ဆိုးရွားစွာပျက်စီးနေတဲ့ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးကို အစိုးရ မထိန်းချုပ်နိုင်တော့ဘူးလား

ဆိုးရွားစွာပျက်စီးနေတဲ့ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးကို အစိုးရ မထိန်းချုပ်နိုင်တော့ဘူးလား
Published 2 September 2018

ပုသိမ်-ရန်ကုန် ကားလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်

မိုင်ပေါင်း ၁၁၃ မိုင် ရှည်လျားတဲ့ ပုသိမ် - ရန်ကုန် ကားလမ်းမကြီးဟာ ဧရာဝတီတိုင်းဒေသကြီးရဲ့ အသက်သွေးကြောတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် မော်တော်ကားအစီးရေ ထောင်ချီကာ ဖြတ်သန်းသွားလာနေပြီး တိုင်းဒေသကြီးတစ်ခုလုံး၏ ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှုရဲ့ ရာခိုင်နှုန်း ၈၀ ဟာ ဒီ ပုသိမ်-ရန်ကုန် ကားလမ်းမကြီးကိုပဲ မှီခိုနေရတာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားပြီး B.O.T (Build ,Operate & Transfer)  စနစ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို အငှားထားပေးတဲ့ လမ်းမကြီးလည်း ဖြစ်ပါတယ်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ BOT လမ်းမကြီးတွေထဲမှာ ပုသိမ်-ရန်ကုန်လမ်းမကြီးဟာ အဆိုးဆုံးပါ” ဒီစကားကို ပြောခဲ့သူဟာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်အတွင်းမှာ BOT ကုမ္ပဏီများနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုခဲ့သလိုပဲ ရန်ကုန်- ပုသိမ်လမ်းမကြီးဟာ အမှန်တကယ်ကို ဆိုးရွားစွာ ပျက်စီးနေပါတယ်။ ပုသိမ်-ရန်ကုန်လမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားပြီး BOT အဖြစ် Oriental Highway ကုမ္ပဏီကို အငှားချထားတဲ့ လမ်းမကြီးဟာဘာလို့ ဆိုးရွားစွာပျက်စီးနေပါသလဲ။ Oriental Highway ကုမ္ပဏီဆိုတာ ၂၀၁၇ ခုနှစ် မှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ရဲ့ စွမ်းဆောင်ရည်ဆု အဆင့်(၁)ကိုတောင် လက်ခံရရှိခဲ့တဲ့ ကုမ္ပဏီပါ။ တာဝန်ယူကြီးကြပ်ရမယ့်  ဆောက်လုပ်ရေးဝန်ကြီးဌာနက အားနည်းချက်ကြောင့် ပျက်စီးနေတာလား BOT ကုမ္ပဏီရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အားနည်းချက်ကြောင့် ပျက်စီးနေတာလားဆိုတာ ပြည်သူတွေက အတိအကျ မသိရှိရပေမယ့် ဆိုးရွားတဲ့ လမ်းမကြီးရဲ့ဘေးကို ကြုံတွေ့နေရသူတွေကတော့ ခရီးသွားပြည်သူတွေပါပဲ။

