မိသားစုဘ၀ မိသားစုစိတ်ဓာတ်

မိသားစုဘ၀ မိသားစုစိတ်ဓာတ်
Published 4 October 2018

ကျောက်မဲမြို့နယ် အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်များအား မတ် ၁၆ ရက်က တွေ့ရစဉ်

ကမ္ဘာပေါ်တွင် လူသားတို့သည် အစုအဖွဲ့လေးများ ကိုယ်စီဖြင့် သာမန်အားဖြင့် ရှင်သန် ရပ်တည်နေကြပေ၏။ အင်အားများသော အစုအဖွဲ့လေးများရှိသလို အင်အားနည်းသော အစုအဖွဲ့လေးများလည်း တည်ရှိ၍နေပါသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော လူသားတို့၏ ကိုယ်စီအစုအဖွဲ့လေးများအား သုခချမ်းသာများသာ အစဉ်သဖြင့် ဖုံးလွှမ်းနေ၍ ဒုက္ခဆင်းရဲများ ထာဝစဉ် ဆိတ်သုဉ်းနေပြီး ထာဝရအပြုံးပန်းများသာ ဝေဆာပွင့်ဖူးနေတတ်သော ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်သလို ချိုမြိန်ခြင်းများဖြင့်သာ အတိပြီးနေ၍ ခါးသက်ခြင်းများ လုံးဝဗလာနတ္ထိကင်းမဲ့နေသည့် ဇုန်တစ်ခုဟူ၍လည်း သတ်မှတ်၍မရနိုင်ပါပေ။ အမှန်တော့ လူဆိုသည့် သတ္တဝါသည် တစ်ဦးတစ်ယောက်တည်း အနေဖြင့် ရပ်တည်ရှင်သန်၍ မရနိုင်ခြင်းကြောင့်သာ ကိုယ်စီအစုအဖွဲ့လေးများအား ရရှိပိုင်ဆိုင်ထားကြခြင်းလည်း ဖြစ်ပါလိမ့်မည်။ အကယ်၍ တစ်ဦးတစ်ယောက်တည်း ရပ်တည် ရှင်သန်နေနိုင်သည် ရှိစေဦးတော့ ထိုသူပင်လျှင် အမှားများ ကင်းစင်နိုင်ဖို့ ဆိုသည်မှာတော့ မလွယ်ကူပါပေ။

တစ်ဦးတစ်ယောက်တည်းပင်လျှင် အမှားများဖြင့် သံသရာလည်နေသည့်အတွက် အစုအဖွဲ့လေးထဲတွင်တော့ နိစ္စဓူ၀ ကြုံတွေ့နေရသည့် ကိစ္စဝိစ္စပေါင်းများစွာ၊ အကြောင်းအရာ အမျိုးမျိုးဖြင့်မို့ မှားချင်သည်ဖြစ်စေ မမှားချင်သည်ဖြစ်စေ၊ အမှားများဖြင့် ရင်ဆိုင် ကြုံတွေ့နေရမည်မှာ သဘာဝတရားတစ်ခုလည်း ဖြစ်ပါပေသည်။ ကမ္ဘာပေါ်တွင် အမှားကင်း၍ ချို့ယွင်းချက်ကင်းမဲ့သောလူဟူ၍ မည်သူမှမရှိပေ။ အမှားများသည် သွေးဆောင် ဖြားယောင်းမှု ကောင်းလွန်းခြင်းကြောင့်လည်း ဖြစ်ပါသည်။ စင်စစ် သူတော်စင်မဟုတ်သည့် ပုထုဇဉ်လူသားများ အနေဖြင့် အမှားများစွာထဲမှသာ သင်ခန်းစာယူရင်း အမှန်ပြုပြင်ခြင်းဖြင့် ရှင်သန်နေကြရခြင်းသာ ဖြစ်ပေသည်။

