေတစ်သိန်းကျော်ကို မြန်မာပြည်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ မြန်မာပြည်ကို လိုက်ပါလာခဲ့ရတဲ့ အယုဒ္ဓယဘုရင်ဟာ ရဟန်းဝတ်နဲ့လိုက်ပါလာခဲ့တာဖြစ်ပြီး အင်းဝနေပြည်တော်မှာ ကနဦးသီတင်းသုံး နေထိုင်ခဲ့ပါတယ်။ သူနဲ့အတူ မြန်မာပြည်ကို လိုက်ပါလာခဲ့ကြရတဲ့ အနွယ်တော်တွေနဲ့ နန်းတွင်းပရိသတ်တွေကို ဆင်ဖြူရှင်မင်းဟာ အင်းဝ၊ စစ်ကိုင်းနဲ့ အခြားနေရာဒေသ အသီးသီးကို ခွဲခြားနေထိုင်စေခဲ့ပြီး ဘုရင်နဲ့အနွယ် တော်တွေကို ကောင်းမွန်စွာထားရှိခဲ့တယ်လို့ မြန်မာ့သမိုင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်ကို လိုက်ပါလာခဲ့ရတဲ့ အယုဒ္ဓယဘုရင်ဟောင်းဟာ အင်းဝနေပြည်တော်ကနေ အမရပူရကို ဆက်လက်ပြောင်းရွှေ့ သီတင်းသုံးခဲ့ပြီး ဘိုးတော်ဘုရားလက်ထက်မှာ သက်တော်ကြီးရင့်ပြီး ရဟန်းဝတ်နဲ့ ပျံလွန်တော်မူခဲ့ပါတယ်။ အယုဒ္ဓယဘုရင်ဟောင်းဟာ မြန်မာမင်းဆက် လေးဆက်အတွင်းမှာ အင်းဝနေပြည်တော်နဲ့ အမရပူရနေပြည်တော်တို့မှာ နေထိုင်သီတင်းသုံးခဲ့ရပြီး မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၂ နှစ်ကြာ ရဟန်းဝတ်နဲ့နေ ထိုင်သွားခဲ့ပြီး မြန်မာသက္ကရာဇ် ၁၁၆၁ ခုနှစ်မှာ အမရပူရကလင်းဇင်းကုန်း အရပ်မှာရှိတဲ့ ယိုးဒယားကျောင်းတော်အတွင်းမှာ ပျံလွန်တော်မူခဲ့ပါတယ်။ မြန်မာပြည်ကိုလိုက်ပါလာခဲ့ရတဲ့ အယုဒ္ဓယဘုရင် ရဟန်းဝတ်နဲ့ ပျံလွန်တော်မူခဲ့တဲ့အကြောင်းကို ရတနာပုံခေတ်က  ရွှေနန်းလက်သုံးပုရပိုဒ်မှာ အခုလို ဖော်ပြထားတာတွေ့ရပါတယ်။ “ရတနာပူရ တတိယမြို့နန်းတည် ဘေးတော်ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်၊ ယိုးဒယားတိုင်းပြည်ကို တိုက်ခိုက်သိမ်းယူ၍ မင်းနှင့်တကွပြည်ကို ရတော်မူသည်တွင် ရွှေစက်တော်အောံရောံလာသည် နောံ။ ညီတော်ဖြစ်သော ဘေးတော် အမရပူရ မြို့တည်မင်းတရားကြီးလက်ထက် သင်္ကန်းဝတ်နှင့်နေစဉ် အမရပူရမြို့တွင် အနိစ္စရောံ၍။ လ္ဇင်းကုန်းသုသာန် ခမ်းကြီးနားကြီး သြင်္ဂိုဟ်တော်မူသည်။ ယိုးဒယားဘုရင် ကျောံဘွားဧကာဒသ်ပုံ (မူရင်းသတ်ပုံအတိုင်း)”၊ ရတနာပုံခေတ်က ထူးခြားနေ့စဉ်မှတ်တမ်းတွေကို ရေးသွင်းလေ့ရှိတဲ့ ရွှေနန်းလက်သုံးပု ရပိုဒ်မှာ အယုဒ္ဓယဘုရင်ဟောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိတောင်သမန်အင်းမြောက်ဘက်  လင်းဇင်းကုန်းသုသာန်ဟောင်းအတွင်းမှာ တည်ရှိနေတဲ့ အပယ်ခံအမွေအနှစ်တစ်ခုရဲ့ သမိုင်းဆိုင်ရာအချက်အလက်အချို့ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ပြုပြင်ထိန်းသိမ်းမှုကင်းမဲ့နေပြီး လျစ်လျူပြုမှုခံထားရပါတယ်။

