ကြောက်နေရတယ်

ကြောက်နေရတယ်
Published 16 August 2018

YBS ကားတစ်စီးပေါ်တွင် အကူအညီတောင်းခံစာရွက်ပေးပြီး ပိုက်ဆံတောင်းသော အမျိုးသားတစ်ဦး ကားပေါ်မှဆင်းသွားသည်ကို သင်္ဃန်းကျွန်းမြို့နယ်အတွင်း တွေ့ရစဉ် (Photo: ZZA)

ညတွေဆို အိပ်မပျော်တတ်သည်မှာ ကျွန်တော့်အကျင့်ဖြစ်သည်။ ပုံမှန် နံနက် ၃၊ ၄ နာရီမှ အိပ်တတ်သည်။ ဘယ်လောက်ပင် စောစောအိပ်ရာဝင်သည်ဖြစ်စေ အိပ်မပျော်တတ်။ ဝန်ထမ်းဘဝဖြင့်နေရစဉ်က ညပိုင်း အိပ်ပျော်၊ မပျော်က အရေးမကြီး။ မနက် ရုံးတက်ချိန် မှန်ကန်ဖို့ ဦးစားပေးရသည်။ လတ်တလောအခြေအနေမှာတော့ ဝန်ထမ်း ဘဝကနားပြီးစိတ်သစ်ကိုယ်သစ်ဖြင့် နေ့ရက်တွေကို အဆင်ပြေပြေကျော်ဖြတ်နိုင်ရန် ကြိုးစားနေရသည်။

ပွင့်ပွင့်လင်းလင်းပြောရပါက ကိုယ်မျှော်လင့်သောဘဝကို တည်ဆောက်ခွင့်ရဖို့ လခစား ဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး အလုပ်မရှိသောဘဝကို ယာယီဖြတ်သန်းနေရသည်။ ဒီလိုအချိန်မျိုးလေးမှာ စိတ်ကိုလွှတ်ထားချင် သည်။ အနှောင်အဖွဲ့ကင်းသော နေ့ရက်လေးများကို လိုချင်သည်။  ညပိုင်း အိပ်ချင်တဲ့အချိန် အိပ်မည်။ အိပ်ချင်မှလည်း အိပ်မည်။ မနက်ပိုင်းလည်း အိပ်ရာထချင်တဲ့ အချိန်မှထမည်။ တစ်ခါတစ်ရံ လူမှုလုပ်ငန်းတွေကနေ ခဏတ ဖြုတ်လွတ်လပ်ခွင့်ရ နေခြင်းကို ကျွန်တော် တန်ဖိုးထားချင်သည်။  ဒီနေ့တော့ မနက် စောစောကတည်းက အိပ်ယာနိုးနေသည်။ ညဦးပိုင်းကတည်းက မိတ်ဆွေ စာရေးဆရာ တစ်ဦးနှင့် သတင်းစာအယ်ဒီတာတစ်ဦး ထံသွားရန် သဘောတူထားသည်။ ၎င်း အယ်ဒီတာကိုလည်း ကျွန်တော်တို့ လာမည်ဟု ဖုန်းဆက်၍ ကြိုတင်အကြောင်း ကြားထားသည်။ တစ်ခါတစ်ရံ ထိုသို့တကူးတကတွေ့ ဆုံ၍ စကားပြောကြသည်မှာ ကျွန်တော်တို့ရဲ့ထုံးစံဖြစ်သည်။ ထို့ကြောင့် နံနက် ၄ နာရီခန့်မှအိပ်သော်လည်း ခပ်စောစောပင် နိုးနေသည်။

