“နင်က ဘာကောင်လဲလို့ မေးလိုက်ပါလား။ ပါးကို ရိုက်ပစ်ခဲ့ရမှာ” တဲ့။ ရှေ့လမ်းပေါ်ကနေ ဖြတ်သွားတဲ့ ဆိုင်ကယ်ပေါ်ကနေ လူတစ်ယောက်က အော်ပြောသွားတယ်။ သူ့ နောက်မှာက မိန်းမတစ်ယောက် ၀၀ဖိုင့်ဖိုင့်နဲ့။ အဲဒီမိန်းမနဲ့ အော်ပြောနေတဲ့ ယောက်ျားရဲ့ကြားထဲမှာ ကလေးလေးတစ်ယောက်က ဆိုင်ကယ်ပေါ် မတ်တတ်ရပ်လို့ ဟိုဟိုဒီဒီ ငေးရင်းပါသွားတယ်။ သုံးစက္ကန့်လောက်နေတော့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းနဲ့ ကွယ်သွားတော့ ဆိုင်ကယ်ကို မမြင်ရတော့ပါဘူး။ ပုံစံကြည့်ရတာတော့ ယောကျ်ားလုပ်သူဟာ သူ့မိန်းမ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတစ်ခုခုနဲ့ ပတ်သက်လို့ မချိတင်ကဲ ဖြစ်ပုံပဲ။ သူက သူ့မိန်းမကို ပြန်ပြီး ရန်တွေ့ခဲ့လိုက်စေချင်တာနေမှာ။ ကလေးကတော့ အဲဒါတွေ သိမှာမဟုတ်ဘူး။ လူကြီးတွေ ပြောသမျှ စကားလုံးတွေ အကုန်လုံးကို နားမလည်နိုင်သေးတဲ့ အရွယ်မျိုး။ ကျွန်တော်တို့ ငယ်ငယ်ကလည်း ကျွန်တော်တို့ရှေ့မှာ ကျွန်တော်တို့အမေတွေ အဖေတွေ ဒီလိုတွေရန်ဖြစ်တာ အော်ဟစ်ငေါက်ငမ်းတာတွေ ရှိခဲ့မှာပဲ။ အားလုံးကို မမှတ်မိခဲ့ဘူးလေ။ ဒါပေမဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ စကားဝိုင်းတွေမှာ ငြင်းကြခုံကြပြီဆိုရင် ကျွန်တော်က အမြဲတမ်း ကလေးတွေနဲ့ပတ်သက်လို့ အဓိကထား ပြောလေ့ရှိတယ်။ “ခင်ဗျားတို့က ကြီးပြီ။ တကယ်ကောင်းကောင်း မကောင်းကောင်း ဘယ်ဟာ ကောင်းတယ် ဘယ်ဟာ မကောင်းဘူး ခွဲခြားတတ်နေပြီ။ အဲဒီတော့ ခင်ဗျားတို့ စိတ်အပန်းဖြေဖို့ ညစ်ညမ်းဟာသတွေ ညစ်ညမ်းရိုက်ကွက်တွေကြည့်ဖို့ လိုတယ်ထင်ရင် သွားကြည့်။ ကလေးတွေကို ခေါ်မသွားနဲ့၊ ကလေးတွေဟာ ရေမြှုပ်နဲ့တူတယ်။ ကောင်းကောင်း မကောင်းကောင်း မသိလိုက်ရပါဘဲ စုပ်ယူထားမိမှာ”။ ကျွန်တော်က အဲဒီလိုလေး ပြောလိုက်ရရင် စိတ်ချမ်းသာသွားတာပဲ။ ဘယ်သူ လက်ခံခံ မခံခံ။ ငါ့မှာ ငါ့နည်းငါ့ဟန် ရှိတယ်ဆိုတဲ့ သဘောကို ကျေနပ်မိတယ်။ ကျွန်တော်က ကိုယ်ပုံစံနဲ့ကိုယ် နေရတာကို နှစ်သက်တယ်။ ကိုယ့်ပုံစံက လုံးလုံးသုံးမရတဲ့ပုံ ဖြစ်နေဦးတော့ပေါ့လေ။ ဒါပေမဲ့ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် လုံးလုံးသုံးမရတဲ့လူလို့ ထင်မှာလဲ။ ဖြစ်အောင်လည်း မလုပ်ဘူး။