ထိုင်းဘုရင်ဟုတ်မဟုတ် အငြင်းပွားမှုနှင့် မေးခွန်းထုတ်စရာအချက်များ

၁၈ ရာစုကာလက ဖြစ်ပျက်ခဲ့တဲ့သမိုင်း ဖြစ်ရပ်တစ်ခုဟာ ယနေ့အချိန်မှာ သမိုင်း တစ်ပတ်ပြန်လည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရဘက်ကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ထိုင်းဘုရင်ဟောင်းနဲ့ပတ်သက်တဲ့ အထောက်အထားအချို့ကို  တူးဖော်သုတေသန ပြုလုပ်ခွင့်တောင်းဆိုခဲ့ပါတယ်။ အချိန်ကိုက် တိုက်ဆိုင်လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီလို ထိုင်းနိုင်ငံဘက်က တောင်းဆိုလာတဲ့ အချိန်မှာ အမရပူရမြို့ လင်းဇင်းကုန်းသုသာန်ဟောင်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်ဖို့အတွက် ဖျက်သိမ်းမှုပြုလုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ လင်းဇင်းကုန်း သုသာန်ဟောင်းကို ဖျက်သိမ်းရှင်းလင်းလိုက်တဲ့အခါမှာ သုသာန်ရဲ့အလယ်ဗဟိုမှာ ပျက်စီးယိုယွင်း နေပြီဖြစ်တဲ့ ရှေးဟောင်းစေတီတော်တစ်ဆူနဲ့ ရှေးဟောင်းအဆောက်အအုံအချို့ ပေါ်ထွက်လာခဲ့ပါတယ်။ ပေါ်ထွက်လာတဲ့ ရှေးဟောင်းအဆောက်အအုံနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာရှိတဲ့ သမိုင်းပညာရှင်တွေ မြန်မာမှုဗိသုကာ ပညာရှင်အချို့က သမိုင်းဝင် အဆောက်အအုံ တစ်ခုဖြစ်နေတဲ့အတွက် ဖြိုဖျက်မပစ်ဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် ရှေးဟောင်းအဆောက်အအုံအချို့ ကျန်ရှိခဲ့ပါတယ်။

ယခင်ကတည်းကရှိခဲ့ပြီး သမိုင်းမှတ်တမ်း အထောက်အထားတွေအပါအဝင် ရှေးလူကြီးတို့အစဉ်အဆက် ပါးစပ်ပြောစကားများအရ လင်းဇင်းကုန်းသုသာန်အတွင်းမှာ  ထိုင်းဘုရင်ဟောင်းသချုႋင်းရှိနေတယ်ဆိုတာ သမိုင်းပညာရှင်တို့ သိရှိထားပြီးဖြစ်တာကြောင့် တူးဖော်လေ့လာသုတေသနပြုနိုင်ဖို့အတွက် အခွင့်အရေး ရရှိသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံအစိုးရဘက်က ကမ်းလှမ်းမှုအတွက် မြန်မာအစိုးရဘက်က လက်ခံသဘောတူညီခဲ့ပြီး မြန်မာပညာရှင်များနဲ့ ထိုင်းနိုင်ငံ ဘက်ကပညာရှင်အချို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်မှာ စတင်တူးဖော် လေ့လာခဲ့ကြပါတယ်။ တူးဖော်လေ့လာသုတေသနပြုလုပ်ပြီး လအနည်းငယ်အကြာမှာ မှန်စီရွှေချအရိုးအိုးတစ်လုံးကို တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ တွေ့ရှိရာ နေရာက စေတီဟောင်းရဲ့ အရှေ့မြောက် ထောင့်မှာရှိတဲ့ စေတီငယ်တစ်ဆူထဲကနေ တူးဖော်တွေ့ရှိခဲ့တာပါ။ မှန်စီရွှေချအရိုး အိုးထဲမှ မီးသြင်္ဂိုဟ်ထားတဲ့ အရိုးစအနည်းငယ်နဲ့ သင်္ကန်းစ စတဲ့အပိုင်းအစတွေတွေ့ရှိခဲ့ကြပါတယ်။ တွေ့ရှိခဲ့တဲ့ အရိုးအချို့ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာ သက်တမ်းအားဖြင့် လွန် ခဲ့တဲ့နှစ်ပေါင်း ၂၀၀ အထက်ကဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ အရိုးစုဖြစ်တယ်ဆိုတာ အဖြေထွက်ရှိခဲ့တယ်လို့ တူးဖော်သုတေသန ပြုလုပ်ခဲ့ကြရာမှာ ပါဝင်ခဲ့ကြတဲ့ ပညာရှင်အချို့က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် သမိုင်းမှတ်တမ်း အထောက်အထားများရှိခဲ့ပြီးဖြစ်တာကြောင့် တွေ့ရှိခဲ့တဲ့ မှန်စီရွှေချ အရိုးအိုးထဲက အရိုးစနဲ့ သင်္ကန်းစအပိုင်းအစတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က မြန်မာနိုင်ငံမှာ ရောက်ရှိခဲ့ပြီး ရဟန်းဝတ်နဲ့ပျံလွန်ခဲ့တဲ့ အယုဒ္ဓယဘုရင်ဟောင်းရဲ့ အရိုးအိုးဖြစ်တယ်လို့ တူးဖော်သုတေသနပြုလုပ်ခဲ့တဲ့အဖွဲ့က  အထောက်အထား အချက်အလက်များစွာနဲ့အတူ သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်။