ပုသိမ်မြို့ကနေ စထွက်ပြီဆိုတာနဲ့ BOT ကုမ္ပဏီရဲ့ လမ်းကြေးကောက်ခံရေးဂိတ်ကို မြင်ရပါလိမ့်မယ်။ လမ်းကြေးကောက်ခံရေးဂိတ်မှာတင်ပဲ လမ်းပိုင်းဟာ စတင်ပျက်နေပါပြီ။ လမ်းကြေးကောက်ခံရေး ဂိတ်ကနေစတင်ပြီးတော့ ရန်ကုန်မြို့ရောက်တဲ့အထိ ၁၁၃ မိုင်ရှည်လျားတဲ့လမ်းမဟာ ချိုင့်ကျင်းအပြည့်နဲ့ အချို့နေရာတွေမှာ တစ်လိမ့်ချင်း မောင်းရသည်အထိ ဆိုးရွားစွာ ပျက်စီးနေပါတယ်။ ၁၁၃ မိုင်ကို မောင်းနှင်ရန် ကြာချိန်ဟာ အနည်းဆုံး ခြောက်နာရီပါ။ ဒါဟာလမ်း ပိုင်းဘယ်လောက်အထိ ဆိုးရွားစွာ ပျက်စီးနေတယ်ဆိုတာရဲ့ သင်္ကေတပါပဲ။ လမ်းကြေး ကောက်ခံရေးဂိတ်တွေကတော့ ပုသိမ်မြို့ ကြိုးတံတားအဆင်းမှာတစ်ခု၊ ပုသိမ်မြို့ အထွက်မှာ တစ်ခု၊ ဒါးကမြို့အနီးမှာ တစ်ခု၊ ကျောင်းကုန်းမြို့မှာတစ်ခု၊ ဗိုလ်မြတ်ထွန်းတံတားမှာ တစ်ခု၊ ရန်ကုန်မြို့အဝင်မှာ တစ်ခုနဲ့ အစီစီစောင့်ဆိုင်းနေပါတယ်။ ရန်ကုန်-ပုသိမ်လမ်းမဟာ ဧရာဝတီတိုင်းဒေသကြီးရဲ့ ကုန်စည်စီးဆင်းမှု ခရီးသွားလာမှု အသက်သွေးကြောဖြစ်သလို တိုင်းဒေသကြီးရဲ့ နာမည်ကျော် အပန်းဖြေကမ်းခြေနေရာတွေဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာ၊ ဂေါ်ရန်ဂျီဒေသများကို သွားလာရာမှာ မဖြစ်မနေ အသုံးပြုရတဲ့ လမ်းမပါပဲ။ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီကို လာရောက်အပန်းဖြေတဲ့ နိုင်ငံတကာ ခရီးသွားတွေဟာ ဒီလမ်းမကြီးကို ဘာတွေများ ဝေဖန်သုံးသပ်ကြမလဲဆိုတာ ဧရာဝတီရဲ့ ရှက်စရာပါပဲ။

“လမ်းကဆိုးတော့ ကားတွေက တာယာတွေပွင့်တယ်။ ၁၅ ရက်လောက်နဲ့ တာယာတွေ လဲရင်လဲနေရတယ်။ အခုလိုမိုးတွင်းဘက် ခရီးသွားနည်းတဲ့အချိန်ကျတော့ အချို့နားတဲ့ကားတွေဆို နားလိုက်ရပြီ။ ဆီဈေးကတက်၊ လမ်းတွေကမကောင်း၊ မောင်းချိန်က ကြာလှိမ့်သွားနေရတော့ မကိုက်တော့ဘူး။ နားရတဲ့ကားတွေရှိတယ်။ ခရီးသွားတွေက ကားတွေကို ကြာတယ်ထင်ပြီး ပြောကြတယ်။ ကျွန်တော်တို့က လိုက်ရှင်းပြနေရတယ်။  အရင်က လေးနာရီလောက်သွားရတဲ့ခရီးကို အခုငါးနာရီ၊ ခြောက်နာရီလောက် မောင်းမှရတယ်။ လမ်းကဆိုးတော့ မောင်းမရဘူး။  ကားတွေကလည်း မကြာခဏပြင်နေရတာ။  အခုက လမ်းပျက်နေသလို လမ်းပါကျဉ်းတယ်လေ။ သတိထားပြီးမောင်းရတယ်။ လမ်းကြေးကျတော့ အသွားအပြန် လေးသောင်းနီးပါးပေးရတယ်။ လမ်းစပျက်နေတာ ကြာလှပြီ။ အဲအချိန်ကတည်းက သူတို့သာပြင်မယ်ဆိုရင် အခုလိုအခြေအနေမဆိုးဘူး” ဟု ပုသိမ်-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ နေလဝင်းခရီးသည်တင်ယာဉ်လိုင်းမှ ကိုအောင်နိုင်ဦးက ပုသိမ်-ရန်ကုန် လမ်းမကြီးပျက်စီးနေမှုနှင့် ပတ်သက်ပြီး ပြောပြပါတယ်။