စာဖတ်ရသလိုမျိုးပဲ တစ်နေ့တစ်နေ့ လမ်းမကိုငေးရင်း ကျွန်တော့်ရှေ့မှာ အဖြစ်အပျက်လေးတွေ ဖြစ်သွားတဲ့အခါတိုင်း အားနေတော့ ရေဆုံးရေဖျား လိုက်ခွဲခြားစိတ်ဖြာ နေလိုက်တယ်။ အားနေရင်တော့ လူတိုင်း ကျွန်တော့်လို လုပ်သင့်တယ်။ “ငါတို့မှာ အဲဒီလို အရေးမပါတာတွေ တွေးနေဖို့ အချိန်မရှိဘူးကွ” လို့ ဆိုရင်တော့ “ဘာတွေအတွက်များ အချိန်ရှိနေတာတုန်း” လို့ ကျွန်တော်က ပြန်မေးမယ်။ အရေးပါတာက ဘာလဲ။ အရေးမပါတာက ဘာလဲ ဆက်မေးလို့ရသေးတယ်။ ထားတော့။ အတွေးတစ်ခု အဆုံးသတ်သွားတာနဲ့ လက်ထဲက စာအုပ်ကို ပြန်ဖြန့် ကျွန်တော် ဖတ်နေမယ်။ ပြီးတော့ စာအုပ်ထဲက အကြောင်းကို တွေးဖို့ စာအုပ်ကို ရင်ဘတ်ပေါ် ပြန်ဖြန့်တင်ထားလိုက်မယ်။ ဥပမာဆိုပါစို့ ဘာသာပြန်ထားတဲ့ မီရှယ်ဝဲဘတ် စာအုပ်တစ်အုပ်။ အဲဒီစာအုပ်ကို ဖတ်နေရင်းနဲ့ မီရှယ်ဝဲဘတ်ဆိုတဲ့ကောင်ကြီးရဲ့ အတွေးတွေကို ကျွန်တော်အနေနဲ့ သိနေ ဖတ်နေရတာဆိုတော့ စာအုပ်နောက်ဖုံးက မီရှယ်ဝဲဘတ်ဆိုတဲ့ ကောင်ကြီးရဲ့ မျက်နှာကို ကြည့်မိတယ်။ စုတ်တီးစုတ်ပြတ်ကောင်ကြီး။ ခေါင်းမှာ ဆံပင်ကလည်း သိပ်မရှိဘူး။ ရှိတဲ့အမွေးအမှင် အနည်းငယ်ကလည်း ငွေရောင်လိုလို အဖြူရောင်လိုလို စုတ်ဖွာဖွာကြီး။ စာရေးဆရာတစ်ယောက်ရဲ့ ဥပဓိကတော့ ထင်းခနဲပဲ။ ဒါပေမဲ့ ပုံစံကြည့်ရတာ အဲဒီ ပြင်သစ်သားကြီးဟာ တစ်နေ့တစ်နေ့ လမ်းပေါ်ကို ဆင်းလာ၊ လမ်းမှာတွေ့သမျှ မိန်းမတွေရဲ့ အတွင်းခံအရောင်ကို ခန့်မှန်းနေတဲ့ကောင်ကြီးမျိုးလားလို့ နစ်နစ်နာနာဖြစ်အောင် စွပ်စွဲပစ်လိုက်တယ်။ ပြီးတော့ အသံထွက်အောင် ကျွန်တော် ရယ်မိတယ်။ အဟိခနဲပဲ။ ဒီကောင်ကြီးက ကျွန်တော့်ကို သိတောင်သိမှာမဟုတ်ဘူး။ သေတာတောင် မသိဘူး။