ယခင်က တူးဖော်သုတေသနပြုလုပ်တဲ့ အဆင့်ကနေ ပြုပြင်ထိန်းသိမ်းရန်အဆင့်အထိ ရောက်ရှိလာခဲ့ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုကို ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး ထိန်းသိမ်းမှုကုန်ကျစရိတ်များနဲ့ ပြုပြင်သွားရန်အတွက်ဒီဇိုင်းပုံစံကိုပါ ထိုင်းနိုင်ငံဘက်ကအားလုံး အကုန်အကျခံယူပြီး မြန်မာပညာရှင်များနဲ့အတူ ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ကြပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကနဦးခွင့်ပြုပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လုပ်ဆောင်မယ့်လုပ်ငန်း စီမံကိန်းတွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။ ရပ်ဆိုင်းခံလိုက်ရတဲ့ စီမံကိန်းကို ပြန်လည်လုပ်ဆောင်ခွင့်ရရှိဖို့အတွက် မြန်မာဘက်က သီတဂူဆရာတော်ကြီးကိုယ်တိုင်  ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့တဲ့အထိ ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခံထားရတဲ့စီမံကိန်းဟာ အစိုးရအကူးအပြောင်းကာလ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ ယခင်မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေဧကအကျယ် တစ်ဧကခန့်ကို ချထားပေးသွားခဲ့ပါတယ်။ ယခင်အစိုးရ မဆင်းခင်အချိန်ကာလအတွင်းမှာ လုပ်ငန်းလုပ်ဆောင်ခွင့် ချထားပေးလိုက်တဲ့အတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လက်ရှိအစိုးရတက်လာခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လအတွင်းအထိ လုပ်ဆောင်ခဲ့ကြပါတယ်။ စီမံကိန်းလုပ်ငန်းများလုပ်ဆောင်နေစဉ်ကာလ အတွင်းမှာပင် နိုင်ငံတကာခရီးသွားတွေ စိတ်ဝင်တစားလာရောက်လေ့လာခဲ့ကြပြီး အများဆုံးလာရောက်သူများမှာ ထိုင်းနိုင်ငံကဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်ခဲ့တဲ့ အဖွဲ့ထံက သိရပါတယ်။

ပြည်သူ့ရွေးကောက်ခံ အရပ်သားအစိုးရသစ်တက်လာချိန်မှာ ယခင်အစိုးရမဆင်းခင် ရက်ပိုင်းအလို၊ လပိုင်း အလိုကာလတွေမှာ ချထားပေးသွားတဲ့စီမံကိန်းတွေကို ပြန်လည် စိစစ်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ကြွေးကြော်ခဲ့တဲ့အတိုင်း မန္တလေးအနီးဝန်းကျင်မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းအတော်များများကို လုပ်ငန်းတွေရပ်ဆိုင်းစေတာ၊ စီမံကိန်းတစ်ခုလုံးကို ပြန်လည်စိစစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အချို့စီမံကိန်းတွေဟာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အချို့သောစီမံကိန်းများမှာ ရပ်ဆိုင်းစေခဲ့ပါတယ်။ အဲဒီရပ်ဆိုင်းစေခဲ့တဲ့ စီမံကိန်းတွေထဲမှာ တင်ပြပါ ယိုးဒယားဘုရင်နဲ့ပတ်သက်တဲ့စီမံကိန်းလည်း ပါဝင်သွားခဲ့ပါတယ်။ အမရပူရမြို့နယ်၊  လင်းဇင်းကုန်း သုသာန်ဟောင်းအတွင်း တည်ဆောက်နေတဲ့ စီမံကိန်းဟာ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတာ၊ ထိုင်းဘုရင်ဟုပြောဆို နေသော်လည်း ထိုင်းဘုရင်ဟုတ်ခြင်း မဟုတ်ခြင်းမှာ အတည်ပြုနိုင်မှုမရှိခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်နိုင်မှုရှိ၊မရှိစတဲ့ အချက်တွေနဲ့ အကြောင်းပြပြီး လက်ရှိအစိုးရက စီမံကိန်းကို ဇွန်လအတွင်းမှာ အလုံပိတ်ပြီး ရပ်ဆိုင်းပစ်လိုက်ပါတယ်။ စီမံကိန်းရပ်ဆိုင်း လိုက်တဲ့နေ့ရက်မှာ ပြုပြင်ထိန်းသိမ်းနေဆဲဖြစ်တဲ့ စေတီတော်တစ်ဆူကို ဌာပနာပိတ်ပွဲ ပြုလုပ်ဖို့အတွက် သီတဂူဆရာတော်ကြီးက ထိုင်းနိုင်ငံမှ ဒုသာသနာပိုင်ဆရာတော်ကြီးကို ပင့်ဖိတ်ထားပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေကြတဲ့အချိန်နဲ့ တိုက်ဆိုင်လျက်ရှိပါတယ်။ သို့သော် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းကို လက်ရှိအစိုးရအဖွဲ့က ပြန်လည်စိစစ် မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရပ်ဆိုင်းလိုက်ပြီဖြစ်တာကြောင့် စေတီတော်ဌာပနာပိတ်ပွဲဟာလည်း အလိုလိုပျက်ပြယ်သွားခဲ့ရပါတယ်။ ဌာပနာပိတ်ပွဲ ပျက်ပြယ်သွားခဲ့ရတာကြောင့် သီတဂူဆရာတော်ကြီးဟာ ထိုင်းနိုင်ငံက ဒုတိယသာသနာပိုင် ဆရာတော်ကြီးနဲ့အဖွဲ့ကို မေတ္တာရပ်ခံတောင်းပန်လိုက်ရတယ်လို့ ဆရာတော်ကြီးရဲ့ တပည့်ဒါယကာတွေဆီကနေ သိရှိခဲ့ရပါတယ်။