ခရီးသည်တင်ယာဉ်တွေသာမက ကုန်တင်ယာဉ်များဟာလည်း ပုသိမ်-ရန်ကုန် လမ်းမကြီးနဲ့ ပတ်သက်ပြီးတော့ ခံစားတွေ့ကြုံနေရပါတယ်။ မြန်မာနိုင်ငံအနှံ့ကို ကုန်စည်ပို့ဆောင်ပေးနေတဲ့ စန်းသော်တာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှ ကိုမြတ်မင်းသူက ပုသိမ်-ရန်ကုန်လမ်းမကြီးဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဝေးပြေးလမ်းမကြီးများအနက် အဆိုးဆုံးနဲ့ လမ်းတံတားကြေးကောက်ခံရေး ဂိတ်အများဆုံး လမ်းတစ်ခုဖြစ်တယ်လို့ သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံအရ ဆိုပါတယ်။

ပုသိမ်-ရန်ကုန်လမ်းမကြီးပေါ် ကုန်တင်ယာဉ်ဖြင့် နေ့စဉ်မောင်းနှင်သွားလာနေရသူ ကိုရဲလင်းက “လမ်းက အရမ်းဆိုးတယ်။ ကားလေးတွေဆို တန်းတွေကျိုး၊ ကားကြီးတွေဆို လေးတွေကျိုးနဲ့ ခဏခဏဖြစ်တယ်။  တာယာတွေလည်း ကွဲတာပဲ။ လမ်းက ချိုင့်တွေများလွန်းတော့ ကားအချင်းချင်း ရှောင်တာမှာ မနည်းသတိထားရတယ်။ ပျက်နေတာကြာပြီ။ သူတို့ကပြင်နေတယ်ဆိုတာ ချိုင့်တွေထဲကို သဲရယ်၊ ကျောက်ရယ်ထည့်ပြီးတော့ ပြင်တယ်လုပ်တာ။ မိုးရွာတော့ သဲက ပြန်ထွက်သွားပြီး ကျောက်တွေပဲကျန်တယ်။  ကျောက်တွေကလည်း ကားမောင်းတော့ ထွက်ကုန်တော့ ပိုပျက်တယ်။ ဘာမှမထူးဘူး။ လမ်းကြေးကျတော့ ကိုးဆူးဂိတ်မှာတင် ၃၃၀၀၊ တံတားကြေးက ၁၅၀၀၊ ကျောင်း ကုန်းက ၃၀၀၀၊ ဗိုလ်မြတ်ထွန်းက ၆၁၀၀၊ တူးချောင်းက ၂၂၀၀ ပေးရတယ်။ အသွားတစ်ကြောင်းမှာတင် ပေးရတာ။ ဆီဖိုးကျတော့ဆီ ဈေးတက်တာရောနဲ့က အရင်က ရှစ်သောင်းလောက်ကုန်တာကနေ အခုဆို တစ်သိန်းကျော်ကုန်တယ်။ မောင်းချိန်ကလည်း အရင်က ငါးနာရီလောက်မောင်းရပြီး အခုကျ ခုနစ်နာရီလောက်အထိ မောင်းရတယ်” ဟု သူ့ရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

ဒါဟာ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုမှာ ကြန့်ကြာခြင်း သက်သက်သာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ကျန်းမာရေးကိစ္စရပ်များနဲ့ပတ်သက်ပြီး အရေးပေါ်ဖြစ်လာပါက ရန်ကုန်ဆေးရုံကြီးကိုသာ လူနာများကို လွှဲပြောင်းကုသရပါတယ်။ ရန်ကုန်မြို့ကို အရေးပေါ်သွားရောက်ပြသလိုတဲ့ လူနာများဟာ ဒီလမ်းမကြီးကိုပဲ ဖြတ်သန်းသွားလာနေရတာပါ။ လမ်းမကြီးဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာမို့ လူနာတိုင်းကို အချိန်မီပို့ဆောင်ပေးရဖို့ဟာ ခက်ခဲနေပြီး လူနာတင်ယာဉ်များကို တစ်ပတ်လျှင် တစ်ကြိမ်ထက်မနည်း ပြန်လည်ပြုပြင်နေရတယ်လို့ ကရုဏာရှင်လူငယ်များအသင်း (မြောင်း မြ) မှ ကိုဝေလင်းအောင်က ဆိုပါတယ်။