မိတ်ဆွေစာရေးဆရာဖုန်းဆက်တော့ ကျွန်တော်က အဆင်သင့်ဖြစ်နေပြီ။ သူက YBS နှင့်  သွားရန်ပြောသည်။ ကျွန်တော်ကဘူတာနှင့်ပိုမိုလမ်းသင့်သောကြောင့် ရထားနှင့်သွားရန် အကြံပြုသည်။ နှစ်ယောက်သား ဘူတာသို့ ထွက်လာရာ ဘူတာရောက်တော့ အနီးဆုံးရထားက အချိန်တိကျစွာပင် ထွက်ခွာသွားပြီဖြစ်သည်။ ထိုအချိန်တွင် ကြိုတင်အချိန်းအချက် လုပ်မထားသော မိတ်ဆွေ တစ်ဦးက ဖုန်းဆက်သည်။ မြို့ထဲရောက်နေ သောကြောင့် တွေ့ချင်သည်ဟုဆိုသည်။  ကျွန်တော်တို့ကလည်း သူနှင့်တွေ့ရခဲသောကြောင့် တွေ့ချင်မိသည်။ နာရီဝက်ခန့်တွင် မြို့ထဲရောက်မည်ဟု ပြောလိုက်သည်။ ပြီးမှ နောက်လာမည့်ရထား အချိန်ကိုကြည့်မိရာနာရီဝက်ကျော်ခန့် လိုနေသေးသည်ကို တွေ့ရသည်။ အချိန်မမီမှာကြောက်သောကြောင့် YBS စီးရန်ဆုံးဖြတ်ရပြန်သည်။ မိတ်ဆွေ စာရေးဆရာက လမ်းတွေပိတ်မှာကြောက်ရသည်ဟုပြောသည်။ ထင်သည့်အတိုင်း နေ့ခင်းပိုင်းမှာပင် လမ်းကပိတ်လို့ကောင်းနေပြီ။ ကားပေါ်ရောက်တော့ ကံကောင်းထောက်မ စွာထိုင်ခုံရသည်။ တစ်မှတ်တိုင်၊ နှစ်မှတ်တိုင် စီးပြီးတဲ့အခါ အသက်နှစ်ဆယ်ဝန်းကျင် အရွယ်ခန့် အမျိုးသမီးတစ်ဦးက စာရွက်ပိုင်းလေးတစ်ရွက်လာပေးသည်။ ကားပေါ်မှခရီးသည်အားလုံးပေးခြင်းဖြစ်သည်။ ကျွန်တော့်ကိုလာပေးတော့ ကျွန်တော်ကမယူ။ စာရွက်ကို ကျွန်တော့်ပေါင်ပေါ်တင်သွားသည်။ မိတ်ဆွေစာရေးသူကလည်း သူ့လက်ထဲရောက်နေသော စာရွက်အား ကျွန်တော့်ကိုပေးသည်။ ထိုအမျိုးသမီးပြန်လာယူသောအခါ အလွယ်တကူ ယူ၍ရစေရန် ထိုင်ခုံလက်ရန်းတွင် ညှပ်ပေးထားလိုက်သည်။ ကျွန်တော်ထိုသို့ ပြုလုပ်သည်ကို ထိုအမျိုးသမီးက သဘောကျပုံမရပေ။ စာရွက်များကို ဆောင့်အောင့်ဆွဲဖြုတ်ပြီးလူတိုင်းမြင်နိုင်အောင် အလိုမကျဟန် ဒေါသထွက်ဟန်ကို ပြသည်။ ထိုအခြင်း အရာကိုမြင်သောအခါ ကျွန်တော်တို့နောက် နားထိုင်ခုံမှ အမျိုးသမီးက “အမယ်လေး သူတို့ ကိုလည်းကြောက်နေရတာပဲ” ဟုပြောသည်။ ကျွန်တော်လည်း ဘေးမှာထိုင်နေသော စာရေးသူမိတ်ဆွေအား လက်တို့ကာ “ကျွန်တော်တို့ အနေအထားက အကုန်လုံးကို ကြောက်နေရတာဗျ” ဟု ပြောဖြစ်သည်။