ထိုင်းဘုရင်ဟောင်းနဲ့ပတ်သက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းနေတဲ့ စီမံကိန်းကိုရပ်ဆိုင်းခဲ့ရတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်က အရေးပေါ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပုံစံ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေမှုမှာ တည်ဆဲဥပဒေများနှင့် မညီညွတ်ကြောင်း၊ နှစ်နိုင်ငံ အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုမရှိခြင်း၊ ထိုင်းဘုရင် ဟုတ်၊ မဟုတ် သမိုင်းဆိုင်ရာအချက်အလက်များ လိုအပ်နေခြင်း စတဲ့အချက်တွေကြောင့် စီမံကိန်းကိုရပ်ဆိုင်းစေခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“ဒီစီမံကိန်းက အရင်အစိုးရလက်ထက်ကတည်းက ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားပြီးသား။ ဖြစ်ခဲ့တာကလည်း အရင်အစိုးရလက်ထက်က ဖြစ်ခဲ့တာ။ ကျွန်တော်တို့အစိုးရလက်ထက်မှာတော့ စီမံကိန်းနဲ့ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးခိုင်းခဲ့တယ်။ လုပ်ဆောင်နေတဲ့အဖွဲ့ကိုလည်း ရပ်နားထားဖို့ ပြောထားပြီးသားပါ။ ဒါကို ဆက်လုပ်ဆောင်နေတယ်။ ဥပဒေနဲ့ညီဖို့လိုပါတယ်။ အစောကတည်းက နှစ်နိုင်ငံအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ဖို့။ ရှေးဟောင်းနဲ့ပတ်သက်ပြီး ခွင့်ပြုချက်ရယူတာမရှိဘူး။ စေတီတည်တာ သာသနာရေးရဲ့ ခွင့်ပြုချက်မယူဘူး။ စည်ပင်သာယာကလည်း ဆိုင်းငံ့ထားဖို့ မှတ်ချက်ထုတ်ပြန်ထားတယ်။ အဲဒီတော့ ဘယ်သူလွန်တာလဲဆိုတာ ခင်ဗျားတို့စဉ်းစားကြည့်ကြပေါ့။ ဒီကိစ္စဟာ အရေးကြီးပါတယ်။ နှစ်နိုင်ငံ အရေးကိစ္စ၊ သမိုင်းဆိုင်ရာနဲ့ အနာဂတ်နဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ဥပဒေနဲ့ညီဖို့  ကျွန်တော်ပြောနေတာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်” လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စီမံကိန်းလုပ်ငန်းတွေရပ်ဆိုင်းစေခဲ့တာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လင်းဇင်းကုန်းနေရာမှာတည်ရှိနေတဲ့  ထိုင်းဘုရင်ဟောင်းအမွေအနှစ်နဲ့ပတ်သက်ပြီး သမိုင်းဆိုင်ရာအငြင်းပွားမှုတွေက မြန်မာသမိုင်းပညာရှင်အချို့အပါအဝင် ထိုင်းနိုင်ငံဘက်မှာပါ ရှိနေပါတယ်။ မြန်မာဘက်က သမိုင်းပညာရှင်တွေကတော့  သက်ဆိုင်ရာ အထောက်အထားအပြည့်အစုံနဲ့ လင်းဇင်းကုန်းနေရာမှာ ထိုင်းဘုရင်ဟောင်းကို သြင်္ဂိုဟ်ခဲ့ပြီး အရိုးအိုးစေတီအဖြစ် တည်ထားခဲ့တယ်လို့ အခိုင်အမာဆိုကြပါတယ်။ ဒါပေမဲ့ ပညာရှင်အချို့က ပိုမိုပြည့်စုံဖို့အတွက်  သမိုင်းဆိုင်ရာ အချက်အလက်တွေဆက်လက်လေ့လာဖို့ လိုနေတယ်လို့ ထောက်ပြကြပြန်ပါတယ်။ အဲဒီလို သမိုင်းဆိုင်ရာ အငြင်းပွားမှုတွေရှိနေချိန်မှာ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ထိုင်းဘုရင်ဟောင်းရဲ့ အရိုးအိုးကိုရှာဖွေတွေ့ရှိပြီလို့ သတင်းထုတ်ပြန်လိုက်ချိန်မှာ မြန်မာနိုင်ငံက သမိုင်းပညာရှင်တွေ သုတေသီတွေနဲ့ ထိုင်းနိုင်ငံကသမိုင်းပညာရှင်တွေပါ စိတ်ဝင်စားမှု မြင့်တက်ခဲ့ကြပါတယ်။ ထိုင်းသတင်း မီဒီယာတွေကပါ မြန်မာနိုင်ငံကို လာရောက်ပြီး သတင်းရယူတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သို့သော်… လက်ရှိအချိန်အထိ ထိုင်းဘုရင် ဟုတ်ခြင်း၊မဟုတ်ခြင်းကို အငြင်းပွားမှုများ ဆက်လက်ရှိနေကြဆဲဖြစ်ပြီး ထိုင်းဘုရင်ဟောင်း နောက်ဆုံးရဟန်းဝတ်ဘဝနဲ့ နေထိုင်ခဲ့တယ်ဆိုတဲ့ အမှန်တကယ်တည်ရှိနေဆဲဖြစ်တဲ့ အထိမ်းအမှတ် အမွေအနှစ်နေရာတစ်ခုကတော့ ပြုပြင်ထိန်းသိမ်းမှုကင်းမဲ့နေပြီး အပယ်ခံနေရာတစ်ခုအဖြစ် ရပ်တည်နေရဆဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ ထိုင်းဘုရင်ဟောင်းနဲ့သက်ဆိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တည်ရှိရာနေရာကို ပြန်လည်ပြုပြင် ထိန်းသိမ်းခွင့်ရရှိဖို့ ထိုင်းနိုင်ငံဘက်က ပြန်လည်ကြိုးစားနေကြပါတယ်။ သို့သော် ပြုပြင်ထိန်းသိမ်းခွင့်ရရှိဖို့ အကြိမ်ကြိမ်ကြိုးစားနေပေမဲ့ ခွင့်ပြုချက်ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြုပြင် ထိန်းသိမ်းသွားမယ့်အစီအစဉ်မှာ အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ ထိုင်းဘုရင်ဟောင်း ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုသည်ထက် ရှေးဟောင်းအထိမ်းအမှတ်နေရာတစ်ခုအဖြစ် ထိန်းသိမ်းခွင့်ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအတွက် ကြိုးစားနေတဲ့ စီမံကိန်းတာဝန်ခံဖြစ်သူက ပြောဆိုခဲ့ပါတယ်။