အစုအဖွဲ့လေး အတွင်းတွင်တော့ တစ်စုံတစ်ဦး၏ ပေါ့ဆမှုကြောင့် လောင်မြိုက်ခဲ့ရသည့် မီးတစ်စ၏ အပူရှိန်က ရင်ဘတ်ချင်းနီးကြသူများမို့ အနည်းနှင့်အများတော့ ရင်ခွင်တိုင်းကို အပူရှိန်ဟပ် ခံစားကြရစမြဲသာ ဖြစ်ပါသည်။ ထို့အတူ တစ်စုံတစ်ဦး သီကုံးဖော်ကျူးလိုက်သည့် သံစဉ်ဂီတအလှအပများကြောင့်လည်း၊ အစုအဖွဲ့လေးအတွင်းမှ နှလုံးသားအားလုံးတို့ဖြင့် ထပ်တူညီမျှခြင်းချ၍ သာယာသော ခံစားမှုများကိုလည်း ရရှိပိုင်ဆိုင်စေခဲ့ပြန်ပါသည်။
မည်သို့ပင်ဆိုစေ အစုအဖွဲ့လေးဖြစ်သည့်အတွက် ကြီးသူမှငယ်သူအဆုံး တစ်စုံတစ်ဦး၏ အမှားကြောင့် အားလုံးခံစားရမည် ဖြစ်သလို တစ်စုံတစ်ဦး၏ အမှန်ကြောင့်လည်း အားလုံးစံစားရမည်သာ ဖြစ်ပါသည်။ နေ့စဉ် လက်ဆုံစားနေကျ ထမင်းစားပွဲဝိုင်းလေး အပေါ်တွင်တော့ ကြွေရည်သွန်းပန်းကန် အကောင်းစားများနှင့် ဟင်းအမည်အမျိုးမျိုး စုံလင်စွာ ရှိနေရန်တော့ မလိုအပ်ပါပေ။ စင်စစ် ထမင်းကြမ်းတစ်ခဲကိုပင် သင့်လျော်ရာ ဇလုံအတွင်းသို့ပစ်ထည့်၍ ဟင်းဖတ်သေးသေးလေးကို တစ်ယောက်တစ်ဖဲ့ မေတ္တာဖြင့် မျှဝေစားသုံးနိုင်ရန်သာ လိုအပ်လှပါသည်။ ထို့ကြောင့် ဟင်းမကောင်းသဖြင့် နှုတ်ခမ်းများတွင် ဆီမဝေ့ပါပဲ ဗိုက်မပြည့်လျှင်သာ ရှိချင်ရှိလိမ့်မည်။ မေတ္တာဓာတ်များ ဖုံးလွှမ်းနေသည့် လက်ဆုံစားထမင်းဝိုင်းလေးဖြစ်သည့် အတွက် ချမ်းမြေ့မှုကိုတော့ ရရှိပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်ပါ၏။

ထို့အတူ မေတ္တာဓာတ်များ ပျက်သုဉ်းနေပြီး စည်းစိမ်ဥစ္စာအတုများဖြင့် တင့်တယ်နေရုံဖြင့်တော့ မည်သည့်အစုအဖွဲ့လေးမှ သာယာချမ်းမြေ့မှုကို မရရှိနိုင်လိမ့်မည်လည်း မဟုတ်ပေ။ စစ်မှန်သော သာယာချမ်းမြေ့မှုကို နားလည်ခွင့်လွှတ်ခြင်းကသာ ပေးစွမ်းနိုင်ပါ၏။ စစ်မှန်သော ပျော်ရွှင်ငြိမ်းချမ်းမှုကို ရောင့်ရဲနိုင်မှုကသာ အတိအကျ ဖန်ဆင်း၍ပေးနိုင်ပါပေသည်။ ထိုအရာများကို ဖမ်းဆုပ်နိုင်ရန် အတွက် အစုအဖွဲ့လေးအတွင်းတွင် မှီတင်း နေထိုင်ကြသူအားလုံးတွင် တာဝန်ရှိနေပါသည်။ တာဝန်သိဖို့လည်း လိုပါသည်။

လူဆိုသည်မှာ ခံစားချက်ဖြင့် ရှင်သန်နေခြင်းဖြစ်သည့်အတွက် တစ်ခုလုပ်လျှင် တစ်ခုမမှားတတ်လျှင်တောင်မှ ၁၀ ခုလောက် လုပ်လျှင်တော့ စိတ်ခံစားချက်ကို ဗဟိုပြုခြင်းများ ပါဝင်လာမည်မှာ မလွဲမသွေ ဖြစ်သလို တစ်ခုတော့ ချွတ်ချော်မှားယွင်းတတ်စမြဲသာ ဖြစ်ပါသည်။ ထိုအခါ ပတ်ဝန်းကျင်က လိုတာထက်ပို၍ လက်ညှိုးထိုးကြပါလိမ့်မည်။ ပတ်ဝန်းကျင်ဆိုသည်ကတော့ မိမိ လက်မထောင်နေနိုင်လျှင် မနာလိုမရှုဆိတ်များဖြင့် ရှုတ်ချကြမည်ဖြစ်သလို မိမိခေါင်းငိုက်စိုက်ဖြင့် ကျရှုံးနေလျှင်လည်း ဝမ်းသာအားရစွာဖြင့် လက်ခုပ်သံများ အသံကျယ်ကျယ် ထွက်ပေါ်လာအောင် ကြံဆောင်ပေးနေမည်မှာ သေချာလွန်းလှပါပေသည်။

ခြွင်းချက်အနေဖြင့် ၎င်းပတ်ဝန်းကျင်တွင်ပင် မိမိအတွက် မိတ်ကောင်းဆွေကောင်းများလည်း ရှိနိုင်ပါသေး၏။ မိမိကိုယ်တိုင်လည်း အခြားသူများအတွက် မိတ်ကောင်း ဆွေကောင်းဖြစ်ဖို့တော့ လိုပါသည်။ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုတော့ ရှိစမြဲသာဖြစ်ပါ၏။ တချို့တန်ပြန်သက် ရောက်မှုများကလည်း ကာလာကွဲများဖြင့် ခြားနားနေတတ်ပြန်ပါသေးသည်။ မည်သို့ပင်ဆိုစေ ပတ်ဝန်းကျင်မှ အခြားသူများ၏ အမြင်တွင် အစုအဖွဲ့လေး အတွင်းမှ သူတစ်ဦး၏ အပြုအမူသည် အမှားဖြစ်နေစေဦးတော့ ဝပ်ကျင်းလေးအတွင်းတွင် ကျင်လည်ကျက် စားနေသည့် အစုအဖွဲ့လေးအတွင်းမှ သူများအနေဖြင့်တော့ သာမန်ကိစ္စရပ်လေးများအား အချင်းချင်း အမှားအဖြစ် မရှုမြင်တတ်ကြရန် လိုအပ်လှပေသည်။ လောကကို ညစ်ထည်းစေသည့် အမှားကြီးများအား ကျူးလွန်မိလျှင်တော့ အမှန်တရားအတွက် အမှားအဖြစ် ရှုမြင်သုံးသပ်ရမည်ဖြစ်ပြီး မိမိနှလုံးသားမှ ချမှတ်မည့် ပြစ်ဒဏ်များကိုတော့ နားလည်မှု စီရင်ချက်များဖြင့် လျှော့ပေါ့ပေးနိုင်စွမ်း ရှိရပေလိမ့်မည်။ လောကတွင် မိမိ၏ရန်သူကို တိုက်ခိုက်အနိုင်ယူနိုင်သူထက် ရန်သူကို မိတ်ဆွေဖွဲ့၍ မိမိ၏စိတ်ကို အနိုင်ယူနိုင်သူကသာ ပို၍တော်သူ၊ ပို၍မြင့်မြတ်သောသူသာ ဖြစ်ပါ၏။ အမှန်စင်စစ် အထက်တွင်ညွှန်းဆိုခဲ့သည့် အစုအဖွဲ့လေးများဆိုသည်မှာ မိသားစု ဘဝလေးများကို ဆိုလိုခြင်းသာ ဖြစ်ပါသည်။ မိသားစုဘဝလေး အတွင်းတွင် မိသားစုစိတ်ဓာတ် ရှင်သန်ရန် လိုအပ်ကြောင်းကိုတော့ အထူးအထွေ ဆိုစရာပင် လိုလိမ့်မည်ဟု မထင်ပါပေ။ မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်တွင် အပြန်အလှန် နားလည်ခွင့်လွှတ်ခြင်းများဖြင့် ငြိမ်းချမ်းရေးရနေသည့် မိသားစုဘဝလေးများ များစွာရှိနေသလို အတွင်းမီးလောင်မြိုက်ခြင်းဖြင့် ပူလောင်နေကြရသည့် မိသားစုဘဝလေးများလည်း ဒုနှင့်ဒေး တည်ရှိ၍နေသည်သာ ဖြစ်ပါ၏။ အမှန်တော့ မိသားစုဘဝလေး ငြိမ်းချမ်းရေးရရန်အတွက် ရွှေ၊ ငွေများ ရှိနေရန် မလိုအပ်ဘဲ အပြန်အလှန် နားလည်ခွင့်လွှတ်တတ်သည့် မြင့်မြတ်သောအသိတရား ရှိနေရန်သာ လိုအပ်လှပါပေသည်။ တစ်နည်းအားဖြင့် ရှိခြင်းထက် သိခြင်းကသာ မိသားစု ဘဝလေးများအား ငြိမ်းချမ်းမှုကို ပေးစွမ်းနေခြင်းသာ ဖြစ်ပါ၏။