စာဖတ်တဲ့အလုပ်ရဲ့ အားသာချက်က အဲဒါပဲ။ ကျွန်တော်က အဲဒါကို အရမ်းကြိုက်တယ်။ နောက်ပြီး စာဆိုရင် သွက်နေမှ ကျွန်တော်က ကြိုက်တာ။ ဒါတောင် ခုနောက်ပိုင်း ဘာသာပြန်စာအုပ်တွေမှာ ဇာတ်ကောင်တစ်ကောင်ရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်လို့ ရေးသားထားတဲ့ ဆာရီရယ်ဆန်ဆန် နိမိတ်ပုံတွေ၊ ဘာသာဗေဒကိုပဲ မနိုင်မနင်းဖြစ်နေလို့ ကလေးတစ်ယောက် မဆက်တတ် ဆက်တတ် ဆက်ထားတဲ့ အရုပ်ကားကို ကြည့်ရသလို ဝါကျတွေကိုဖတ်ရရင် အဆင်မပြေဘူး။ ဘာပြောချင်မှန်းတောင် မသိတော့ဘူး။ အဲဒီတော့ ကျော်ပစ်လိုက်ရတယ်။ စာရေးသူတွေဟာ ကိုယ့်ဝါကျတွေကိုတော့ ပြန်သုံးသပ်သင့်တယ်။ ငါ့ဝါကျဟာ ငါပြောချင်တာကိုရော ခြုံမိရဲ့လားပေါ့။ ဖန်တီးစာရေးတာမျိုးကတော့ တစ်မျိုး။ ခင်ဗျားဟာခင်ဗျား ရေးချင်တာ ချရေး၊ သိစိတ်အလျင်ပဲခေါ်ခေါ် ဘာခေါ်ခေါ်။ ဝါကျတစ်ကြောင်းဟာ စာဖတ်သူ လူတစ်ယောက်ရဲ့ ဘဝအပေါ်မူတည်ပြီး ဖြစ်ချင်ရာ ဖြစ်သွားမှာလည်း ပူစရာမလိုဘူး။ ဒါပေမဲ့ နားမလည်လို့ ကျော်ချပစ်လိုက်ရတယ် ဆိုရင်တော့ မနိပ်ဘူး။ မဖြစ်သင့်ဘူး။
ပုံမှန်အားဖြင့်တော့ ကျွန်တော်က ရိုးစင်းပြီး လူ့စရိုက်ကိုလည်း အင်မတန် ထင်ရှားအောင် ဖွဲ့ထားတဲ့စာတွေကိုပဲ ကြိုက်တာ။ ဂေါ်ကီရဲ့ အမေတို့၊ ချားဒစ်ကင်ရဲ့ မျှော်တလင့်လင့်တို့၊ ချက်ကော့ရဲ့ လူနာဆောင်အမှတ်ခြောက်တို့၊ အေဂျေခရိုနင်ရဲ့ ဝတ္ထုတွေတို့ စသဖြင့်ပေါ့လေ။ ဇာတ်အိမ်ခိုင်ခိုင်ကြီးတွေနဲ့ ထူထူထဲထဲကြီးတွေ ဖတ်ရတာ အရသာရှိတယ်။ ခုနောက်ပိုင်း နိုင်ငံတကာက ခေတ်ပြိုင်စာပေဆိုတာတွေလည်း ကျွန်တော်ကြိုက်ပါတယ်။ အဓိကက မတူညီတဲ့ လူ့အဖွဲ့အစည်း၊ မတူညီတဲ့ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ စတာတွေကနေ နှစ်ရှည်လများ အရည်တည်လာရာကနေ လူတစ်ယောက်ဖြစ်လာ၊ အပယ်ခံပေါ့။ လူတွေကိုလည်း ကြည့်လို့မရဘူး။ အခြေအနေမကောင်းရင် အစွန်းရောက် အကြမ်းဖက်မှုတွေကိုတောင် လွယ်လွယ်လုပ်နိုင်လောက်အောင် စိတ်ဒဏ်ရာပြည့်နေတဲ့ ဥရောပက ဂဂျောင်ကောင်တစ်ကောင်ပေါ့။ ရုပ်ကဆိုးတော့ စော်လည်း မကြည်ဘူး။ ပညာမတတ်တော့ လူရာကလည်း မဝင်ဘူး။ ဒီကြားထဲ အကျင့်ကလည်းမကောင်း အတ္တကလည်း ကြီးလွန်းတော့ သူနဲ့ နေ့စဉ်ဆက်ဆံနေရတဲ့ လူအနည်းငယ်နဲ့မှာတောင် အဆင်မပြေဖြစ်နေသူတစ်ယောက်။ သူရဲ့ အတွေးတွေ၊ လုပ်ရပ်တွေ၊ ခပ်ကြောင်ကြောင်စရိုက်တွေ၊ ရှောင်ဖယ်ဖယ် လုပ်ချင်တာတွေ။ အဲဒါတွေကို ဖတ်ရတာ အတိုင်းအတာတစ်ခု အနေနဲ့ ကျွန်တော် ကြိုက်တယ်။ နောက်ပြီး ၁၀ ကြောင်း ၁၅ ကြောင်းလောက်သာရှိမယ့် ပြောပလောက်အောင် ဘာမှမရှိဘူးလို့ထင်ရတဲ့ ဝတ္ထုလိုလို ဘာလိုလို စာအသေးစားလေးတွေလည်း ကျွန်တော်ကြိုက်တယ်။ ဥပမာအနေနဲ့ အောက်က စာပိုဒ်ကို ဖတ်ကြည့်။
“သူတို့ဘဝနဲ့ သူတို့တော့ ရှိတာပဲပေါ့ ဦးလေးရယ်လို့ ကျွန်တော်က လေအေးအေးနဲ့ ပြောလိုက်တယ်။ ကျွန်တော်က သူ့ရဲ့ ဒေါသကို နည်းနည်းလျော့သွားစေဖို့ စိတ်ထဲရှိရာ စကားတစ်ခွန်းခွန်း ပြောလိုက်တာပါ။ တကယ်တော့ ကျွန်တော့်စကားက အခုအဖြစ်အပျက်မှာ ပြောဖို့တောင်မသင့်တဲ့ စကားမျိုး။ မနက်ခင်းက စာကလေးလေးတစ်ကောင် အပင်ပေါ်ကနေ မြောင်းထဲကို ဘုတ်ခနဲ ပြုတ်ကျလာတာ။ အဲဒါကို ဦးလေးကကောက်ပြီး ဆိုင်ကယ်ဖင်ထိုင်ခုံပေါ် တင်ထားလိုက်တယ်။ နေအပူရှိန်လေးလည်း ရအောင်ပေါ့။ စာကလေးလေးက သနားစရာ။ သေးသေးလေး။ စာကလေးပေါက်ကလေးနေမယ်။ မြောင်းထဲ ပြုတ်ကျထားတော့ တစ်ကိုယ်လုံး ရေစိုနေလို့ နည်းနည်းပွနေတာတောင် သေးသေးလေးပဲ။ ပြီးတော့ တုန်ယင်နေတယ်။ ဦးလေးက နေ့လယ်စာအတွက် သူ ထုပ်ယူလာတဲ့ ထမင်းချိုင့်ထဲက ထမင်းလုံးလေးတွေ ချကျွေးတာလည်း စာကလေးလေးက တို့မကြည့်ဘူး။ သူ့ရဲ့ စိုပွပွဖြစ်နေတဲ့ အတောင်ပံနှစ်ခုကြားမှ ခေါင်းကိုဖွက်ထားရင်း တဆတ်ဆတ် တုန်နေတယ်။ အဲဒီ စာကလေးငှက်ကလေးနဲ့ပဲ ဦးလေးမှာ တစ်နေ့လုံး အလုပ်ရှုပ်နေတာ။ စာကလေး ငှက်ကလေး ဆက်လက်အသက်ရှင်ဖို့ အတွက် အားထုတ်ရင်း တစ်နေ့လုံး ဈေးလည်း ကောင်းကောင်း မရောင်းဖြစ်ဘူး။ အမျိုးအစားစုံတဲ့ ဆပ်ပြာတို့၊ သွားတိုက်ဆေးတို့ကို တံဆိပ်တစ်ခုပြောပြီး လာဝယ်တာမျိုးဆိုရင် သူက ရှာမရောင်းချင်တော့ဘူး။ မရှိဘူးလို့ပဲ ပြောလွှတ်လိုက်တယ်။ ပါးစပ်ကသာ ပြောနေတာ မျက်လုံးက ငှက်ကလေးဆီကနေ လက်မဝက်လောက်တောင် ရွေ့လျားမသွားဘူး။ အဲဒီလောက် သူက ငှက်ကလေးအပေါ် ကရုဏာသက် ဂရုစိုက်ပြုစုနေတဲ့ကြားက ညနေစောင်းတော့ ငှက်ကလေးက သေသွားရှာတယ်။ သူ့မှာ မျက်နှာကို မကောင်းဘူး။ သေသွားတာတောင် ဆိုင်ကယ်ခုံပေါ်က ငှက်ကလေးကို နေရာမပြောင်းဘဲ ဒီအတိုင်း ထားထားသေးတာ။ လူများလို မျောနေတာဖြစ်ချင်ဖြစ်မှာလို့ သူ့စိတ်က ထင်နေတုန်းပဲ။ သူ့ကိုယ်သူ ပြန်ဂရုစိုက်နေသလိုမျိုးပါပဲ။ ငှက်ကလေးအပေါ် သူလုပ်နေပုံက။ ဈေးရောင်းနေရင်းနဲ့လည်း ငှက်ကလေးအလောင်းကို လှမ်းလှမ်းကြည့်နေတုန်း။ အဲဒီလိုဖြစ်နေချိန်မှာမှ အခြေအနေကိုမှ နားမလည်တဲ့ ကယ်ရီသမား တစ်ကောင်က ဆိုင်ကို ရောက်လာပြီး ဟာ စာကလေးလေးပါလား။ ကြော်စားလိုက်မယ်။ ကျွန်တော့်ကိုပေးတဲ့။ ဒုတ်ဒုတ်ထိကြီး ပြောချလိုက်လို့ ပြဿနာမတက်အောင် မနည်းထိန်းလိုက် သိမ်းလိုက်ရတယ်ဗျာ”
အဲဒါ ကျွန်တော်ရေးထားတာပါ။ လူ့ စရိုက်ကလေးလည်း ပါတယ်ပေါ့။ စိတ်ကျေနပ်စရာ အဖြစ်အပျက်ကလေးလည်း ပါတယ်။ စသဖြင့်ပေါ့။ ဖတ်လို့ မကောင်းဘူးလား။ ဒီစာပိုဒ်အလိုအရ လူတွေဟာ လောလော လောလောနဲ့ မဆုံးဖြတ်သင့်ဘူး၊ အခြေအနေဟာ ကိုယ်ထင်ထားသလို မဟုတ်ဘဲ ဖြစ်ပျက်နေတတ်တယ်။ လူတွေအနေနဲ့က ကိုယ့်ကိုယ်ကိုယ် အထင်ရောက်နေတာတွေကို လျှော့ချသင့်တယ်။ လူတော်တော်များများက ကိုယ်နဲ့ ဖြတ်သန်းမှုတူနေရင် ခင်တတ် မင်တတ်ကြတယ်။ မတူရင်ကျတော့ မုန်းတီးမနေဘူး ဆိုရင်တောင် မခေါ်ချင် မပြောချင်တော့ဘူး။ လူတိုင်းက သူ့ပုံစံနဲ့သူ ဒုက္ခရောက်လာကြတာချည်းပဲဆိုတာတောင် မတွေးနိုင်တော့ဘူး။ ဒါကြောင့် ကမ္ဘာပေါ်မှာ ရှိတောင် မရှိလောက်ဘူးလို့ ကိုယ်ထင်နေတဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကြောင်းမျိုးဆိုရင် လူတွေ အနေနဲ့ လိုက်လံရှာဖွေ ဖတ်ရှုသင့်တယ်။ ဘာကြောင့် ထူးဆန်းနေရတာလဲ။ သြော် ဒင်းက ဒါကြောင့် ဒီလောက် ယုတ်မာနေတာကိုး။ သြော် သနားစရာ၊ အနည်းဆုံးတော့ သူ ကြုံခဲ့ရတာတွေကို သဘောပေါက်သွားမယ်။ စတဲ့ ကြီးကြီးကျယ်ကျယ် မက်ဆေ့ချ်တွေ ဘာတွေပေါ့ဗျာ။