ထိုင်းဘုရင်ဟောင်းကို သြင်္ဂိုဟ်ခဲ့တယ်ဆိုတဲ့နေရာဟာ ယနေ့ခေတ်အနေအထားအရ အချက်အချာကျတဲ့နေရာ တစ်နေရာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်နေကြတဲ့ တောင်သမန် အင်းမြောက်ဘက်မှာ တည်ရှိနေပါတယ်။ လက်ရှိ ခေတ်အခြေအနေအရ စီးပွားရေးသမားတွေအတွက် စိတ်ကြိုက်ဖြစ်စေနိုင်တဲ့ မြေနေရာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ယခင်က မြန်မာသုသာန်ဟောင်း နေရာဖြစ်ခဲ့တဲ့ လင်းဇင်းကုန်းနေရာဟာ အမရပူရခေတ်အပါအဝင် ထိုခေတ်ထက်စောတဲ့ သမိုင်းအထောက်အထားအမွေအနှစ်တွေ တည်ရှိနေတယ်လို့ မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားထားပါတယ်။ ဒါကြောင့် လင်းဇင်းကုန်းနေရာဟာ  ယဉ်ကျေးမှု အမွေအနှစ်နေရာတစ်ခုအဖြစ်သာ ထိန်းသိမ်းစောင့်ရှောက်ထားသင့်တယ်လို့ သူက သုံးသပ်အကြံပြုထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိနေဆဲဖြစ်တဲ့နေရာတစ်ခုဟာ ခြိမ်းခြောက်ခံရမှုများစွာနဲ့ ပျောက်ကွယ်သွားနိုင်တဲ့အန္တရာယ်နဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့ တစ်ဧကအကျယ်သာသာရှိတဲ့ မြေကွက်လပ်အပေါ်မှာသာ ယခင်က  အနည်းငယ်ပြုပြင် ထိန်းသိမ်းမှုတွေလုပ်ဆောင်ထားတဲ့  ရှေးဟောင်းအဆောက်အအုံအချို့ ကျန်ရှိနေပြီး အခြားနေရာမှာတော့ အဆောက်အအုံသစ်တွေကို  တဖြည်းဖြည်းနဲ့ တည်ဆောက်လာနေပြီ ဖြစ်ပါတယ်။