အမှန်တော့ အပြန်အလှန် နားလည် ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြန်အလှန် မေတ္တာထားနိုင်ခြင်းကိုသာ ဆိုလိုရခြင်းလည်း ဖြစ်ပါသည်။ မေတ္တာဓာတ်များ ဝေဆာပွင့်ဖူးနေပါမှ မိသားစုဘဝလေးများ သာယာလှပနိုင်ပေလိမ့်မည်ဖြစ်ပြီး မေတ္တာဓာတ်များ ဆိတ်သုဉ်း ပျောက်ကွယ်နေပါက မိသားစုဘဝလေးများလည်း ငြိမ်းချမ်းမှုကင်းမဲ့သွားပေလိမ့်မည်သာ ဖြစ်ပေသည်။ အမှန်တော့ အထက်တွင် အစုအဖွဲ့လေးများဟု ရည်ညွှန်းခဲ့သော မိသားစုဘဝလေးများသည် စင်စစ်မေတ္တာကွန်ရက်ဖြင့်သာ အပြန်အလှန် ချိတ်ဆက်ထားခြင်း ဖြစ်ပါ၏။ မေတ္တာကွန်ရက် ပြတ်တောက်သွားမည်ဆိုလျှင် မိသားစုဘဝလေးများ အလင်းရောင် ဆိတ်သုဉ်းသွားရမည်သာဖြစ်ပြီး မေတ္တာကွန်ရက် အပြန်အလှန် ချိတ်ဆက်မှု ကောင်းမွန်နေနိုင်ပါမှ မိသားစုဘဝလေးများ၏ အရုဏ်ဦးများ တင့်တယ်လင်းလက်နိုင်မည်သာ ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ ငြိမ်းချမ်းသောမိသားစု ဘဝလေးများနှင့် ငြိမ်းချမ်းမှုကင်းမဲ့နေသော မိသားစုဘဝလေးများ ကမ္ဘာပေါ်တွင် မေတ္တာဓာတ် အပြန်အလှန် ရှင်သန်မှုအတိုင်း အများအပြား တည်ရှိနေကြသည်မှာတော့ သေချာမှုတစ်ခုသာ ဖြစ်ပါ၏။ တစ်နည်းအားဖြင့် မေတ္တာကွန်ရက်၏ အပြန်အလှန် ချိတ်ဆက်မှုအတိုင်း လင်းလက်မှုရနေသော မိသားစုဘဝလေးများနှင့် လင်းလက်မှု ဆိတ်သုဉ်းနေသော မိသားစုဘဝလေးများ ကမ္ဘာပေါ်တွင် အများအပြား တည်ရှိနေကြခြင်းသာဖြစ်ပါ၏။ လူသားတိုင်း မိသားစုရှိနိုင်သလို ငြိမ်းချမ်းသော မိသားစုဘဝလေးများကိုလည်း လူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိပေသည်။ မိသားစုဘဝလေးအတွင်းမှ သူအချင်းချင်း မေတ္တာဓာတ် အပြန်အလှန် လွှမ်းခြုံမှုမရှိနိုင်လျှင်လည်း ၎င်းမိသားစုဘဝလေး ငြိမ်းချမ်းမှုကင်းမဲ့နေမည်သာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ အပြန်အလှန် မေတ္တာဓာတ်လွှမ်းခြုံထားမှုကြောင့် ငြိမ်းချမ်းရေးရနေသည့် မိသားစုဘဝလေးများ ပတ်ဝန်းကျင်တိုင်းတွင် အများအပြား တည်ရှိ၍နေသည်သာဖြစ်ပါ၏။ စင်စစ် ပတ်ဝန်းကျင်တိုင်းမှ မိသားစုဘဝလေးတိုင်းလည်း ငြိမ်းချမ်းရေးရနေနိုင်ဖို့ လိုပါသည်။ ထိုမှတစ်ဆင့် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးရနေသည့် မိသားစုလေးများမှသည် ကမ္ဘာလောကကြီး တစ်ခုလုံး၏ ငြိမ်းချမ်းရေးဆီသို့ ကမ္ဘာလူသားတိုင်း အားလုံးကြံစည် ဖော်ဆောင်နိုင်ကြရန်လည်း လိုအပ်လှပါပေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလောကကြီးအတွင်းမှ လူသားအားလုံးတို့သည် စင်စစ်မိသားစုဝင်များသာ ဖြစ်ကြပြီး အားလုံးသည်လည်း မိသားစုဘဝကို ပိုင်ဆိုင်ထားကြခြင်းကြောင့်သာ ဖြစ်ပါ၏။ အဓိကကတော့ ကမ္ဘာလူသားအားလုံးတွင် မိသားစုစိတ်ဓာတ်ရှိနေရန်သာ လိုအပ်လှပါပေတော့သည်။

Most Read

Most Recent