အဝေးပြေးလမ်းမကြီးများကို ၁၉၉၆ ခုနှစ်မှာ စတင်ပြီးတော့ ပုဂ္ဂလိကကုမ္ပဏီအချို့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပူးပေါင်းပြီးတော့ BOT ချထားပေးခဲ့တာပါ။ BOT ချထားပေးရာမှာ အချက်ပေါင်း ၂၄ ချက်ကို အခြေခံထားပြီးတော့ ချထားပေးတယ်လို့ ဆိုပါတယ်။ နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ ယာဉ်အစီးရေပေါ်မူတည်ပြီးတော့ လမ်းပိုင်းကို ပြုပြင်ခြင်း၊ ချဲ့ထွင်ခြင်းတွေ လုပ်ရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ပုသိမ်-ရန်ကုန်လမ်းမကြီးဟာ လမ်းပိုင်းပြုပြင် ချဲ့ထွင်ခြင်းတွေကို လုပ်ဆောင်ခဲ့ပါသလဲ။

ပုသိမ်-ရန်ကုန် ကားလမ်းမကြီးကို ပြင်ဆင်အဆင့်မြှင့်တင်ပေးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက လွှတ်တော်အတွင်းမှာ မေးခွန်းမေးမြန်းခဲ့ပါသေးတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကစာဖြင့် ပြန်လည်ဖြေကြားရာမှာ ဒီလမ်းမကြီးကို ADB ချေးငွေနဲ့ ပြင်ဆင်ပေးဖို့ လုပ်ဆောင်နေပါတယ်လို့ ဖြေကြားသွားပါတယ်။ BOT ကုမ္ပဏီက ပြင်ဆင်မှာ မဟုတ်ပါဘူး။ ADB ချေးငွေနဲ့ BOT ရယူထားတဲ့ ကုမ္ပဏီဆီက နေခေတ္တလွှဲပြောင်းယူပြီးတော့ လမ်းပိုင်းကို ပြင်ဆင်မှာပါ။ ပြင်ဆင်ပြီးတာနဲ့ BOT ကုမ္ပဏီလက်ထဲကို ပြန်လည်လွှဲပြောင်းပေးအပ်မှာပါ။ အစိုးရအနေနဲ့ ကြားကနေ ငထွားခါးနာဆိုသလိုမျိုး ဖြစ်နေသလားဆိုတာ စဉ်းစားစရာပါ။ BOT ချေးငွေဟာလည်း ယနေ့အချိန်ထိ မရရှိသေးဘဲ ညှိနှိုင်းနေဆဲသာ ဖြစ်နေသေးတာမို့ ပုသိမ်-ရန်ကုန်လမ်းမကြီးပေါ် နေ့စဉ်ဖြတ်သန်းသွားလာနေရတဲ့ ပြည်သူတွေဟာ ဘာကိုမျှော်ကိုးရပါ့မလဲ။

“ဒီလမ်းနဲ့ပတ်သက်ပြီးတော့ BOT ကုမ္ပဏီက စာချုပ်ပါစည်းကမ်းချက်တွေကို လိုက်နာမှုအားနည်းတယ်။ အခု BOT ပြန်သိမ်းမယ်လို့ ကြားနေရပေမယ့် ကျွန်တော်သိထားတာက အဲဒီလိုမဟုတ်ဘူး။ လမ်းကို ADB ချေးငွေနဲ့ ပြင်မှာမို့ ဆောက်လုပ်ရေးက ခဏပြန်ယူမှာ။ ပြန်ယူပြီးပြင်ပြီးရင် BOT ကိုပဲ ပြန်ပေးမှာ BOT ကပဲ ADB ချေးငွေကို ပြန်ဆပ်ပေါ့။ ဆပ်ပြီးတော့ လုပ်ငန်းဆက်လုပ်ပေါ့ဗျာ။ အဲဒီလိုမျိုးလို့ သိထားတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ပြောပါတယ်။