မြို့ထဲရောက်တော့ လမ်းတွေပိတ်မှာ ကြောက်သည့်အတွက် မြို့ပတ်ရထားစီးရန် ကြံခဲ့ကြောင်း၊ အချိန်အနီးဆုံးရထားထွက်သွားပြီဖြစ်၍ ဘတ်စ်ကားမှတ်တိုင်သို့ ပြန် သွားခဲ့ရကြောင်း၊ စောင့်နေရသည့်အတွက် အားနာကြောင်း တွေ့တွေ့ချင်းတောင်းပန် ရသည်။ မတောင်းပန်လို့လည်းမဖြစ်။ နာရီဝက်အတွင်း ရောက်မည်ဟုပြောပြီး တစ်နာရီကျော်ခန့် စောင့်ခိုင်းလိုက်ရသည် မဟုတ်လား။ မနက်ပိုင်းကတည်းက ရွာချလိုက် စဲသွားလိုက်ဖြစ်နေသော မိုးပဇ္ဇုန်က ကျွန်တော်တို့သုံးယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောနေစဉ် တဝုန်းဝုန်း တဒိုင်းဒိုင်း ရွာချလျက်ရှိသည်။

ခုလိုတဝုန်းဝုန်း တဒိုင်းဒိုင်း မိုးတွေ ချနေသည်ကိုတွေ့ရတော့ ကြောက်စရာတွေကို တွေးမိပြန်သည်။ ဘယ်နယ်ဘယ်ဒေသ တွေမှာ ရေကြီးရေလျှံ ဖြစ်ဦးမလဲ ကြောက်ရသည်။ ကိုယ်မရှိတဲ့အချိန် အိမ်မှာရေတွေဝင်ပြီး မိသားစုအားလုံး စိုးရိမ်သောကတွေနဲ့ ကြောက်လန့်နေကြမှာကို ကြောက်ရသည်။ ရေကြီးသောပြဿနာကြောင့် ရေဘေးသင့်ပြည်သူတွေရဲ့စားဝတ်နေရေး အခက်အခဲကို ကြောက်မိသည်။

တကယ်တော့ ကျွန်တော်တို့ရဲ့ နေ့ စဉ်ဘဝမှာ ကြောက်စရာတွေကအများကြီး ဖြစ်သည်။ ကိုယ်ချစ်ရသူတွေက ကိုယ့်အပေါ် နားလည်မှုလွဲမှာ ကြောက်ရသည်။ ကိုယ်ချစ်ရသောလူတွေအတွက် ကိုယ်ကအရေးမပါမှာကို ကြောက်ရ သည်။ ဘဝကို ဘာမှမဟုတ်လိုက်ပဲ သေဆုံးသွားမှာကြောက်ရသည်။ ကိုယ့်ပတ်ဝန်းကျင်အတွက် ဆန်ကုန်မြေလေး ဖြစ်နေမှာ ကြောက်ရသည်။ စိုးရိမ်စိတ်ကဲသော အတွေးပေါင်းများစွာဖြင့် ညပေါင်းများစွာကို အိပ်လို့မပျော်ဘဲ ဖြတ်သန်းနေရမှာကို ကြောက်မိသည်။

လတ်တလော သတင်းစကားတွေကလည်း ကြောက်နေမိတဲ့ စိတ်ကိုပိုမိုခြောက်လန့်နေ၏။ အချိန်မရွေး အသက်ကိုအနုတ်ခံရမှာ ကြောက်နေရတယ်။ ဆူညံညံသံတွေ။ အဆင်မပြေမှုတွေ။ အစစအရာရာချို့ယွင်းမှု တွေဟာ လူအတော်များများကို မာဆိုးဖြစ်စေခဲ့ပြီလား။ မာဆိုးဟာ အနုပညာကနေခုန် ထွက်လာတဲ့ ဇာတ်ကောင်တစ်ယောက်ဆိုတော့ ကြောက်စရာလို့မမြင်ဘဲ လူသားဆန်သွားတဲ့ အနုပညာတစ်ခု။ ဒါမှမဟုတ် အနုပညာဖြစ်သွားတဲ့ လူသားဆန်မှုလို့ တွေးနေမိသလား။ အဲဒီလိုအတွေးကလည်း ကြောက်စရာ ကောင်းနေပြန်သည်။ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ကလို ရန်ဖြစ်ရဲမှ ရိုက်ရဲမှ မိုက်ရဲမှ သတ်ရဲဖြတ်ရဲမှ သတ္တိရှိတာ ဆိုတဲ့အတွေးတွေ တစ်မြို့လုံးကိုပျံ့နှံ့သွားလည်း ကြောက်ရသည်။