ရပ်ဆိုင်းခံထားရတဲ့ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းမယ့်စီမံကိန်းဟာ တောင်သမန်အင်းအနီးမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ သမိုင်းဝင်တောင်သမန်အင်း အနီးမှာ တည်ဆောက်လျက်ရှိတဲ့ အခြားသော စီမံကိန်းအချို့ရှိပါတယ်။ ဥပမာတောင် သမန်အင်းမြေကို မြေဖို့ပြီးတည်ဆောက်နေတဲ့ တောင်သမန်သစ္စာ အပန်းဖြေကျေးလက် စီမံကိန်းရှိပါတယ်။ ဒီစီမံကိန်းဟာ မြေဧကများစွာကို ဝယ်ယူထားပြီး စီမံကိန်းလုပ်ဆောင်နေတာဖြစ်ပြီး စီမံကိန်းစတင်ချိန်က ရှေးဟောင်း အမွေအနှစ် ဦးပိန်တံတားအောက် ခြေအထိ မြေဖို့ခြင်းလုပ်ငန်းတွေလုပ်ဆောင်ခဲ့တဲ့အတွက်  ရှေးဟောင်းဌာနက သွားရောက်တားမြစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းဟာ အစိုးရရဲ့ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် လုပ်ငန်းတွေအားလုံးကို အစိုးရကနေ ရပ်ဆိုင်းခိုင်းရတဲ့အထိ ဖြစ်ပွားခဲ့တဲ့စီမံကိန်း ဖြစ်ပါတယ်။ စီမံကိန်းဟာ  တောင်သမန်အင်းမြေကို မြေဖို့ဆောင်ရွက်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တာ ဦးပိန်တံတားကိုထိခိုက်လာနိုင်တာ စတဲ့အချက်တွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ သို့သော် စီမံကိန်းဟာ ခေတ္တခဏသာ ရပ်ဆိုင်းခံခဲ့ရပြီး သက်ဆိုင်ရာက လုပ်ငန်းစိစစ်မှုတွေ လုပ်ဆောင်ပြီးချိန်မှာ ပြန်လည်ခွင့် ပြုပေးထားပြီးဖြစ်တာကြောင့် လက်ရှိအချိန်မှာ စီမံကိန်းလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

ဒီနေရာမှာ စီမံကိန်းနှစ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ကြည့်ရမယ်ဆိုရင် အစိုးရအဖွဲ့ကို မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ မြေဧကများစွာကိုဝယ်ယူပြီး တောင်သမန်အင်းအတွင်းမြေဖို့ပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ စီမံကိန်းဟာ ရှေးဟောင်းအမွေအနှစ်အချို့ကို ထိခိုက်မှုရှိခဲ့တာကြောင့် စီမံကိန်းလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ လင်းဇင်းကုန်းနေရာမှာ တည်ဆောက်မယ့်စီမံကိန်းဟာ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကို မပျက်စီးစေဖို့အတွက် အဓိက ထိန်းသိမ်းသွားမယ့် စီမံကိန်းဖြစ်တဲ့အပြင် စီမံကိန်းလုပ်ငန်း ပြီးဆုံးသွားခဲ့ပြီဆိုပါက သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ စီမံကိန်း နှစ်ရပ်မှာ အကျိုးအမြတ်ရရှိမှု၊ ရယူမှုခြင်းလည်း မတူညီဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အင်းအတွင်း မြေဖို့ပြီး စီမံကိန်းလုပ်ဆောင်နေတဲ့ တောင်သမန်သစ္စာစီမံကိန်းဟာ ကုမ္ပဏီအဖွဲ့အစည်းကလုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကုမ္ပဏီအတွက်အကျိုးအမြတ်ဆိုတာ ပါရှိလာပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းမယ့်စီမံကိန်းဟာ အစိုးရအဖွဲ့က ငွေကြေးစိုက်ထုတ်ကုန်ကျ စရာမလိုတဲ့အပြင် သက်ဆိုင်ရာ အလှူရှင်က ငွေကြေးစိုက်ထုတ်ပြီး သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ အစိုးရဌာနဆိုင်ရာတို့နဲ့ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးဟောင်းအမွေအနှစ်တွေကို ငွေကြေးစိုက်ထုတ်အကုန်အကျခံ တည်ဆောက်သွားမယ့် စီမံကိန်းဟာ နိုင်ငံခြားခရီးသွား အချို့စိတ်ဝင်စားစွာနဲ့ လာရောက်လေ့လာနေကြတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံကခရီးသွားတွေ အများဆုံးလာရောက်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ စီမံကိန်းကို ရပ်နားထားပေမဲ့ နိုင်ငံခြားခရီးသွားအချို့ လာရောက်လေ့လာနေကြဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံခြားခရီးသွားဝင်ငွေရရှိမယ့် နေရာသစ်တစ်ခုတိုးပွားလာမယ့်အပြင် ထိုင်းဘုရင်၊ ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုသည်ထက် ခေတ်တစ်ခတ်ကတည်ရှိခဲ့တဲ့အမွေအနှစ်ကို ထိန်းသိမ်းသွားမယ့်လုပ်ငန်းစီမံကိန်းကို လက်ရှိအချိန်အထိ ရပ်ဆိုင်းထားစေတဲ့အတွက် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ စီမံကိန်းကို သက်ဆိုင်ရာတည်ဆဲဥပဒေတွေနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ လုပ်ဆောင်စေဖို့အတွက် အစိုးရအနေနဲ့ လမ်းညွှန်ကြပ်မတ်ပေးနိုင်ဖို့သာ လိုအပ်နေတာ ဖြစ်ပါတယ်။