လူဆိုတာက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာက ပြောရလွန်းလို့ အဲဒီ ဝါကျကို မြင်ရင်တောင် ပေါတောတော လူတစ်ယောက်တော့ လာပြန်ပြီလို့ အထင်ခံရအောင် လူဆိုတာက တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး။ အဲဒီတော့ ကိုယ့်လို မနက်ခင်းတစ်ခုမှာ ကောင်းကောင်းမွန်မွန် နိုးလာ၊ နည်းပညာ အကူအညီကို နင်းကန်ယူပြီး ရောက်လာမယ့် သတင်းဆိုးတွေလည်း မရှိ၊ စားရေးသောက်ရေးမှာလည်း ပြောပလောက်အောင် မပူပင်ရတဲ့ လူတစ်ယောက် သေချာပေါက်ရှိတယ်ဆိုရင် အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်၊ ဒါမှမဟုတ် နည်းနည်းဆင်၊ ဒါမှမဟုတ် တခြားတစ်နည်းနည်း ဘဝပုံသဏ္ဌာန်တွေကလည်း ရှိမှာပဲ။ ဝတ္ထုတို့၊ အက်ဆေးတို့၊ ရသစာပေတို့ ဖတ်တယ်ဆိုတာက မတူကွဲပြားမှုကို လေ့လာတာ။ လူ့စရိုက်ကို စူးစမ်းတာ။ ကျွန်တော့်အနေနဲ့ နေရာတစ်ခုခုကို သွား၊ ဧည့်သည်သွားလုပ်၊ ကိုယ်နဲ့မသိတဲ့ လူတွေအကြားမှာ တင်ပျဉ်ခွေထိုင်ပြီး အဲဒီ ကျွန်တော်နဲ့ မသိတဲ့လူတွေ တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြတာတွေ၊ ခေါင်းကုတ်ကြတာတွေ၊ စိတ်ဆိုးကြတာတွေ၊ ရယ်မောကြတာတွေကို လေ့လာမှတ်သားလာပြီး ပြန်ချရေးမယ်ဆိုရင်လည်း ရေးတတ်ရင် လူတွေက အဆုံးထိ ဖတ်ကြမှာပဲ။ ပြီးတော့ ထင်မြင်ချက်တွေ ပေးကြမှာပဲ။ ကောင်းလိုက်တာ ဆရာ။ မှတ်သားရပါတယ်ရှင့်။ ဖတ်ခွင့်ရတာ ကျေးဇူးပါ။ ဒါမှမဟုတ် ငကြောင်ပဲ။ ဒါလား စာတစ်ပုဒ် ဘာတွေလျှောက်ရေးထားမှန်း မသိဘူး။ ဒါမျိုးကတော့ ငါတောင် ရေးတတ်တယ်ကွ။ စသော စသော သူ့ဘဝနဲ့သူ ခိုင်လုံတယ်လို့ ထင်နေတဲ့ ထင်မြင်ချက်တွေဟာ လမ်းဘေးမှာ ဇိမ်ကျကျ ထိုင်နေသူက ဖြစ်ဖြစ်၊၊ ဒါမှမဟုတ် အလုပ်တွေ ကုန်းရုန်းလုပ်နေတဲ့ကြားကနေ ဖုန်းကလေးခဏဖွင့် ချွေးကလေး သုတ်ရင်းဖြစ်ဖြစ် ပေးနေကြမှာပဲ။ လွယ်တာကိုး။ ဒီတော့ စာကလေးလေးပါလား ကြော်စားလိုက်မယ် ဆိုတာမျိုးက နာကျည်းနေလို့တောင် ဆုံးတော့မှာ မဟုတ်ဘူးလေ။