တစ်နေ့က ရထားဘူတာမှာ ရထား စောင့်နေရင်း လူတစ်ယောက်နှင့်တွေ့သည်။ ကောင်းသောတွေ့ခြင်းတော့မဟုတ်။ အသက်အရွယ်က သုံးဆယ်ကျော် လေးဆယ်အရွယ်။ သူ့မျက်လုံးတွေမှာ ရန်လိုနေပုံကဖုံးမရဖိမရ။ သူက သူ့ကိုစိန်ခေါ်တာလားဟု မေးသည်။ ကိုယ်ဘာလုပ်မိလို့  ဒီမေးခွန်းကို မေးသလဲဟု စဉ်းစားလို့မရ။ သူနဲ့ စကားအချေအတင် မပြောတော့တာနဲ့ ဆိုက်ရောက်တဲ့ရထားပေါ်သို့ ခပ်သုတ်သုတ်တက်လိုက်သည်။ သွေးကြွ သူတွေရဲ့ရန်ကိုလည်းကြောက်ရသည်။ လူမှားပြီး ဓားထိုးခံရမှာလည်း ကြောက်ရသည်။ အုပ်စုဖွဲ့ရန်လုပ်ခံရမှာလည်း ကြောက်ရသည်။ နေ့စဉ်သတင်း တွေမှာလည်း ကိုယ့်အိမ်ပေါ်ကိုယ်နေတာတောင် အိမ်ပေါ်တက်ပြီး သတ်ဖြတ်တာတွေ တွေ့နေရသည် မဟုတ် လား။ လတ်တလော အခြေအနေအရ လုံခြုံမှုဆိုသော စကားလုံး ကို အဘိဓာန်ထဲတွင်သာ ရှာဖွေဖတ်ရှုရမည့် အနေအထားဖြစ်နေသည်။ ကျွန်တော်တို့ အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အစစအရာရာလုံခြုံ သည်ဟု မခံစားရပါ။

ကျွန်တော် ဒူဘိုင်းတွင် နေစဉ်ကဖြစ် သည်။ တစ်နေ့တွင် အလုပ်ဖော်ပါတနာများ စုဖွဲ့ကာသောက်ကြစားကြသည်။ များများစားစားတော့မဟုတ်။ လူခုနစ်ယောက် တစ်လုံးသာဖြစ်၏။ ကျွန်တော်တို့သောက်လို့ တစ်ဝက်ပင်မကျိုးခင် ရဲအရာရှိ ရောက်လာ သည်။ သောက်နေသော ပုလင်းကိုသိမ်းပြီး နောက်တစ်ခါဆိုပါက အဖမ်းခံရမည်ဟု ပြော ပြီး ID နံပါတ်တွေတောင်းသည်။ နောက်တစ် နေ့မှ ကျွန်တော်တို့အလုပ်လုပ်သောဟိုတယ်ကို ဒဏ်ငွေတပ်သည်ဟု သိရသည်။ လကုန်မှ ကျွန်တော်တို့လစာထဲကဖြတ်သည်။ ဒူဘိုင်းသည် နိုင်ငံသား မဟုတ်သော နိုင်ငံပေါင်းစုံမှ လူများဖြင့် ပြည့်နေသော အာရပ်ကမ္ဘာ၏ အိုအေစစ်မြို့တော်တစ်ခုဖြစ်သည်။ ထိုနေရာမျိုးတွင် အုပ်စုလိုက်ရန်ပွဲ၊ လမ်းဘေးရန်ပွဲမှအစ လူသတ်မှု၊ မုဒိမ်းမှုစသောရာဇဝတ်မှုများကို ကြားရဖို့ခဲရင်းသည်။