ရှေးဟောင်းအမွေအနှစ်ကိုပြုပြင်လိုက်ရင် ဘာတွေထိခိုက်သွားနိုင်လဲ

အမရပူရ မင်းနေပြည်တော်ဟောင်းမှာ ယဉ်ကျေးမှုအမွေအနှစ်များစွာ ကျန်ရှိတည်ရှိနေဆဲ ဖြစ်ပါတယ်။ ကျန်ရှိနေဆဲ အမွေအနှစ်များစွာထဲမှ တောင်သမန်အင်းအနီးမှာ သမိုင်းတန်ဖိုးရှိတဲ့အမွေအနှစ်တွေ မြေပေါ်မြေအောက် တည်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ တောင်သမန်အင်းမြောက်ဘက် တောင်လေးလုံးကျောင်းတိုက်အနီးမှာရှိတဲ့  ကုန်းမြေအောက်မှာ ကျောက်ခေတ် ယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိနေတာကို သမိုင်းသုတေသီများနဲ့ ပညာရှင်တွေက ရှာဖွေဖော်ထုတ်တွေ့ရှိထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်သမန်အင်းဆိုသည်မှာ ယခင်က ကျောက်ခေတ်ယဉ်ကျေးမှု ထွန်းကာခဲ့ရာ ဒေသတစ်ခုဖြစ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ တောင်သမန်အင်းမြောက်ဘက်မှာရှိတဲ့ လင်းဇင်းကုန်းနေရာမှာ ထိုင်းဘုရင်ဟောင်း  အထိမ်းအမှတ်အဆောက်အအုံတွေတည်ရှိနေတဲ့အပြင် အမရပူရခေတ်ထက်စောတဲ့ အထောက်အထားတွေပါ တည်ရှိနေဆဲဖြစ်တယ်လို့ မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ ဝတီ) က ပြောကြားခဲ့ပါတယ်။