လမ်းပိုင်းများ ဆိုးရွားစွာပျက်စီးနေမှုကို စက်တင်ဘာလမကုန်မီ အလုံးစုံပြီးစီးအောင် ပြင်ဆင်ပေးရန် BOT ကုမ္ပဏီကို ညွှန်ကြားထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လျှပ်စစ်၊ လမ်းပန်းနဲ့ စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားထားပါတယ်။ မြေပြင်အခြေအနေမှာတော့ ပြင်ဆင်တယ် ဆိုရုံမျှသာ ပြင်ဆင်ထားပြီး ပြင်ဆင်တယ်ဆိုတဲ့ လမ်းပိုင်းနေရာများဟာလည်း ပျက်စီးမှုများ အပြည့်နဲ့ပါ။ ဒါဟာပြည်သူတွေ လက်တွေ့ကြုံတွေ့နေရတာပါ။

ပုသိမ်-ရန်ကုန်လမ်းမကြီးကို BOT ရယူထားတဲ့ ကုမ္ပဏီဟာ Oriental Highway ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီကို နှစ် ၄၀ သက်တမ်းရှိစာချုပ်ဖြင့် အငှားချထားပေးပြီး လက်ရှိစာချုပ်သက်တမ်းဟာ ခုနစ်နှစ်ခန့်သာရှိသေးပြီး စာချုပ်သက်တမ်းဟာ ၃၃ နှစ်အထိ ကျန်သေးတယ်လို့သိရပါတယ်။ BOT အဖြစ် ချထားပေးဖို့ လုပ်ဆောင်ရာမှာ အခြေခံမူဝါဒ ၂၄ ချက်နဲ့ ချထားပေးပါတယ်။ ဒီအချက်တွေထဲမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကနေ ဒီလမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ BOT ချထားပေးသင့်တယ်ဆိုတဲ့ အဆိုပြုချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဝန်ကြီးက ဒီကုမ္ပဏီဟာ လုပ်ငန်းကို တကယ်ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နိုင်တယ်လို့ ထောက်ခံတဲ့ ထောက်ခံမှု ဒီနှစ်ခု ပါဝင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်ဟာ မကြာသေးခင်ကမှပြုလုပ်တဲ့ အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲမှာ သူဝန်ကြီးချုပ်တာဝန်ယူပြီးကာလအတွင်းမှာ နေပြည်တော်ကို တစ်လကို နှစ်ခေါက်နီးပါးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆို သူ ဒီပုသိမ်-ရန်ကုန်လမ်းရဲ့ ပျက်စီးနေမှု  BOT ကုမ္ပဏီ လုပ်ဆောင်ရွက်မှု အားနည်းချက်တွေကို မမြင်တွေ့ခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာပါ။

BOT စာချုပ်များနဲ့ ဆောင်ရွက်နေတဲ့ လမ်းမကြီးများဟာ စာချုပ်ပါစည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှုမရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အဆိုကို သြဂုတ် ၆ ရက်က ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ယင်းအဆိုကို လွှတ်တော်အတွင်း ဆွေးနွေးစဉ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဆွေမြင့်ဦးက “နိုင်ငံတစ်ဝန်းလုံးမှာ BOT စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီ ၂၅ခုက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လမ်းမကြီးပေါင်း ၆၁ လမ်း၊ လမ်းအရှည်မိုင်ပေါင်း ၃၀၂၅ မိုင်ရှိကြောင်း သိရပါတယ်။ BOT စနစ်နဲ့ လမ်းတံတားလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ရဲ့ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ BOT လုပ်ကိုင်နိုင်ဖို့ MIC ဥပဒေ၊ နည်းဥပဒေ စည်းကမ်းချက်တွေ စစ်ဆေးရေးအဖွဲ့တွေ ရှိနေပေမယ့် လုပ်ငန်းလုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေအနေနဲ့ စာချုပ်ပါစည်းကမ်းချက်တွေနဲ့အညီ လိုက်နာမှုလိုအပ်နေတာကို ပြန်လည်ဆန်းစစ်မှု လိုအပ်နေပါတယ်” လို့ ဆွေးနွေးသွားခဲ့ပါတယ်။