ကျွန်တော့်အမြင်အရတော့ ဒူဘိုင်းအစိုးရ၏ အုပ်ချုပ်ရေး ဥပဒေကောင်းသောကြောင့် မြင်သည်။ အစိုးရ ဝန်ထမ်းဖြစ်သော ရဲများနှင့် မြို့ပြအုပ်ချုပ်ရေး အရာထမ်းများ၏ ဥပဒေလေးစားမှုနှင့် တာဝန်ကျေပွန်မှုကြောင့် ဟု မြင်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော်ကြုံခဲ့ဖူးသော ဒူဘိုင်း ရဲဌာနနှင့် ပတ်သက်သည့် အဖြစ်အပျက်တစ်ခုကို မိတ်ဆွေများအား ပြောပြဖြစ်သည်။ ကျွန်တော့် contract ပြီးတော့ စာချုပ်သစ်မချုပ်ဘဲ ပြန်မည်ဟုဆုံးဖြတ်သည်။ကျွန်တော် ရစရာရှိသည့် benefit money , OT နှင့် လေယာဉ် လက်မှတ်တို့ကိုတောင်းသည်။ တစ်လလည်း မပေး။ နှစ်လလည်းမပေး။ ဗီဇာသက်တမ်း ကုန်ရန် တစ်ပတ်ခန့်လိုသည်အထိ မပေးသေး။ ဘာလုပ်ရမလဲ စဉ်းစားရသည်။ စာချုပ်သစ်ထပ်ချုပ်ပြီး ဗီဇာတိုးမလား။ ဒါမှမဟုတ် ရစရာရှိသော ပိုက်ဆံတွေထားခဲ့ပြီး အိမ်ပြန် မလား။ ကြံရာမရသည့်အဆုံး  Dubai Police ကို ဖုန်းခေါ်လိုက်သည်။ ရဲကအကျိုးအကြောင်းမေးသည်။ ဒူဘိုင်း Law အတိုင်း အားလုံးဖြစ်စေရမည်ဟု အာမခံသည်။

ထိုနေ့ ညနေပိုင်းတွင် ရဲကဖုန်းပြန်ခေါ်သည်။ နောက်နှစ်ရက်နေရင် အားလုံး အဆင်ပြေစေရမည်ဟု ကတိပေးသည်။ နောက်တစ်နေ့မှာ ကျွန်တော့်ထံသို့ လေယာဉ်လက်မှတ်ရော ပိုက်ဆံပါ ရောက်လာသည်။ နှစ်ရက်မြောက်နေ့တွင် ရဲစခန်းက ဖုန်းခေါ်သည်။ လက်မှတ်ရပြီလား မေးသည်။ လူကိုယ်တိုင် ရဲစခန်း မရောက် ရဲတွေနဲ့ မတွေ့လိုက်ဘဲ အဆင်ပြေသွားသည်။

မနေ့ကလည်း ရန်ကုန်မြို့ထဲမှာ မိတ်ဆွေ တစ်ယောက်နဲ့တွေ့ဆုံ၊ အာလာပ သလ္လပ ပြော။ အလုပ်ကိစ္စပြော။ လမ်းခွဲချိန် ရောက်တော့ လမ်းကြုံရင် သင်္ဃန်းကျွန်းဘက် ဝင်ခဲ့ပါဦးဟု ကျွန်တော်က ဖိတ်မန္တကပြုရာ မိတ် ဆွေက  “သင်္ဃန်းကျွန်းဘက်က ဓာတ်ကြိုးတွေတော့ စိတ်ချရတယ်မလား” ဟု မေးသည်။  အစစအရာ ကြောက်နေရသည့်ကြား က ပြုံးမိသေးသည်။ ထိုအခြင်းအရာအား ကြည့်ခြင်းဖြင့် ကျွန်တော်သည် အကြောက် တရားတွင် အသားကျနေသူများလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေမိတော့သည်။

Most Read

Most Recent