“တောင်သမန်ဝန်းကျင်မှာရှိတဲ့ လင်းဇင်းကုန်းနေရာဟာ ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအနေနဲ့ပဲ ထိန်းသိမ်းစောင့် ရှောက်ထားသင့်တယ်။ အခြားအဆောက်အအုံအသစ်တွေ တိုးချဲ့ဆောက်လုပ်တာတွေ မလုပ်ဆောင်သင့်ပါဘူး။ တည်ရှိနေပြီးသားဖြစ်တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို မူလလက်ရာမပျက်စီးစေဖို့ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ အများပြည်သူနဲ့ ပြည်ပခရီးသွားတွေ လေ့လာလည်ပတ်စရာ ခရီးသွားယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေ နဲ့ ဖော်ဆောင်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားသင့်တာပေါ့” လို့ မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က သူရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စီမံကိန်းလုပ်ငန်းတွေရပ်ဆိုင်းခံထားရတဲ့ လင်းဇင်းကုန်းနေရာအတွင်းက ရှေးဟောင်းအဆောက်အအုံတွေကို အချိန်မီ ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေပြီး အချိန်မီ ထိန်းသိမ်းနိုင်ခြင်းမရှိပါက မကြာခင်အချိန် ကာလအတွင်းမှာ ရှေးဟောင်းအဆောက်အအုံတွေဟာ ပြိုကျပျက်စီးနိုင်တဲ့အနေအထားကို ရောက်ရှိနေတာကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့အနေနဲ့ ပျက်စီးယိုယွင်းမှုဖြစ်ပေါ်နေတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းခွင့်ပြုပေးသင့်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ စီမံကိန်းလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းခံထားရတဲ့ အမရပူရခေတ် ရှေးဟောင်းအဆောက်အအုံတွေဟာ ပြိုကျပျက်စီးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ သမိုင်းအချက်အလက်တွေကို အငြင်းပွားနေကြတဲ့ ထိုင်းဘုရင်ဟောင်း ဟုတ်ခဲ့သည်ဖြစ်စေ၊ မဟုတ်ခဲ့သည်ဖြစ်စေ ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်နေတာကြောင့် အမွေအနှစ်တစ်ခု ထိခိုက်ပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရမှာ သက်ဆိုင်ရာအစိုးရအဖွဲ့မှာ တာဝန်ရှိနေပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတို့အရ ပြိုကျပျက်စီးမှုတွေဖြစ်ပေါ်နေတဲ့ ရှေးဟောင်းအဆောက်အအုံကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် အစိုးရနဲ့ရှေးဟောင်းဌာနအပေါ်မှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တည်ဆဲဥပဒေ တွေနဲ့အညီ ရှေးဟောင်းအမွေအနှစ်တွေကို ရှေးမူလက်ရာမပျက် ပြုပြင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်ပေးရန် လိုအပ်နေပါတယ်။

ဒါကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကာလက ရှေးဟောင်းအဆောက်အအုံတွေကို လက်ရှိမှာ တာဝန်အရှိဆုံးဖြစ်နေတဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့  ဆက်လက်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမှာလား ဒါမှမဟုတ် လက်ရှိပြိုကျပျက်စီးမှုအတိုင်းပစ်ထားပြီး သမိုင်းဝင်အမွေအနှစ်တစ်ခုကို ကွယ်ပျောက်ခံမလားဆိုတာ ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီ ဖြစ်တဲ့ အမရပူရခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံတွေကို သမိုင်းဆိုင်ရာ အချက်အလက်တွေအပေါ်မှာ ဝိဝါဒကွဲပြားငြင်းခုံနေခြင်းအစား ယဉ်ကျေးမှုအမွေအနှစ်တခု ရေရှည်တည်တံ့စေရေး ရည်ရွယ်ချက်အောက်မှာထားရှိပြီး စနစ်တကျပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းတွေကို အစိုးရအနေနဲ့ ဆောင်ရွက်ပေးရန် လိုအပ်နေပါတယ်။ ဒါမှသာလျှင် ယဉ်ကျေးမှုအမွေအနှစ်ကို အမှန်တကယ် လေးစားတန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

၁၈ ရာစုကာလက ဖြစ်ပျက်ခဲ့တဲ့သမိုင်း ဖြစ်ရပ်တစ်ခုဟာ ယနေ့အချိန်မှာ သမိုင်း တစ်ပတ်ပြန်လည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ယခု အမရပူရ၊ လင်းဇင်းကုန်းအရပ်မှာ အခြားသော တိုင်းပြည်ကနေရောက်ရှိလာခဲ့ရပြီး အမရပူရမင်းနေပြည်တော်မှာ ရဟန်းဝတ်နဲ့ အနိစ္စရောက်ခဲ့တဲ့ နန်းကျဘုရင် တစ်ဦးကို မြန်မာဘုရင်က သူ့ရဲ့အမိန့်အာဏာနဲ့ ခမ်းနားထည်ဝါစွာ သြင်္ဂိုဟ်ပေးခဲ့ဖူးပါတယ်။ ခမ်းနားထည်ဝါစွာ သြင်္ဂိုဟ်ပေးခဲ့ပြီး  အထိမ်းအမှတ်ဂူဗိမာန်တစ်ခုနဲ့ နေရာသတ်မှတ်ပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့ပြီးနောက် လက်ရှိ ၂၁ ရာစုအချိန်မှာ နန်းကျဘုရင်နဲ့ သက်ဆိုင်နေတယ်လို့ဆိုကြတဲ့ အထောက်အထားတို့ ပြန်လည်ပေါ်ထွက်လာခဲ့တယ်ဆိုပေမဲ့ ယခင်ကကဲ့သို့ ခမ်းနားထည် ဝါမှုတွေ သူ့အတွက် မရရှိတော့ပါဘူး။ များမကြာမီကာလမှာပဲ ယိုင်နဲ့နဲ့ဖြစ်နေရှာတဲ့ အမရပူရခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံအချို့ဟာ အပယ်ခံသမိုင်း အမွေအနှစ်တစ်ခုအနေဖြင့်သာ မထင်မရှား ကွယ်ပျောက်သွားလေမလားဆိုသည်မှာ…။

 

Most Read

Most Recent