ပုသိမ်-ရန်ကုန်လမ်းမကြီးကို BOT ရယူထားတဲ့ကုမ္ပဏီဟာ စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာမှုရှိပါရဲ့လား။ ပြည်သူများအနေနဲ့ BOT ကုမ္ပဏီက စာချုပ်ပါစည်းကမ်းချက်တွေကို လိုက်နာလား၊ မလိုက်လားဆိုတာ မသိကြပေမယ့် လမ်းပျက်နေတာကိုတော့ သိကြပါတယ်။ ဒီပျက်နေတဲ့လမ်းကို နိုင်ငံတော်က ADB ချေးငွေနဲ့ ပြင်ဆင်ပေးမယ်ဆိုပြီး သတင်းထွက်ပေါ်လာမှုဟာ ဝမ်းသာစရာသတင်းဖြစ်ပေမယ့်  ဘယ်နေ့မှာမှ ချေးငွေရမယ်၊ ပြင်ဆင်ပြီးမယ်ဆိုတာကို မသိရသေးသလို လမ်းပိုင်းပြင်ဆင်ပြီးတာနဲ့ မူလ BOT ရယူထားတဲ့ ကုမ္ပဏီလက်ထဲကိုပဲ ပြန်လည်ပေးအပ်မယ်ဆိုတာ ပြည်သူတွေအတွက် စဉ်းစားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မူလလမ်းမကြီးကိုတောင် ကောင်းအောင်မပြင်ပေးနိုင်ဘဲ လမ်းတံတားကြေးသာ ကောက်ယူပြီး လုပ်ဆောင်နေတဲ့ လမ်းမတစ်ခုကို နိုင်ငံတကာချေးငွေတစ်ခုနဲ့ အစိုးရက ပြင်ဆင်ပေး၊ ပြင်ဆင်ပေးပြီးတော့ မူလကုမ္ပဏီလက်ထဲကိုပဲ ပြန်ထည့်မယ်ဆိုတော့ လမ်းပိုင်းသာ ထိန်းသိမ်းမှုမရှိလို့ ပြန်ပျက်ခဲ့မယ်ဆိုရင် ဘယ်သူက တာဝန်ယူ တာဝန်ခံမှာလဲ။

စာချုပ်ပါစည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့ BOT ကုမ္ပဏီတွေကို ပြန်သိမ်းဖို့ ပြည်သူ့လွှတ်တော်ကတော့ အတည်ပြုလိုက်ပါပြီ။ အရင်အစိုးရလက်ထက်မှာ စည်းကမ်းမလိုက်နာတဲ့ BOT ကုမ္ပဏီတွေကို ပြန်သိမ်းတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။ ဥပမာ နမ်‌့ခမ်း-ဗန်းမော်အပိုင်း၊ သာယာကုန်း-ဆဝမ်ကထောင်အပိုင်း စတာတွေကို BOT စည်းကမ်းနဲ့ မညီလို့ဆိုပြီး ပြန်သိမ်းခဲ့ပါတယ်။ ပြည်သူ့အစိုးရလက်ထက်မှာတော့ BOT စာချုပ်ပါ စည်းကမ်းချက်တွေကို ပြည်သူတွေ မသိပေမယ့် လမ်းတံတားကြေးများစွာ ပေးထားရပြီး လမ်းပျက်နေတာကိုတော့ ပြည်သူတွေသိနေရပါတယ်။ ဒါကို ပြည်သူ့အစိုးရအနေနဲ့ ဘယ်လိုဖြေရှင်း လုပ်ဆောင်မလဲဆိုတာ မျှော်လင့်လျက်ပါပဲ။

 

Most Read

Most Recent